ရန်ကုန်ဘတ်စ်ကားနဲ့ ကိုရိုနာပြဿနာ
2020.03.17
ရန်ကုန်တိုင်းထဲမှာ လူစုလူဝေးကန့်သတ်တဲ့အနေနဲ့ သင်္ကြန်အပါအဝင်၊ ရုပ်ရှင်ရုံတွေ၊ ကာရာအိုကေဆိုင်တွေကို ပိတ်ထားဖို့ အစိုးရက မနေ့ကစပြီး အမိန့်ထုတ်လိုက်ပါတယ်။
ဒီလူစုလူဝေးတွေကို ပိတ်လိုက်ပေမယ့် လူစုလူဝေးရှောင်လွှဲမရတဲ့ YBS လို ဘတ်စ်ကားတွေကို မှီခိုအားထားနေတဲ့ ရန်ကုန်ဒေသခံတွေကြားမှာတော့ စိုးရိမ်နေကြပါတယ်။ ဒီထဲမှာ မဆုလဲ့လဲ့နိုင်လည်းပါပါတယ်။
"ဘတ်စ်ကားပေါ်မှာလည်း လက်သန့်ဆေးတို့ ထားပေးတာတော့မရှိသေးဘူး၊တခြားနေရာတွေကို ဘယ်လိုပဲ လူစုလူဝေးရှောင်လို့ရတယ်ပြောပြော YBS စီးတာတို့ ကျတော့ နိစ္စဓူဝလုပ်နေရတာမို့ ရှောင်လို့မရဘူးပေါ့"
မဆုဆုလဲ့နိုင်ဟာ ရုံးဖွင့်ရက် မနက်တိုင်း တာမွေကနေ YBS ဘတ်စ်ကားစီးပြီး တောင်ဥက္ကလာပမြို့ထဲကို ရုံးသွားတက်နေရတဲ့သူပါ။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနဲ့ ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ စာရင်းတွေအရဆိုရင် ရန်ကုန်မြို့မှာ လူ နှစ်သန်းနီးပါးဟာ နေ့စဉ် ဘတ်စ်ကားတွေကို အသုံးပြုနေရပါတယ်။
အမေရိကန်ဆေးသိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာမင်းမင်းစိုးကတော့ ဒီအများသုံးယာဉ်တွေ စီးနင်းတာတွေကနေ ရောဂါကူးစက်နိုင်ဖို့ ရာခိုင်နှုန်းများတယ်လို့ ဆိုပါတယ်။
"နေ့စဉ် မနက်လေးနာရီတခါ၊ ငါးနာရီတခါ ဘူတာရုံတွေ၊ ဘတ်စ်ကားဂိတ်တွေ၊ ဘတ်စ်ကားထိုင်ခုံတွေ၊ အထူးသဖြင့် ပိုး အလွယ်တကူ ကျရောက်နိုင်တဲ့နေရာတွေပေါ့။ ရေဆေးကြောနေပေးဖို့လိုတယ်လေ။ အဲယားကွန်းနဲ့ဆိုရင် ကားထဲမှာ ပိုးကအောင်းနေတတ်တော့ အဲယားကွန်းမဖွင့်ဘဲ ပြတင်းပေါက်ကို ဖွင့်လိုက်တာ ပိုကောင်းတယ်"
တရုတ်နိုင်ငံကစတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်သူက ဘယ်သူ့ဆီ ဘယ်အချိန်ကူးစက်လာမလဲဆိုတာ အတိအကျမပြောနိုင်သေးတဲ့အပြင် ကုသဆေးလည်းမရှိသေးတာပါဘူး။
ရန်ကုန်မြို့က လူတိုင်းလိုလို ဘတ်စ်ကားနဲ့ မလွတ်ကင်းနိုင်တာကြောင့် အခုလိုကာလမှာ လက်သန့်ဆေးရည်ဗူးတွေကို ဘတ်စ်ကားတွေမှာထားပေးဖို့ ကိုဉာဏ်ဝင်းရှိန်လည်း မျှော်လင့်နေတာပါ။
"အစိုးရအနေနဲ့ YBS တွေမှာ ပိုးသတ်ဆေးဖြန်းတာ ညွှန်ကြားချက်ထုတ်တာတော့ မတွေ့သေးဘူး။ လက်ကိုင်တန်းတွေ ဆေးကြောဖို့တော့ ညွှန်ကြားထားတယ်လို့တော့ သိရတယ်။ ဒါကလည်း ယာဉ်တိုင်းစေ့ လုပ်နိုင်ပါ့မလား။ လူပေါင်းများစွာနေ့တိုင်း တက်လိုက် ဆင်းလိုက်နဲ့ လုပ်နေတာဆိုတော့လေ"
WHO က ဒီရောဂါကို ကမ္ဘာ့ကပ်ရောဂါလို့ကြေညာထားတာဖြစ်ပါတယ်၊ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတော်တော်များများဟာ ခရီးသွားလာရေးတွေကို ကန့်သတ်လိုက်တာတွေ အများသုံး ဘတ်စ်ကားတွေ ရထားတွေကို ရောဂါမကူးနိုင်အောင် ပိုးသတ်သန့်စင်တာတွေ အကြီးအကျယ် လုပ်နေကြပါတယ်။ မြန်မာပြည်မှာတော့ ဒီလူအများသုံးတဲ့ ဘတ်စ်ကားတွေကို အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနဲ့ ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။
"ကျနော်တို့လည်း YBS ကိုပဲစိုးရိမ်နေတယ်၊ YBS စီးတဲ့သူက ၁.၈ သန်းကျော်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတာတွေ အားလုံးကိုလည်း ကျနော်တို့ အော်ပရေတာတွေကိုလည်း ညွှန်ကြားထားပါတယ်။ မှတ်တိုင်တွေမှာတော့ မနေ့ကဆေးပြီး လက်ဆေးသန့်စင်ရေးတွေ လိုက်ချပေးနေပါပြီ"
မြန်မာနိုင်ငံမှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူ အခုထိမရှိသေးတာကြောင့် အစိုးရဘက်က ဘတ်စ်ကားတွေကို ပိုးသတ်ဆေးဖြန်းဖို့ လမ်းညွှန်တာမရှိဘူးလို့လည်း ဒေါက်တာမောင်အောင်က ပြောပါတယ်။
ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ သေဆုံးတဲ့သူ ၈ဝဝဝ ကျော်နဲ့ ကူးစက်ခံရသူ နှစ်သိန်းနီးပါး ရှိပါတယ်။