ရေဖြူက စစ်ဘေးဒုက္ခသည် လေးထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေ

RFA Burmese
2024.06.30
ရေဖြူက စစ်ဘေးဒုက္ခသည် လေးထောင်ခန့် အရေးပေါ်အကူအညီ လိုအပ်နေ တနင်္သာရီတိုင်း၊ ရေဖြူမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
The Tanintharyi Times

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာရှိတဲ့ ရွာပေါင်းကိုးရွာကနေ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ခန့်ဟာ နှစ်ပတ်ခန့်ကြာလာချိန်အထိ ရွာတွေဆီမပြန်နိုင်သေးပဲ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာအပြင် စစ်ကြောင်းထိုး ဝင်ရောက်တာတွေပါ လုပ်ခဲ့တာကြောင့် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ရာဖူးကျေးရွာအုပ်စုမှာရှိတဲ့ ဒေသခံတွေ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။

"ရွာထဲမှာလည်း အိမ်တွေမှာဆိုရင် စားနပ်ရိက္ခာမှန်သမျှ ဘာမှမကျန်တော့ဘူး"

တိုက်ပွဲဖြစ်ပြီးကတည်းက ရွာလုံးကျွတ်ထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တနင်္သာရီတိုင်း အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Taninthary အဖွဲ့တာဝန်ရှိသူ ကိုကျော်က RFA ကို ပြောပါတယ်။

“စစ်ကြောင်းထိုးနေတာကြောင့် ရေဖြူမြို့နယ်ထဲမှာ ရာဖူးကျေးရွာအုပ်စုက ရွာကိုးရွာက အဓိက ရွာလုံးကျွတ် ထွက်ပြေးကြရတယ်။ အများစုက နေရပ်မပြန်ရဲကြဘူး။ စစ်ဘေးရှောင်နေကြရတယ်။ အဲဒီအထဲမှာ အဓိကတော့ မျောက်ချောနဲ့ နဂါးအိုင်ဆိုတဲ့ ရွာရှိတယ်။ အဲဒီရွာ နှစ်ရွာပေါင်းကို လူဦးရေ တစ်ထောင်ကျော်လောက် ထွက်ပြေးကြရတယ်။ အဲဒီတစ်ထောင်ကျော်က လောလောဆယ်မှာ စားစရာမရှိဘူး။ အစားအသောက်နဲ့ ဆေးဝါး ပြဿနာတက်နေတယ်“

စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာတောတောင်နဲ့ ဥယျာဉ်ခြံမြေထဲမှာပဲ နေထိုင်နေရပြီး မိုးရာသီဖြစ်တဲ့အတွက် နေစရာအခက်အခဲပါ ကြုံနေရတယ်လို့ အကူညီပေးနေသူတွေက ပြောကြပါတယ်။

လက်ရှိ တိုက်ပွဲငြိမ်သက်နေတာကြောင့် ရွာကိုပြန်ကြသူအချို့ရှိပေမဲ့ အများစုကတော့ မကြာခဏ စစ်ကြောင်းတွေ ထိုးနေတာကြောင့် ရွာတွေဆီ မပြန်ရဲကြရသေးဘူးလို့ ဆိုပါတယ်။

မျောက်ချောရွာအနီးမှာ နှစ်ပတ်ကြာတပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာတွေထဲက ကားတွေကို မီးရှို့ခဲ့တဲ့အပြင် စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင်တွေကိုပါ ယူသွားတာကြောင့် စားဝတ်နေရေး ခက်ခဲနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကုန်စုံဆိုင်ဖွင့်ထားတဲ့ အိမ်အကြီးတွေကို ရွေးပြီးတော့ ဖွင့်သွားတယ်။ ရွာထဲမှာလည်း အိမ်တွေမှာဆိုရင် စားနပ်ရိက္ခာမှန်သမျှ ဘာမှမကျန်တော့ဘူး။ အသုံးအဆောင် ပစ္စည်းတွေကိုလည်း သယ်သွားတော့လေ။ ရွာသားတွေက ရွာထဲကိုပြန်ဝင်လာတဲ့အချိန်မှာလည်း စားစရာ ဘာမှကို မရှိတော့ဘူး။ နည်းနည်းကျန်နေတဲ့ ဆန်တွေကိုဝေမျှပြီး စားသောက်နေရတဲ့အတွက် စားရေးသောက်ရေးက တော်တော်ကိုခက်ခဲနေတယ်“

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မျောက်ချောရွာအနီးတွင် စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည့် မော်တော်ယာဥ် တစ်စင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မျောက်ချောရွာအနီးတွင် စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည့် မော်တော်ယာဥ် တစ်စင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလှုမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တနင်္သာရီတိုင်းမှာ အခုနှစ် မေလအထိ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးရှိလာပြီလို့ FE5 Taninthary က ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ဒုက္ခသည် သုံးသန်းကျော်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။