အစိုးရတပ်တွေရဲ့ ထိုးစစ် ကချင်မှာဒီကနေ့ကစပြီး ရပ်ဆိုင်း

ကချင်ပြည်နယ်မှာ စစ်ရေးအရ တိုက်ခိုက်နေတာတွေ ကို မြန်မာ့တပ်မတော်က ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း အစိုးရ ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

2013.01.18
army_post_305_z.jpg ရှေ့တန်း စစ်စခန်းတစ်ခုတွင် အစိုးရတပ်ဖွဲ့က စစ်သားများ ကို တွေ့ရစဉ်
Photo: AFP

ကချင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခတွေ ရပ်ဆိုင်းဖို့ဆောင်ရွက်ရေး ဆုံးဖြတ်ချက်တွေကို ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်က မနေ့က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြပါတယ်။

အဲသလို အတည်ပြုပြီး နာရီပိုင်းအကြာမှာ  သမ္မတ ဦးသိန်းစိန်က စစ်တပ်ကို အပစ်ရပ်ဖို့ အမိန့်ပေးခဲ့ကြောင်း ရိုက်တာ သတင်း က ဖေါ်ပြပါတယ်။

အပစ်ရပ်အမိန့်ဟာ ဒီကနေ့ စနေနေ့မနက် (၆) နာရီမှာစတင်အသက်ဝင်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ဒီအမိန့်ဟာ ကချင်ပြည်နယ် လဂျားယန်ဒေသ က မြန်မာ့တပ်မတော် အတွက်သာဖြစ်ကြောင်း အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

KIA ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး James Lum Dau ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာ အတုအယောင်သာဖြစ်ကြောင်း၊ အခုထိ အစိုးရတပ်ဘက်ကပဲ စပြီးပစ်ခဲ့တာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လို့ ပါးစပ်ကထွက်နေပေမဲ့ နိုင်ငံတကာအတွက် အပြသက်သက်သာဖြစ်ကြောင်း ရိုက်တာ သတင်းကို တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

မနေ့ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ကချင်ပြည်နယ်လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မတော်၊ KIO/KIA တို့အတူပူပေါင်းဆောင်ရွက်ကြရေး အဆိုတင်သွင်းခဲ့ပြီး၊ အမျိုးသားလွှတ်တော်မှာလည်း လွှတ်တော်အမတ် ဦးခက်ထိန်နန် က နှစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်း ယုံကြည်အားကိုးတဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပေးရေး အဖွဲ့တစ်ရပ်ဖွဲ့စည်းအဆို တင်သွင်းခဲ့ရာမှာ လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုခဲ့ပါတယ်။

အလားတူ တရုတ်အစိုးရကလည်း နယ်စပ်ဖြစ်နေတဲ့ ကချင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်ပြီး နှစ်ဘက် ဆွေးနွေးညှိနှိုင်းကြဖို့ တိုက်တွန်းခဲ့ပြီး၊ တရုတ်ပိုင်နက်အတွင်း လက်နက်ကြီး ကျည်ဆန် တွေ တစ်ကြိမ်မက ကျရောက်နေတဲ့ကိစ္စကိုလည်း သတိပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။