မြန်မာ့စီးပွားရေး နှစ်ဆနီးပါး နိမ့်ကျသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း
2021.07.28
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေကြောင့် အခု ၂၀၂၁ နှစ်ကုန်ပိုင်းမှာ မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ အာဏာသိမ်းပြီးတစ်လအကြာ မတ်လထဲမှာ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ခဲ့တာပါ။
ဒါပေမဲ့ အခု စစ်အာဏာသိမ်းပြီး ခြောက်လအကြာမှာတော့ အခြေအနေတွေ ပိုဆိုးလာပြီး မြန်မာ့စီးပွားရေး ဟာ မူလကမှန်းထားတက် နှစ်ဆနီးပါးဖြစ်တဲ့ ၁၈ ရာခိုင်နှုန်းအထိ ထိုးကျသွားနိုင်ကြောင်း ဇူလိုင် ၂၅ မှာ ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
စီးပွားရေးကျဆင်းမှုကြောင့် ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေဆုံးရှုံးတဲ့ဒဏ်၊ ကျန်းမာရေးနဲ့ အစားအသောက် မလုံလောက်တဲ့ဒဏ်တွေကို ချို့တဲ့သူတွေ၊ အဆင်းရဲဆုံးပြည်သူတွေ ပိုခံရလိမ့်မယ်လို့ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်က အစီရင်ခံစာမှာ ပြောထားပါတယ်။
လူဦးရေ ၆ သန်းခန့်ရှိပြီး မြန်မာနိုင်ငံရဲ့ လူနေအထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဟာ စားဝတ်နေရေး မပြေလည်မှုနဲ့ ကိုဗစ်ကူးစက်မှုဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
"အခုလို ကုန်ဈေးနှုန်းကြီးမြင့်မှုကတော့ အငတ်ဘေးဆိုက်မယ့် အနေအထားတောင်ရှိတယ်”
ဇူလိုင် ၂၃ ရက်နေ့က ဆင်းရဲတဲ့ဒဏ်၊ ဆေးဈေနှုန်းတွေမြင့်လို့ ကျန်းမာရေးအတွက် ဆေးမဝယ်နိုင်တာကြောင့် သုံးခွတံတားပေါ်ကနေ ခုန်ချသတ်သေဖို့အထိ ကြံရွယ်ခဲ့တဲ့ အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ယောက်ကို သုံးခွမြို့ ၃ ရပ်ကွက် ပေးဆပ်ခြင်းအလင်းရောင် လူမှုကူညီရေးအသင်းက ကံကေင်းထောက်မစွာ တွေ့ရှိပြီး ကယ်တင်ခဲ့ရပါတယ်။
အဲဒီအမျိုးသမီးကြီးဟာ စွန့်ပစ်ဘူးခွံတွေကောက်ယူ အသက်မွေးသူဖြစ်ပြီး စားဝတ်နေရေးနဲ့ ဆေးအတွက် အဆင်မပြေတာကြောင့် ကိုယ့်ကိုယ်ကိုသတ်သေဖို့အထိ ကြိုးစားခဲ့တာလို့ ကူညီကယ်တင်ခဲ့တဲ့ ပေးဆပ်ခြင်း အလင်းရောင် လူမှုကူညီရေးအသင်းက မမေအိအိဖြိုး က RFA ကို ပြောပါတယ်။
“သူက သုံးခွမြို့တံတားမှာ တန်းလန်းကြီး၊ ညီမတို့သွားတဲ့အချိန်နဲ့ တန်းတိုးတာပေါ့နော်။ သူ့ကိုချော့မော ခေါ်ပြောပြီးတော့ သွားရတာပေါ့။ အမှိုက်ဘူးခွံ၊ ပုလင်းခွံတွေ ကောက်တယ်။ စားဝတ်နေရေး အဆင် မပြေဘူး။ သူ့ယောင်္ကျားဆေးကုဖို့လည်း လိုတယ်ပေါ့။ ဗိုက်ခွဲထားတော့။ အဲဒါတွေ စိတ်ညစ်တယ်ပေါ့။ ဆေးကလည်း ဝယ်မရဘူးပေါ့။ စားဝတ်နေရေး အဆင်မပြေတော့ အခုရောဂါတွေနဲ့ဆိုတော့ ပိုဆိုးတာပေါ့။ အိမ်ကလည်း ရေတက်၊ အဲလိုမျိုးဆိုတော့ စိတ်ညစ်တာပေါ့နော်။ သူ့အတွေးတွေက အမျိုးမျိုးဝင်တာပေါ့။ အရင်က သူ့ယောင်္ကျားနဲ့ အမှိုက်လိုက်ကောက်၊ အခုက သူ့ယောင်္ကျားက နေမကောင်းတော့ လိုက်မ ကောက်နိုင်ဘူး။ ဘာမှလည်း မရှိဘူးပေါ့။ စားစရာလည်း မရှိဘူးပေါ့“
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေဖြစ်လာပြီး နေ့စဉ် မီးဖိုချောင်အသုံးစာရိတ်ဟာ ၂ ဆနီးပါးမြင့်တက်သွားတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
အရင်က နေကြာဆီတစ်ပိဿာ ၅၀၀၀ ကျပ်ဝန်းကျင်ကနေ အခု ၈၀၀၀ အထိ မြင့်တက်လာပြီး ကြက်ဥ တစ်လုံး ကျပ် ၁၀၀ ကနေ လက်ရှိမှာ ၁၈၀ အထိ ဈေးတယ်သွားတယ်လို့ ရန်ကုန်တိုင်း ဒလမြို့က အိမ်ရှင်မ တစ်ဦးဖြစ်တဲ့ မစန်းမြင့်ဋ္ဌေးက ပြောပါတယ်။
“ဆန်နဲ့ ဆီဆိုတာက အဓိက စားသောက်ကုန်တွေပဲ။ဒါတွေက နှစ်ဆနီးပါးလောက် တက်သွားတယ်။ လူတွေက ပထမကို ဗစ်လှိုင်းမှာကတည်းက အကုန်လုံးဒုက္ခရောက်ကြတာ၊ အလုပ်အကိုင်တွေက ရှားပါးရတဲ့ကြားထဲ အာဏာသိမ်းလိုက်တော့ ပိုဆိုးသွားတယ်။ မြန်မာလူထုတော်တော်များများ အလုပ်လက်မဲ့တွေဖြစ်လာတဲ့ကြားမှာ အခုလို ကုန်ဈေးနှုန်းကြီးမြင့်မှုကတော့ အငတ်ဘေးဆိုက်မယ့် အနေအထားတောင်ရှိတယ်”
ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ ၁.၂ သန်း အလုပ်လက်မဲ့ဖြစ်သွားပြီး၊ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဘတ်ဂျက်နှစ် နောက်ဆုံးလေးလပတ်နဲ့ နှိုင်းယှဉ်ရင် အခု ၂၀၂၁ ဘတ်ဂျက်နှစ် ဒုတိယလေးလပတ်အတွင်းမှာ အလုပ်လက်မဲ့နှုန်း ၆ % ထိ ရှိသွားကြောင်း ဇူလိုင် ၁၉ ရက်နေ့ကထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံတွေနဲ့ ပြည်တွင်းအသေးစားကုမ္ပဏီ တော်တော်များများ ပိတ်သိမ်းကုန်တာကြောင့် လစာပေါ်မှီခိုပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ အလုပ်သမား အတော်များများ အလုပ်လက်မဲ့တွေဖြစ်ကုန်ကြောင်း ကုမ္ပဏီတစ်ခုကနေ အလုပ်ရပ်နားခံလိုက်ရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က မနေနွယ်က ပြောပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူတိုင်းလိုလို အလုပ်လက်မဲ့တွေဖြစ်သွားကြတယ်။ ဒီလိုလစာမဲ့ဖြစ်နေတဲ့ သူအတွက်က ဘိုင်အိုဂျက်ဆစ် တစ်ကဒ်ကို ၆၀၀၀ ပေးပြီး မဝယ်နိုင်ဘူး။ အာဏာသိမ်းလို့ အလုပ်လက် မဲ့တွေ ဖြစ်ရတဲ့ကြားထဲ ဒီလို ကိုဗစ်က တအားကြီးဖြစ်လာတဲ့အခါကျတော့ တကယ်လို့ အရေးပေါ်ဖြစ် လာရင် ပိုက်ဆံမရှိလို့ သေရမယ့်ဘဝတွေ အများကြီးပဲ”
စစ်အာဏာသိမ်းပြီး ၆ လတာကာလအတွင်း ကျဆင်းသွားတဲ့ စီးပွားရေးအခြေအနေတွေဟာ နောင် ၆ လ မှာလည်း အခက်ခဲတွေအဖြစ် ဆက်ရှိနေဦးမယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
“အများကြီးတော့ ကောင်းဖို့မရှိဘူး။ ပိုပြီးမဆိုးဖို့ဘဲ ဆုတောင်းရတာပေါ့နော်။ ကိုဗစ်ကလည်း တတိယ လှိုင်း ဖြစ်တဲ့နေရာမှာ ရိုက်ခတ်မှုပြင်းထန်တယ်။ ကူးစက်မှု တော်တော်များများလည်း ဖြစ်နေတယ်။ ပြောရရင်တော့ ကိုဗစ်ကြောင့်လည်း လက်ရှိ နကစ အာဏာသိမ်းတဲ့အထဲမှာ ကိုဗစ် Third wave တွေ့တာကြောင့်မို့ စီးပွားရေးလုပ်ငန်း တော်တော်များများ ရပ်ဆိုင်းတာမို့လို့ နောက် ၆ လမှာလည် အခက်ခဲတွေ တွေ့ရမယ်လို့ မြင်ပါတယ်“
မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ကူးစက်ခံရတဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကစပြီး အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်း၊ နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ပြီး နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ပိုင်လုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့လုပ်ငန်းတွေကို နိုင်ငံတကာက ပိတ်ဆို့အရေးယူတာတွေ၊ အနောက်နိုင်ငံတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းလို နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီရပ်ဆိုင်းတာတွေကြောင့် မြန်မာ့စီးပွားရေးဟာ ဒီအတိုင်းဆက်သွားရင် ပိုဆိုးဖို့သာရှိတော့တယ်လို့ စီးပွားရေးပညာရှင်တွေက မှတ်ချက်ပေးပါတယ်။

စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုက လက်ရှိအတိုင်း ဆက်သွားမယ် ဆိုရင် ရှေ့နှစ်အထိ စီးပွားရေးပြန်ကောင်းလာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အခု နိုင်ငံရေးအခြေအနေက လက်ရှိအတိုင်းသွားရင် ဆိုးသထက် ဆိုးဖို့ပဲ ရှိတယ်လို့ ကျနော်တို့တော့ သုံးသပ်တယ်။ စီးပွားရေးကလည်း နိုင်ငံရေးရဲ့ အစိတ်ပိုင်း တစ်ရပ်မို့လို့ နိုင်ငံရေးအခြေအနေ မတည်ငြိမ် ဘူး၊ ဆိုးမယ်ဆိုရင် စီးပွားရေးက ပိုပြီးဆိုးသွားဖို့ပဲ ရှိတာပေါ့ဗျာ။ နိုင်ငံရေးကတော့ ဒီအတိုင်းဆို လာမယ့် ၁ နှစ် ၂ နှစ်အတွင်းမှာ ဘယ်နည်းနဲ့မှ ကောင်းမှာဟုတ်ဘူး။ အဲနိုင်ငံရေးအခြေအနေ မကောင်းနိုင်ရင် စီးပွားရေးလည်း ဘယ်နည်းနဲ့မှ မကောင်းနိုင်ဘူး“
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါဒဏ်ကြောင့် စီးပွားရေး ထိခိုက်ခဲ့ပေမယ့် လာမယ့် ၂၀၂၁ မှာ နလန်ပြန်ထူလာနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က အရင်က ခန့်မှန်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ကိုဗစ်တတိယလှိုင်းကို မထိန်းချုပ်နိုင် တာကြောင့် မြန်မာ့စီးပွားရေးဟာ ပိုဆိုးလာတဲ့အခြေအနေကို ဦးတည်လာနေကြောင်း ဇူလိုင် ၂၅ ရက် ကမ္ဘာ့ ဘဏ် အစီရင်ခံစာမှာ ပြောထားတာပါ။ လတ်တလော မြန်မာပြည်ရဲ့ အခြေအနေဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်းက ရရှိခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေကို ခြိမ်းခြောက်နေတယ်လို့လည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။