CNG ဓာတ်ငွေ့အလုံအလောက်မရလို့ YBS ခရီးသည်တွေအခက်ကြုံ

ရန်ကုန်မြို့မှာ သဘာဝဓာတ်ငွေ့ (CNG) တွေ အလုံအလောက် မရတာကြောင့် ဇူလိုင် ၂၂ ရက် မနေ့ ညနေပိုင်းကစပြီး CNG နဲ့ပြေးဆွဲနေတဲ့ အများပြည်သူသုံး YBS ဘတ်စ်ကားတွေ အပါအဝင် အငှားယာဉ်တွေ စီးရေပြည့် မပြေးဆွဲနိုင်တာကြောင့် ခရီးသည်တွေ အခက်အခဲ တွေ ကြုံခဲ့ရပါတယ်။
မနေ့က ညနေ ၄ နာရီဝန်းကျင် ရုံးဆင်းချိန်ကစပြီး YBS ကားတွေ အလုံအလောက် မပြေး ဆွဲနိုင်လို့ မှတ်တိုင်တွေမှာ ခရီးသည်တွေ အချိန်ကြာအောင် စောင့်ဆိုင်းရသလို ပြေးဆွဲတဲ့ ကားတွေလည်း တံခါးပိတ်မရတဲ့အထိ ခရီးသည်တွေ ပြည့်လျှံခဲ့ရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
“ဒီနေ့မနက်တော့ တော်တော်လေး အဆင်ပြေလာပါပြီ။ (CNG ရရှိမှု) ရာခိုင်နှုန်း နည်းနည်းတက်လာပါပြီဗျ"
ဘတ်စ်ကားမှတ်တိုင်မှာ တစ်နာရီလောက် စောင့်ခဲ့ရပေမယ့် ဘတ်စ်ကားမလာတာကြောင့် အောက်ဆိုက်ကားနဲ့ ဈေးအဆမတန်ပေးပြီး ပြန်ခဲ့ရတယ်လို့ ခရီးသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အောက်ဆိုက်ကားတွေနဲ့ ပြန်ခဲ့တယ်။ အရင်က အောက်ဆိုက်ကားဆိုရင် ၅၀၀ ဆို ရောက်တယ်။ အခုအချိန်မှာ ၄၅၀၀ တို့ ဘာတို့ အဲဒီလိုမျိုးပေးပြီး ပြန်ခဲ့ရတယ်။ ပရ ဟိတကားတွေတော့ လာတယ်။ ပရဟိတကားတွေက လမ်းကြောင်းမတူတဲ့ဟာတို့ ဘာတို့ အဲဒါမျိုးဖြစ်တဲ့အခါကျ ခက်ခဲတယ်ပေါ့နော်။ ပုံမှန်ရုံးဆင်းချိန်က (၆) နာရီ ခွဲလောက်ဆို အိမ်ပြန်ရောက်ပြီ။ မနေ့ကတုန်းက မှတ်မှတ်ရရ (၈) နာရီထိုးမှ အိမ် ပြန်ရောက်တယ်။ ဒီနေ့မနက်လည်း အဆင်မပြေသေးဘူးထင်တယ်၊ ကားလာတော့ ကြာနေတုန်းပဲ။ သူတို့ ဂက်စ်ကုန်နေတုန်းပဲလို့ ပြောလို့တော့ရမယ်”
ဒီနေ့မနက်မှာလည်း ဘတ်စ်ကားတွေကို အချိန်အတော်ကြာကြာစောင့်ရတာမို့ မနေ့က လိုပဲလို့ သူက ဆက်ပြောပါတယ်။
အလားတူ ရန်ကုန်မြို့မှာ CNG နဲ့ အငှားယာဉ်မောင်းတဲ့ ယာဉ်မောင်းတစ်ဦးကလည်း မနေ့ညနေကတည်းက CNG ဂက်စ်ဆိုင်မှာ အိပ်စောင့်ပြီး ဂက်စ်ဖြည့်ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“တန်းစီရတာ မနေ့က ညနေ (၄) နာရီခွဲကနေ (၈) နာရီခွဲမှ ဆိုင်ထဲက ထွက်ရတယ်လေ။ ညနေကျတော့ ဂက်စ်က ဆိုင်ထဲက ထွက်တော့ ဆွဲချိန်မရှိတော့ဘူးပေါ့။ မရတော့ မရဘူးမှတ်ရတာပေါ့။ မနေ့ညက ဂက်စ်ဆိုင်မှာပဲ သွားတန်းစီပြီးတော့ အိပ်လိုက်တယ်။ ကားပေါ်မှာပဲ အိပ်ပြီးတော့ မနက်အစောကြီး ငါးနာရီလောက်ရတဲ့ ဂက်စ်နဲ့ ဒီမနက်ဆွဲ လို့ရတယ်ပေါ့”
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းကုမ္ပဏီတစ်ခုရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက မနေ့ညနေက CNG ဓာတ်ငွေ့ကြောင့် အခက်တွေ့ခဲ့ပေမယ့် ခုတော့ ဓာတ်ငွေ့ရရှိနှုန်း အနည်းငယ်တက်လာတယ်လို့ RFA ကို ပြောပါတယ်။
“ဒီနေ့မနက်တော့ တော်တော်လေး အဆင်ပြေလာပါပြီ။ (CNG ရရှိမှု) ရာခိုင်နှုန်း နည်းနည်းတက်လာပါပြီဗျ၊ ရလာပါပြီ။ ကျနော်ထင်တယ် ဒီညထည့်လိုက်ရင်တော့ မနက်ဖြန်မနက်မှာ အဖြေတစ်ခုထွက်သွားမှာပါ။ မနက်ဖြန်လည်း တနင်္ဂနွေနေ့ဆို တော့လေ။ ကျနော်တို့ ပုံမှန်အနေအထားမှာတောင်မှ ကားပြင်တာတွေ၊ ပြုပြင်ထိန်း သိမ်းတာတွေ လုပ်နေကြတာဆိုတော့ မနက်ဖြန် အခြေအနေကြည့်ပြီးတော့မှပဲ တနင်္လာနေ့ကို ပြောလို့ရမှာဗျ။ အခု MOGE (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း) ဘက်ကလည်း အစစအရာရာတော့ သူတို့ အတတ်နိုင်ဆုံး လိုက်လုပ်နေပါတယ်ဗျ။ အခက်အခဲလေးတော့ နည်းနည်းဖြစ်သွားတာပေါ့နော်။ ဒါကတော့ မှန်ပါတယ်”
ဒီလို CNG ဓာတ်ငွေ့သုံး YBS ဘတ်စ်ကားတွေ မပြေးဆွဲနိုင်တဲ့အတွက် ခရီးသည်တွေ အဆင်ပြေဖို့ ရန်ကုန်မှာရှိတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ကူညီမယ်လို့ ကြေညာထားကြပါတယ်။
ခရီးသည်တွေ အကူအညီလိုအပ်ရင် ဖုန်းဆက်ခေါ်ဖို့ နံပါတ်တွေကိုလည်း ကြေညာထားကြ သလို ဘတ်စ်ကားလမ်းကြောင်းတွေအတိုင်း အခမဲ့ လိုက်လံပြေးဆွဲပေးနေတယ်လို့ ရောင် စဉ်မဲ့လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ကိုသန်းထိုက်အောင်က RFA ကို ပြောပါတယ်။
“လမ်းပေါ်ကနေပဲ ကျနော်တို့ ကားတွေက ရပ်မထားဘူးလေ။ ကူနေတဲ့အခါကျတော့ ဒီနေ့မနက်ဆိုလည်း မနည်းဘူး။ အဲဒီလိုပဲ ကားနှစ်စီးနဲ့အပြည့်၊ အသွားအပြန် နှစ် ကြောင်းပေါ့နော် ကူညီပေးခဲ့ပါတယ်။ ကျနော်တို့ မှတ်တိုင်ကနေစထွက်ပြီး တောက် လျှောက်ခေါ်သွားပေးတာပေါ့နော်။ ခေါ်သွားပေးပြီး ဆူးလေအထိပေါ့။ တတ်နိုင်သ လောက်တော့ အကုန်လုပ်ပေးခဲ့ပါတယ်။ ကားပေါ်အထိပေါ့နော် လူအပြည့်နဲ့”
သူတို့အသင်းက ကြည့်မြင်တိုင်မြို့နယ် ညဈေးမှတ်တိုင်ကနေ ဆူးလေ၊ သဲကွင်းမှတ်တိုင် ကနေ ဆူးလေ စသဖြင့် ပြေးဆွဲပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ အဆင်ပြေအောင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က RFA ကို ပြောပါတယ်။
“အခု အဆင်ပြေနေပါပြီနော်။ အခု ကျနော်တို့ ဆောင်ရွက်နေတယ်။ MOGE နဲ့နော်။ အဲဒါတော့ MOGE ပဲမေး။ ကျနော့် မမေးနဲ့နော်”
ဒါပေမဲ့လည်း ဒီနေ့မနက်အထိ CNG အခက်အခဲကြောင့် YBS ကားတွေပြေးဆွဲတာ အဆင် မပြေသေးဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်တွေက RFA ကို ပြောထားသလို ပရဟိတအဖွဲ့တွေကလည်း ဒီနေ့အထိ ခရီးသည်တွေကို ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ ပြောကြပါတယ်။
CNG ဓာတ်ငွေ့ မလုံလောက်တာဟာ ဓာတ်ငွေ့ပိုက်လိုင်းပေါက်လို့ဆိုတဲ့ သတင်းတွေထွက် ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုလည်း ဒီနေ့ ညနေပိုင်းအထိ ဆက်သွယ်လို့မရပါဘူး။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ဇူလိုင် ၂၁ ရက်နေ့ စာရင်းအရ YBS ယာဉ်လိုင်း ၁၁၆ လိုင်းက ဘတ်စ်ကား ၃၁၆၄ စီး ပုံမှန်ပြေးဆွဲနေတယ်လို့ ဆိုပါတယ်။