ခိုင်ကမ်းမြို့က စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်

RFA Burmese
2024.03.19
ခိုင်ကမ်းမြို့က စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ် တောတောင်တွေထဲတွင် ခိုလှုံနေထိုင်နေကြရသည့် ခိုင်ကမ်းမြို့မှ စစ်ဘေးဒုက္ခသည် မိသားစုတစ်စုအား ၂ဝ၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
Photo: RFA

"စစ်ရှောင်တာ သုံးပတ်လောက်ရှိပြီ၊ တချို့ကတော့ တောင်ပေါ်ဘက်မှာ ဆွေမျိုးတွေဆီမှာ ပြေးကြတယ်။ တချို့က တောထဲမှာ တောင်ယာတဲတွေထဲမှာ ခိုလှုံတယ်။ တချို့ကတော့ ချောင်းဘေးနားမှာ သစ်ပင်အောက်မှာ နေတာလဲရှိတယ်။ တချို့က မိုးကာတဲထိုးပြီးတော့ နေတဲ့သူတွေလဲ ရှိတယ်။ စစ်ရှောင်အနေနဲ့ တောထဲမှာနေတဲ့ မိသားစုက ၂၇၁ စု ရှိပြီးတော့ အမျိုးသမီး ၆၈၄၊ ယောက်ျားက ၅၈၈၊ အခုလက်ရှိမှာ ခိုင်ကမ်းမြို့ကနေ စစ်ရှောင်နေရတယ် "

ခိုင်ကမ်းမြို့ကနေ ထွက်ပြေးတိမ်းရှောင်ပြီး တောတောင်တွေထဲမှာ ဖြစ်သလို ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဆရာနန့်တောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်အစပ် ခိုင်ကမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒီလူတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတာပါ၊

"အခက်အခဲကျတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ အဖေက ဆီးရောဂါဖြစ်‌တယ်လေ၊ လူကြီးဆိုတော့ ဝမ်းချုပ်တယ်။ ဝမ်းပျော့ဆေးတို့ ဘာတို့ လိုအပ်တယ်။ အဲ့ဒီလို လိုအပ်တဲ့အခါကျတော့ အခြေနေကောင်းတဲ့အခါကျရင်တော့ အောက်ဖက်မှာ ဆင်းပြီး ဝယ်ရတယ်။ တချို့ကျ‌လည်း စစ်ကြောင်းတွေ ဝင်တဲ့အခါကျတော့ မပြန်ရဲကြတော့တာ" လို့ ခိုင်ကမ်းအမှတ် (၁)ရပ်ကွက်က မခင်စန်းဝင်းက ပြောပါတယ်။

ပြေးလွှားတိမ်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မခရစ္စတီးနားက အိမ်ပြန်ရဖို့ မျှော်လင့်နေပါတယ်။

"မြေကြီးပေါ်မှာပဲ အိပ်ရတာပေါ့၊ ဘာမှလဲ မပါအားဘူး။ လေက အရမ်းတိုက်တယ်ဆိုတော့ ညအိပ်တာ အဆင်မပြေဘူး။ ဒီလိုပဲ နေရတယ်။ ဟင်းတွေကလည်း တောထဲမှာ ညောင်ချဉ်ဖူးလေးတွေ ခူးပြီးတော့ ဒီလိုနဲ့ပဲ စားသောက်နေရတာ။ ဒီလိုနဲ့ပဲ အိမ်ပြန်နိုင်ဖို့ တအား‌မျှော်တာ တအားပြန်ချင်တာ"

စစ်ကောင်စီတပ်ဟာ စစ်ကားလေးစီးနဲ့ ခိုင်ကမ်းမြို့ကို မတ် ၉ ရက်က စစ်ကြောင်းထိုးချိန်မှာ အိမ်တွေကို ပစ်ခတ်ရုံမက ပစ္စည်းတွေလည်း ကားပေါ်တင်ပြီး ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အစ်ကိုတို့ကတော့ ဒါ တောမှာရှိတဲ့ ပစ္စည်းပစ္စယလေးတွေကို ခုတ်ထွင်ရှင်းလင်းပြီး ဒါအမိုးအခင်း၊ အခင်းကာတော့ အိမ်က ယူခဲ့တာလေးနဲ့ပေါ့။ ဒါဒီနားမှာရှိတဲ့ တောင်ယာတောထဲက ကောက်ရိုးလေးတွေကို အောက်ကခင်းပြီး မိုးကာလေးခင်းပြီးတော့ မြင်တဲ့အတိုင်းပဲ နေဖြစ်အောင်တော့ နေရတော့တာပေါ့ကွယ်"

ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ရက်နေ့က စတင်တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်း‌အောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

တောတောင်တွေထဲတွင် ခိုလှုံနေထိုင်နေကြရသည့် ခိုင်ကမ်းမြို့မှ စစ်ဘေးဒုက္ခသည် သားအမိနှစ်ဦး။ (Photo: RFA)
တောတောင်တွေထဲတွင် ခိုလှုံနေထိုင်နေကြရသည့် ခိုင်ကမ်းမြို့မှ စစ်ဘေးဒုက္ခသည် သားအမိနှစ်ဦး။ (Photo: RFA)

ဖေဖော်ဝါရီ ၂၆ရက်နေ့မှာတော့ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ခိုင်ကမ်းရဲစခန်းကို ဝင်ရောက်တိုက်ခဲ့ပါတယ်။ အဲဒီရဲစခန်းနဲ့ သိပ်မဝေးတဲ့ ကလေးတက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ ၁၃ဝကျော်ကို ကယ်ထုတ်ထိန်းသိမ်းထားပါတယ်။

ကလေးခရိုင် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ကလည်း ကလေးမြို့တွင်းနဲ့ မြို့အနီးတစ်ဝိုက်ကို စစ်ရေးအရှိန်တိုးမြှင့်မှာဖြစ်တဲ့အတွက် မြို့ခံပြည်သူတွေ ဘေးလွတ်ရာကို အမြန်ဆုံး တိမ်းရှောင်ကြဖို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

တိုက်ပွဲတွေကြောင့် ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကျေးရွာတွေအပြင် ကလေးမြို့ပေါ်က ကြို့သုံးပင်၊ စက်မှုဇုန်၊ လှိုင်သာယာ၊ မွန်းလိုင်၊ ကိုးမိုင် စတဲ့ရပ်ကွက်တွေက လူငါးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။