မြန်မာ့ပြည်တွင်းစစ်နဲ့ တရုတ်လက်နက်


2019.09.20

ပြင်ဦးလွင်မြို့က တပ်မတော် နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ သြဂုတ်လ ၁၅ ရက်နေ့က ပစ်ခတ်လိုက်တဲ့ ၁ဝ၇ မီလီမီတာ ရှော့တိုက်ဒုံးလက်နက်တွေရဲ့ အရင်းအမြစ်ဟာ တရုတ်နိုင်ငံက ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီကို ဒီလက်နက်တွေ ဘယ်လိုနည်းလမ်းနဲ့ ရောက်လာပါသလဲ…။ လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

■ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးလက်နက်တွေကို ထုတ်လုပ်ခဲ့တဲ့ သက်တမ်းဟာ အနည်းဆုံး နှစ် (၅၀) ကျော် ကြာမြင့်ပြီဖြစ်ပြီး တရုတ်နိုင်ငံက စတင်ထုတ်လုပ်ခဲ့တာလို့ လေ့လာသူတွေက ပြောကြပါတယ်။

၁၉၆၁ ခုနှစ်မှာ တရုတ်နိုင်ငံက ဒီဇိုင်းဆွဲပြီး ၁၉၆၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာပါ။ အရင်က အတွဲလိုက်ပစ်တဲ့ စနစ်နဲ့ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တစ်လုံးချင်းစီအလိုက် ရှော့တိုက်ပစ်နိုင်အောင် ပြုပြင် ပြောင်းလဲလာနိုင်ခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဒီလက်နက်တွေရဲ့အရင်းမြစ်နဲ့ မြန်မာပြည်တွင်း ဝင်ရောက် လာတဲ့ အခြေအနေအပေါ် အခုလို ခန့်မှန်းပါတယ်။

"ရင်းမြစ်ကတော့ တရုတ်လို့ဆိုကြတယ်ဗျ။ ဒါပေမဲ့ တရုတ်ကလုပ်တဲ့ လက်နက်စက်ရုံတွေက လာအိုမှာလည်း ရှိတာကိုး။ လက်နက်စက်ရုံတော်တော်များများ တရုတ်က လာတည်ထားတယ်။ လာတည်ထားပြီး ရောင်း ချနေတယ်။ ရောင်းချတာတော့ လာအိုအစိုးရရဲ့ အပိုင်းဖြစ်သွားတာပေါ့"

တရုတ်လက်နက်တွေဟာ မြန်မာပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကို မှောင်ခို ဈေးကွက်ကနေ ရောက်လာတာလို့ ပြောကြသူတွေရှိသလို တချို့ကလည်း သွယ်ဝိုက်တဲ့နည်းနဲ့ တရုတ်နိုင်ငံဘက်က မြောက်ပိုင်းအဖွဲ့တွေထံကို လက်နက်ခဲယမ်းထောက်ပံ့နေသလားဆိုတဲ့ အမြင်တွေရှိနေပါတယ်။

မြန်မာအရေးကျွမ်းကျင်သူ ဘာတေးလစ်တနာက

"ဒီလက်နက်တွေကိုပဲ ကြည့်လိုက်ပါ။ စက်သေနတ်အကြီးစားတွေ၊ ခေတ်မှီ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ အဲလိုဟာမျိုးတွေက မှောင်ခိုဈေးကွက်ကနေ ဝယ်တာဆိုတာမျိုး လုံးဝမဖြစ်နိုင်ပါဘူး။ ဒီ ဒရုန်းမှာတပ်ထားတဲ့ ရော့ကတ်ကို ကြည့်လိုက်ပါ။ အဲဒါမျိုးတွေက မြန်မာ့တပ်မတော်မှာတောင် မြင်ရခဲတဲ့ဟာမျိုးပါ"

"ဒီမြောက်ပိုင်းအုပ်စုတွေက တရုတ်ဆီကနေ တိုက်ရိုက်လက်နက်ရတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့သုံးတဲ့ လက်နက်အများစုက ၀ လက်နက်ကိုင်အုပ်စုဆီကနေ ထောက်ပံ့ထားတယ်လို့ပဲ ကျနော်နားလည်ပါတယ်။ ပြီးတော့ ဟုတ်တာပေါ့.. ၀ တွေလည်း တရုတ်ဆီကနေ လက်နက်ရတာပေါ့။ ဆိုတော့ ဟုတ်ပါတယ်… သွယ်ဝိုက်ပြီးတော့ ရတဲ့လက်နက်တွေလို့ ဆိုလို့ရတာပေါ့။ အဲတော့ တရုတ်လက်နက်တွေက ရှမ်းမြောက်တိုက်ပွဲနေတယ်ဆိုတာ ဟုတ်တာပေါ့"

ဒုံးလိုလက်နက်ကြီးတွေအပြင် လက်နက်ငယ်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တွေဟာ တရုတ်၊ ထိုင်း၊ မြန်မာနဲ့ လာအိုနယ်စပ်တွေမှာ ဝယ်ယူတပ်ဆင်တာတွေရှိနေတယ်လို့ လေ့လာ  သူတွေက ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ကိုးကန့်၊ ဝနဲ့ ကေအိုင်အေ အဖွဲ့တွေမှာ လက်နက်စက်ရုံ တွေ ရှိတယ်လို့လည်း ယူဆနေကြပါတယ်။

စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်တဲ့ သနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က နိုင်ဆွေဦးပြောတာက

"ကျနော်တို့နိုင်ငံရဲ့ နယ်စပ်တစ်လျှောက်မှာ နယ်စပ်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် ဒီလက်နက်မှောင် ခိုဈေး ကွက်က သိပ်ပြီးမှ ကြီးမားတာဖြစ်ပါတယ်။ KIA နဲ့ ဝမှာလည်း လက်နက်ငယ်ထုတ်တဲ့ စက်ရုံတွေ ရှိတယ်လို့ ကျနော်တို့ သိထားပါတယ်။ သူတို့လက်နက်တွေကို တခြားလက်နက်ကိုင်အဖွဲ့ အသေးလေးတွေကပါ ဝယ်ယူပြီး သုံးတဲ့အနေအထားရှိတယ်လို့ သိရပါတယ်"

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက တရုတ်တပ်မတော်အနေနဲ့ လက်နက်တွေ အဆင့်မြှင့်တဲ့အခါ အရင်ရှိပြီးသား လက်နက်တွေကို ထုတ်ရောင်းတာတွေရှိကြောင်းနဲ့ အဲဒီလိုထုတ်ရောင်းလိုက်တဲ့ လက်နက်တွေဟာ မြန်မာပြည်တွင်း ဝင်ရောက်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"တရုတ်တပ်တွေက သူ့လက်နက်တွေကို တစ်ဆင့်မြင့်အောင်လုပ်တဲ့အခါမှာ သူ့လက်နက်တွေကို ထုတ်ရောင်း တာတွေ၊ ဒါမှမဟုတ် မှောင်ခိုဈေးကွက်ကို ရောက်တာတွေ အများကြီး၊ လက်နက်မှောင်ခိုဈေးကွက်ကြီးကလည်း အခိုင်အမာရှိနေတာ အမှန်ပဲ။ လာအိုနယ်စပ်ပဲဖြစ်ဖြစ်၊ ကမ္ဘောဒီးယားနယ်စပ်ပဲ ဖြစ်ဖြစ် ထိုင်းနယ်စပ်ပဲဖြစ်ဖြစ်။ ဒါတွေကလည်း တရုတ်တပ်က တချို့တပ်ရင်းတွေကို သူဖြုတ်လိုက်တာကို အဲဒီလူတွေက မှောင်ခိုဘက် ရောက် သွားတာတွေလည်း အများအပြား ရှိနိုင်တယ်ထင်တယ်။ အဲ့ဒီကနေ မှောင်ခိုဈေးကွက်ကနေ ဝင်တာ ဖြစ်လိမ့်မယ်။ တရုတ်ကတော့ တရားဝင်ပေးတာတို့ ဘာတို့ မဖြစ်နိုင်ဘူးထင်တယ်"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီကတော့ သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းအဖွဲ့တွေ ပြင်ဦးလွင်နည်းပညာတက္ကသိုလ်ကို ပစ်သွားတဲ့ ၁၀၇ မီလီမီတာ လျော့တိုက်ဒုံးရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အနည်းဆုံး ဒေါ်လာ ၁၆၀ ကနေ ၁၆၀၀ အထိ ရှိကြောင်းနဲ့ မှောင်ခိုဈေးကွက် မှာ မြန်မာငွေ ၂၄ သိန်းကျော် ရှိတယ်လို့ သြဂုတ်လ ၂၃ ရက်နေ့က တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တပ်မတော်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငွေကြေးအမြောက်အမြား ကုန်ကျတဲ့ ဒီလို လက်နက်တွေကို သစ်ထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကနေရတာ ဖြစ်နိုင်တယ်လို့ တွက်ဆ နေပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ပြုသူ ခိုင်သုခက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေဟာ ပြည်သူ့စစ်တွေနဲ့ တပ်မတော်အရာရှိတချို့ ပါဝင်ဆောင်ရွက်နေတာတွေကြောင့် ဖမ်းဆီးမိတဲ့အခါ ပိုင်ရှင်မဲ့ ဆိုပြီး ဖြစ်နေတာလို့ ပြန်လည်ခုခံပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က လက်နက်ငယ်တွေကို တိုင်းရင်းသား လက်နက်အဖွဲ့တွေအနေနဲ့ မိုင်းလားနဲ့ ဝဒေသတွေမှာ ထုတ်လုပ်ဖို့ကြိုးစားနေတာတွေရှိတယ်လို့ ပြောပါတယ်။

"၎င်းတို့မှာ လက်နက်ကို ကိုယ်တိုင်ထုတ်လုပ်ဖို့ ကြိုးစားနေတာရှိကြောင်း၊ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မေလမှာ မိုင်းလားတွင် ယမ်းပေါက်ကွဲမှု၊ ခဲယမ်းများပေါက်ကွဲမှုဖြစ်ပွားသည်ကို အားလုံး သတင်းကြားလိုက်လိမ့် မည်ဖြစ်ကြောင်း၊ ဒီနှစ် ၂၀၁၉ ခုနှစ်၊ မတ်လထဲမှာ UWSA “ဝ” အဖွဲ့ မိုင်းမောမြို့ထဲမှာ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပေါက်ကွဲမှုဖြစ်တာ တစ်မြို့လုံးလောက်နီးနီး ပျက်စီးပြီး လူတွေလည်း သေကြေမှုများခဲ့ကြောင်း၊ သတင်းတွေအရ  ကျွန်တော်တို့ သိရှိကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်၊ မေလမှာ မိုင်းမောရဲ့ အရှေ့ဘက်မှာရှိတဲ့ ခွေးမား ဒေသမှာ အလားတူ ပေါက်ကွဲမှုဖြစ်ကြောင်း၊ ဒီနယ်မြေတွေမှာ ပေါက်ကွဲ စေနိုင်သည့် ပစ္စည်းများ၊ ဖောက်ခွဲမှုနှင့် ဆက်စပ်နေတဲ့ ပစ္စည်းများရှိတယ်ဆိုတာ ဘယ်လိုမှငြင်းပယ် လို့မရတဲ့ အနေအထားမျိုးဖြစ်ကြောင်း"

တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်ရရာလမ်းကြောင်းကို သိလိုနေတာဖြစ်ပြီး သူတို့အနေနဲ့ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိဘူးလို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဆိုပါတယ်။

"ဒီကိစ္စက လုံခြုံရေးကိစ္စတွေဖြစ်တယ်။ အထူးသဖြင့် ဗမာစစ်တပ်ကနေပြီးတော့ အကြီးအကျယ် သိချင်နေတဲ့ ကိစ္စဖြစ်တာပေါ့ဗျာ။ သူတို့သိချင်နေတဲ့ကိစ္စကို တခြားသူတွေကနေတစ်ဆင့် မေးခိုင်းတဲ့ ကိစ္စတွေလည်း အများကြီးရှိတယ်။ တိုက်ပွဲတွေမှာ သုံးတဲ့လက်နက်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လောလောဆယ်မှာတော့ မှတ်ချက်ပြု ပြောကြားစရာတော့ မရှိဘူး။ စစ်ပွဲတွေ ပြီးသွားပြီးနောက်ပိုင်း အဲဒီအချိန်မှာ ဘယ်လိုလှုပ်ရှားခဲ့တယ်ဆိုတာ စာအုပ်စာပေတွေ ထွက်လာတဲ့အခါ လူတွေလည်း ကောင်းကောင်း ဖတ်ရမှာပေါ့"

ပြင်ဦးလွင်နည်းပညာတက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်ဖို့ စီစဉ်ထားတဲ့ ဒုံးအရေအတွက်ဟာ အလုံး ၃၀ ရှိပြီး ၆ လုံးက မထွက်ဘဲ ကျန်ခဲ့တာလို့ တပ်မတော်က ပြောထားပါတယ်။

တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်မျိုးကတော့ ဒီလက်နက်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိတာဖြစ်နိုင်တယ်လို့ တွက်ဆပါတယ်။

"ပြောရမယ်ဆိုရင် ဒါတွေက အဟောင်းတွေ ပြောရလို့ရှိရင် ဖျတ်ဆီးရမယ့်ဟာတွေ အဲဒါတွေကို မဖျက်ဆီးဘဲနဲ့ ဈေးပေါပေါနဲ့ ဒီဘက်ကို မှောင်ခိုရောက်လာတာ။ ဒါကြောင့်မို့လို့ တရုတ်အစိုးရကို သိပ်ပြီးတော့ အပြစ်မတင် စေချင်ဘူး နှစ်နိုင်ငံ ချစ်ကြည်ရေးအရလေ။ ဒါတွေက ဈေးကွက်စီးပွားရေးစနစ်ဖြစ်နေတယ်။ မကောင်းခဲယမ်းလို့ ခေါ်တယ်။ ဒါကြောင့်မို့ ၁၁ လုံးကျန်တာပေါ့။ တရုတ်တပ်မတော်ကလည်း ခေတ်မီတပ်မတော်ကြီးဖြစ်လာပြီ။ သူ့မှာ မကောင်းခဲယမ်းတွေအများကြီး။ ကမ္ဘာပေါ်မှာ စစ်သည်အင်အားကလည်း အများဆုံး။ အဲတော့ ခြေလျင်တပ်ရင်းပေါင်းကလည်း မြောက်မြားစွာလေ။ အခု ၁၀၇ က ဘယ်လို ထွက်လာလဲဆိုတော့ ခြေလျင်တပ်ရင်းတပ်ဖွဲ့တွေမှာ ဒီ ၁၀၇ တွေက အရမ်းပေါတယ်။ ဒါတွေက ဒီလက်နက်တိုက်တွေက အခုခေတ် ကြတော့ စီးပွားရေးဖွံ့ဖြိုးလာတယ်။ အရင်းရှင်ဖြစ်လာတယ်ဆိုတော့ ကိုယ့်နိုင်ငံသုံးတာမှ မဟုတ်တာ။ သူများနိုင်ငံပို့တာဆိုပြီး ရောင်းမှာပဲ။ လက်နက်တွေလည်း အာသံတို့ မဏိပူရတို့လည်း သွားနေတာပဲ။ ဝကလည်း ပုံစံတူထုတ်တယ်လို့ ကြားတယ်။ ဒီလိုနည်းမျိုးနဲ့ ရောက်လာတာ။ တရုတ်အစိုးရက ပုံစံတူထုတ်တယ်လို့တော့ မကြားပါဘူး"

တပ်မတော် တာဝန်ရှိသူတွေကတော့ တရုတ်နိုင်ငံထုတ် ဒီလက်နက်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နည်းလမ်းအမျိုးမျိုးကနေ ရတာဖြစ်နိုင်ကြောင်း၊ တရုတ်အစိုးရ၊ တရုတ်တပ်မတော်နဲ့ မြန်မာ အစိုးရ၊ မြန်မာ့တပ်မတော်ဟာ အချင်းချင်း  ချစ်ကြည်ရင်းနှီးမှုရှိပြီး မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေသာ ဖြစ် ကြောင်း ပြောပါတယ်ရှင်။

( RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည် )

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။