ဇရပ်ကြီးတိုက်ပွဲ အရပ်သား ငါးဆယ်ခန့် သေဆုံးပြီး တစ်သောင်းကျော် ထွက်ပြေးနေရ
2024.02.09

ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ဖေဖော်ဝါရီ ၈ ရက်ညအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ငါးဆယ်ခန့် သေဆုံးကာ၊ တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၇၃ ခြေလျင်တပ်ရင်းကို KNLA၊ PDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနေ့က စာရင်းက လူ ခုနစ်ထောင်ကျော်။ မနေ့တုန်းက ညီမတို့ လေးသုတ်ခွဲ ပို့ရတယ်ရှင့်"
တိုက်ပွဲစဖြစ်တဲ့နေ့က မနက်စောစော ၄ နာရီလောက်မှာ သေနတ်သံတချို့ကြားရပြီး အဲဒီနောက်မှာတော့ လက်နက်ကြီး ပစ်ခတ်သံ၊ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်သံတွေကိုပါ ဆက်တိုက်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၉ ရက် ဒီနေ့မှာ တိုက်ပွဲအနည်းငယ် ငြိမ်သက်နေပေမယ့် နှစ်ဖက်တပ်တွေရဲ့ ပိတ်ဆို့မှုကြောင့် ပိတ်မိနေသူတွေရှိနေပြီး အရေအတွက် အတိအကျကို မသိရသေးပါဘူး။ ပိတ်မိနေသူတွေကို တတ်နိုင်သလောက် ကြိုးစားကယ်ထုတ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ် ခလရ ၇၃ နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အင်ကြင်းသာရွာ တစ်ရွာတည်းကတင် လူ ၂၀ ခန့် သေဆုံးခဲ့တယ်လို့ ဇရပ်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"စစဦးတုန်း သူတို့ ပစ်ထည့်လိုက်တာ ရွာထဲကိုတစ်လုံးကျတာက ကောင်မလေးတစ်ယောက် ပွဲချင်းပြီးပဲ။ အဲဒီကနေ ဆက်တိုက်ဆက်တိုက်ပစ်တာ ရွာတွေလည်း ကြေသွားပြီထင်တယ်။ အဲဒီကျတဲ့ အင်ကြင်းသာ ရွာဆိုလည်း တော်တော်လေးကြေသွားပြီ၊ တော်တော်လေးကို သေကြတယ်။ အိမ်ပေါ်တည့်တည့်ကျတာနဲ့ လက်နက်ကြီးကျည် လွင့်စင်ပြီး သေကြတာနဲ့ဆိုရင် အယောက် နှစ်ဆယ်လောက် ရှိမယ်ထင်တယ်။ ကျွန်မတို့ ဇရပ်ကြီးဘက် မပါသေးဘူး။ အင်ကြင်းသာရွာပဲ ရှိသေးတယ်။ အိမ်တွေလည်း အင်ကြင်းသာရွာရော ကျွန်မတို့ ဇရပ်ကြီးရော တော်တော်လေးကို ကုန်သွားပြီ"
ဇရပ်ကြီးမြို့ပေါ်မှာလည်း သေဆုံးသူတွေရှိနေပြီး တိုက်ပွဲကြောင့် အလောင်းကောက်ယူနိုင်တာမျိုး မရှိသေးဘဲ ဇရပ်ကြီးနဲ့ အင်ကြင်းသာရွာက သေဆုံးသူ စုစုပေါင်း ငါးဆယ်ခန့် ရှိနိုင်တယ်လို့ သူက ပြောပါတယ်။ သူတို့ မိသားစုလည်း တောင်ငူမြို့ကို အရေးပေါ် ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း ပိတ်မိနေသူတွေ ဒီနေ့အထိ ရှိနေပြီး တောင်ငူကို ထွက်ပြေးလာသူတိုင်း ကိုယ့်မိသားစုဝင်တွေကိုသာ ကယ်ထုတ်ဖို့ ကြိုးစားနေရတယ်လို့ ဇရပ်ကြီးကနေ တောင်ငူမြို့ကို ထွက်ပြေးလာတဲ့ မိန်းကလေးတစ်ဦးက ပြောပါတယ်။
"အဲဒါတွေက မသိဘူး။ ကိုယ့်အမျိုးတွေကို ကိုယ်နဲ့သိတဲ့ ရင်းနှီးသူတွေ တစ်အုပ်ကြီးပဲ။ အခုမှ ရောက်တာ မကုန်သေးဘူး။ ပြေးရတာမှ သေတဲ့သူက အတုန်းအရုံး။ ဒီမှာ သမီးတို့က ကျန်သေးတယ်နော်၊ အမျိုးတွေက ကျန်သေးတယ်။ အကုန်လုံး မရောက်သေးဘူး။ အဆက်အသွယ် မရဘူး။ မရတဲ့သူတွေ မရဘူး။ ရတဲ့သူတွေ ရတာရှင့်"
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဖေဖော်ဝါရီ ၈ ရက်နေ့က မေးမြန်းရာမှာ အရပ်သားတွေ ပိတ်မိနေတယ်ဆိုရင် အဲဒီကိစ္စဟာ KNU နဲ့ PDF တွေက လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာလို့ စွပ်စွဲပါတယ်။
"အရပ်သားတွေ ပိတ်မိတယ်ဆိုတာကတော့ KNU နဲ့ PDF က လူသားဒိုင်း လုပ်တာပါ။ လုံခြုံရေးတပ်ဖွဲ့တွေ ထပ်ချက်မကွာ လိုက်လံရှင်းလင်းတဲ့အခါမှာ၊ ထွက်ပြေးတဲ့အချိန်မှာ ရွာကအိမ်တွေကို မီးရှို့သွားတယ်ဗျ။ အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိပါဘူး။ အပြစ်မဲ့ပြည်သူတွေကို PDF ၊ KNU အဖွဲ့တွေက ဒလန်ဆိုပြီးတော့ အကြောင်းမဲ့ တိုက်ခိုက်ရှင်းလင်းတာက ထုံစံအတိုင်းပေါ့ဗျာ"
တိုက်ပွဲကြောင့် ဇရပ်ကြီးမြို့ ဒေသခံတွေ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာ သွားရောက်တိမ်းရှောင်နေရတာမျိုးတော့ ရှိတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီအဖွဲ့ ပဲခူးတိုင်း ပြောခွင့်ရသူရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ပဲခူးတိုင်းအရှေ့ခြမ်း တိုက်ပွဲတွေကို KNU/ KNLA နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းတိုင်း အမှတ် (၂) ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
တောင်ငူမြို့က ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးကတော့ ဇရပ်ကြီးမြို့နဲ့ အနီးတစ်ဝိုက်ရွာတွေကနေ နှစ်ရက်အတွင်း တောင်ငူမြို့ကို စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ထွက်ပြေးလာတယ်လို့ ပြောပါတယ်။
"မနေ့က စာရင်းက လူ ခုနစ်ထောင်ကျော်။ မနေ့တုန်းက ညီမတို့ လေးသုတ်ခွဲ ပို့ရတယ်ရှင့်။ အကုန်လုံး ကားတွေကတော့ အများကြီးပေါ့၊ ကယ်ဆယ်ရေး ကားတွေက။ ဒီနေ့ ဘာအသံမှ မကြားဘူး။ ပုန်းနေတဲ့နေရာက လူတွေက အများကြီးပဲ။ ဒီနေ့မှာ အရင်နေ့ထက်တောင် လူများသေးတယ်။ အကုန်လုံး ထွက်ကြတာ။ ကယ်ဆယ်ရေးကားတွေလည်း ဒီနေ့ ပိုများတယ်။ တိုက်ပွဲဖြစ်တယ်လို့ ဒီနေ့ မကြားသေးဘူး"
ရုတ်တရက် လူတစ်သောင်းကျော်လောက် ထွက်ပြေးလာတာကြောင့် နေ့စဉ် စားဝတ်နေရေး၊ အိုးခွက်ပန်းကန်နဲ့ နေရာထိုင်ခင်းကအစ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၆ သန်းကျော်အထိ ရှိနေပါပြီ။