စည်းကမ်းမဲ့ YBS ယာဉ်တွေအပေါ် ဥပဒေသမားများအမြင်
2020.06.05
ရန်ကုန်မြို့မှာ ဇွန်လ ၂ ရက်နေ့က အများပြည်သူသုံး YBS ယာဉ်တစင်းက ယာဉ်ကြောကို ပြောင်းပြန်မောင်းပြီး အငှားယာဉ်တစင်းကို တိုက်မိလို့ အငှားယာဉ်မောင်းသမားနဲ့အတူ လိုက်ပါလာတဲ့ ခရီးသည် မောင်နှမ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်းမှာ လူမမယ်ကလေး ၂ ဦးကျန်ခဲ့ပြီး ခရီးသည်မောင်နှမကတော့ မိဘတွေကို တဦးက ဆိုက်ကားနင်း၊ တဦးက ကွမ်းယာရောင်းပြီး ကျွေးမွေးနေသူတွေဖြစ်ပါတယ်။
နာမည်ကျော်ရှေ့နေတဦးဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က YBS ယာဉ်တွေ စည်းကမ်းမဲ့မောင်းနှင်နေကြပြီး စည်းကမ်းထိန်းသိမ်းမှုအားနည်းတာကတော့ ရန်ကုန်မြို့မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသနာတခုပါပဲလို့ RFA ကို ပြောပါတယ်။
အငှားယာဉ်မောင်းသက် ၅ နှစ်ခန့် ရှိပြီဖြစ်တဲ့ ဦးလှခိုင် က YBS တွေဟာ သူတို့ရပ်တန့်ရမယ့် လမ်းဘေးကပ်ရက်က ပထမ ယာဉ်ကြောမှာ ရပ်လေ့မရှိပဲ အပေါ်ဖက်ယာဉ်ကြောတွေမှာပဲ ရပ်ပြီး ခရီးသည်အတင်အချလုပ်တဲ့အတွက် ယာဉ်ကြောပိတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီအမှုမှာ ယာဉ်မောင်း ဦးဇော်ထက်ဆိုသူ ထွက်ပြေးသွားပြီး အခုထိ ရဲက ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ ယာဉ်မှုစစ်က သူ့ကို ဖမ်းဖို့ကြိုးစားနေတယ်လို့ပဲ ကမာရွတ်ရဲစခန်းက ပြောပါတယ်။ အဲဒီ ယာဉ်မောင်းဟာ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ YRTA မှာ မှတ်ပုံတင်ထားခြင်း မရှိကြောင်းနဲ့ သူ့ကို လိုက်ရှာနေတယ်လို့ YRTA အတွင်းရေးမှူး ဦးလှအောင်ဆိုသူက ပြောပါတယ်။
ဦးလှခိုင်က သူတို့ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်ထိန်းရဲခေါ်ပြီး ၂ ဖက် ညှိနှိုင်းလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
ပြစ်မှုတခုကို ငွေနဲ့ပိတ်နိုင်တာဟာ တရားဥပဒေစိုးမိုးတယ်လို့ ဆိုနိုင်ပါသလား။ ဦးရောဘတ်စန်းအောင် ကတော့ လူသတ်မှုလို အမှုကြီးတွေကို ငွေပေးပြီး ကျေအေးလို့ မရပေမယ့် တခြားအမှုတချို့ကိုတော့ ကျေအေးလို့ ရပါတယ်။ တရားရုံးတွေအနေနဲ့ အထူးသတိထားပြီး ကိုင်တွယ်သင့်တယ်လို့ ဝေဖန်ပါတယ်။
တခြားရှေ့နေတဦးဖြစ်တဲ့ ဦးသိန်းသန်းဦးကလည်း တရားဥပဒေစိုးမိုးရေးအတွက် ၈၈ ဖွဲ့စည်းပုံကို ပြင်မှဖြစ်မှာပဲလို့ ကောက်ချက်ချပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ပြစ်မှုတခုကိုငွေပေးပြီး ပိတ်ဆို့လို့မရပါဘူး။ မြန်မာနိုင်ငံကတော့ တရားဥပဒေအထက်မှာ ငွေနဲ့အာဏာရှိတဲ့ခေတ်ကို အပြီးအပိုင် ကျော်လွှားဖို့ ခက်ခဲပင်ပန်းစွာ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။