ကိုဗစ်ကာကွယ်ဆေးနဲ့ လက်ရှိ လူမှုစီးပွားအကျပ်အတည်း

ခင်မောင်စိုး
2021.01.21

ကိုဗစ်ကာကွယ်ဆေးကို မြန်မာပြည်မှာ မကြာခင် စတင်ထိုးနှံမှာဖြစ်ပေမယ့် လူများစုရရှိရေးအတွက် အချိန်ကာလ တခုကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ဒီအတောအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတဝန်း ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍပေါင်းစုံ အကြီးအကျယ် ထိခိုက်နေရာမှာ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံတွေက ဒီဒုက္ခတွေကို ပိုမိုခံစားနေရပါတယ်။

မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်ဆေးတချို့ ပထမဆုံးအကြိမ် ဒီကနေ့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း စတင်ထိုးနှံတဲ့အခါ ကုသရေးမှာ တကယ်လက်တွေ့ ပါဝင်လုပ်ကိုင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေးထိုးနှံမှာဖြစ်တယ်လို့ အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် အငြိမ်းစား ဆရာဝန်ကြီး ပါမောက္ခဦးသိန်းအောင်က RFA ကို ပြောပါတယ်။

“အိန္ဒိယက လက်ဆောင်ပေးမယ့်ဆေး ရောက်လာမယ်။ နောက် Pfizer ဆေးလဲ ရောက်ဖို့ ရှိတယ်။ အဲဒါတွေက အစိုးရက ဝယ်တာမဟုတ်ဘူး။ WHO တို့ ဘာတို့က ခွဲတမ်းရတဲ့ ဆေးတွေပေါ့နော်။ အစိုးရဝယ်ထားတာကလဲ ပိုက်ဆံတဝက် ပေးထားပြီးဆိုတော့ ရမယ်ပေါ့။ ဒါပေမဲ့ ကာကွယ်ဆေးလိုချင်တဲ့ တိုင်းပြည်တွေက များနေတော့ အချိန်လေးကတော့ နည်းနည်း adjustment ရှိနိုင်တယ်ပေါ့။ များများစားစား မဟုတ်တောင်မှ အန္တရာယ်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ စပြီးထိုးပေးနိုင်လိမ့်မယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျန်းမာရေး ဝန်ထမ်းတွေက တော်တော်လေး အချိန်ကြာတော့ ပင်လဲပင်ပန်းနေကြပြီ။ နောက်တခုကတော့ သူတို့အတွက် လုံခြုံစိတ်ချရတာ လုပ်ပေးတယ်ဆိုတော့ သူတို့ရဲ့ စိတ်ဓာတ်ရေးရာအရ အရေးကြီးပါတယ်။ နောက် ကာကွယ်ဖို့ PPE တို့ ဘာတို့ပေးရတာကလည်း ငွေကြေးအရ ကုန်ကျမှု တော်တော်လေးများပါတယ်။ ဘယ်တိုင်းပြည်မှာဖြစ်ဖြစ် ဒီလိုပဲ သူတို့ကို ဦးစားပေးပါတယ်။ ကျနော်ကိုယ်တိုင်လည်း ပထမဆုံး ရမှာမဟုတ်ပါဘူး။ ကျနော်က လက်ရှိ အစိုးရဝန်ထမ်း မဟုတ်ဘူးလေ။ ကျနော်က ဒုတိယ တတိယ ဦးစားပေးထဲမှာ ပါမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ်တိုင် အခုလို ခွဲတမ်းလုပ်တာကို ကျေကျေနပ်နပ်လုပ်ပေးတာပါ။”

ပြည်သူအများစုကို ကာကွယ်ဆေးထိုးနှံဖို့ အချိန်ကာလတခုကြာမြင့်ဦးမှာဖြစ်တဲ့အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လူထုအနေနဲ့ တိတိကျကျ လိုက်နာဖို့လိုတယ်လို့လည်း ပါမောက္ခ ဦးသိန်းအောင်ကပြောပါတယ်။ ဒီအတောအတွင်း ကိုဗစ်ကြောင့် ပြည်သူလူထုရဲ့ စားဝတ်နေရေး အကြီးအကျယ် ထိခိုက်လာနေတာကို မြင်ရပါတယ်။

တောင်ဒဂုံမြို့သစ်မှာ နေထိုင်တဲ့ စာရေးဆရာမ နှင်းပန်းအိမ်က -

“ကြွေးမြီပြဿနာတွေ တက်လာတယ်။ ကိုယ့်ကိုကိုယ် သတ်သေကြတာရှိတယ်။ နောက်ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာဆိုရင် နေ့စာနဲ့ ညစာ ပေါင်းစားရတာပေါ့။ ပထမလှိုင်းတုန်းကတော့ ဝေခြမ်းရေးတွေရှိကြတယ်။ နောက်ပိုင်းမှာတော့ မရှိဘူး။ အစိုးရပေးတဲ့ ပိုက်ဆံကလည်း ပြည့်စုံလုံလောက်အောင် ရကြတာမဟုတ်တော့ တော်တော် ခက်ခဲတာပေါ့နော် ။ ဒီဘက်မှာဆိုရင် ခရုကောက်ကြတဲ့လူတွေ ရှိတယ်။ တနေ့လုံးကောက်မှ ၁၅ဝဝ လောက်ပဲရတယ်။ နောက် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်သွားတယ် ပန်းရံ လက်လုပ်လက်စားလုပ်ရတဲ့လူတွေ အခြေခံလူတန်းစား အများကြီး ထိသွားတာပေါ့။ ဒီထဲမှာ မှ mask မတတ်နိုင်တဲ့သူတွေ ရှိတယ်။ ဘယ်လောက်ဘဲ အသိပညာပေးတယ်ပြောပြော တကယ့်တကယ် နေ့စဉ်အသုံးပြုတဲ့ mask တောင်မှ မတတ်နိုင်တာတွေ ရှိတယ်။ ဆင်းရဲတဲ့အပေါ်မှာ ထပ်ထပ်ပြီးတော့ အားလုံးဒုက္ခတွေ ရောက်သွားတာပေါ့။”

လက်ရှိ အကျပ်အတည်းကနေ ထွက်ပေါက်ရှာနေသူတွေထဲမှာ အခုနောက်ပိုင်း နိုင်ငံတကာမှာ ခေတ်စားလာနေတဲ့ အစားအသောက်တွေ အိမ်တိုင်ယာရောက် ပို့ဆောင်ရောင်းချသူတွေလည်း လူတန်းစားသစ်တရပ်လို ဖြစ်လာနေပါတယ်။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ စားသောက်ဆိုင် ဖွင့်ခဲ့ပြီး ကိုဗစ်ကြောင့် ဆိုင်ပိတ်လိုက်ရတဲ့ ကိုဇင်မင်းကျော် ဆိုသူကတော့ သူတချိန်က ဂျပန်နိုင်ငံမှာ သင်ယူခဲ့ဖူးတဲ့ အစားအစာတွေနဲ့ မြန်မာအစားအစာတချို့ကို ထုတ်လုပ်ပြီး လိုက်လံရောင်းချနေရာမှာ အတော်အသင့် အဆင်ပြေနေတယ်လို့ ဆိုပါတယ်။

“ဂျပန်အစားအစာဆိုရင် ကြက်သားနဲ့ ဂျုံမှုန့်ကို လုပ်ထားတဲ့ဟာ ရောင်းတယ်။ ဝက်သားပေါင်မုန့်ခြောက်ကြော်၊ ဂျပန် ကြက်ဥလိပ်ရောင်းတယ်။ နောက်ပြီး အိမ်မှာလုပ်စားနေကြ ဝက်ခေါက်ကင်လည်း ရောင်းတယ်၊ အဲဒါက စားဖူးတဲ့သူငယ်ချင်းတွေကလည်း မြှောက်ပေးလို့။ မကြာခင် ကျနော် ထမင်းဗူးတွေရောင်းဖို့ စိတ်ကူးတယ်။”

ကာကွယ်ဆေး အလုံအလောက်မထိုးနိုင်ခင်မှာ ကိုဗစ်ကြောင့် ထိခိုက်နစ်နာနေရတဲ့ စားဝတ်နေရေး ပြဿနာတွေကို ကမ္ဘာ့ပြည်သူတွေအနေနဲ့ အနည်းဆုံး ဒီတနှစ်တော့ ဆက်လက်ရင်ဆိုင်နေရဦးမယ်လို့ အမေရိကန်ဆေးပညာရှင်တဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။