မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာ


2018.12.14
World-Bank-622 ၂ဝ၁၈ ဒီဇင်ဘာလက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာ။
Photo: RFA

လက်ရှိ ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်ကထက် ပိုမိုနှေးကွေးလာတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။

~~~~~~~~~~

မြန်မာ့စီးပွားရေး ပိုမိုနှေးကွေးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ် သတိပေး

(ဝေမာထွန်း)

■ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က မြန်မာရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ၆.၈ ရာခိုင်နှုန်းရှိပြီး ဒီ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ ၆.၂ ရာခိုင်နှုန်းသာရှိတဲ့အတွက် နှေးကွေးလာတယ်လို့ ကမ္ဘာဘဏ်က ဆိုထားပါတယ်။

ဒါပေမဲ့လို့ တခြားကမ္ဘာနိုင်ငံတွေရဲ့ တိုးတက်နှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ ခိုင်မာတဲ့ တိုးတက်နှုန်းရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် ကမ္ဘာဘဏ်ရဲ့ တွက်ချက်မှု အနေအထားကို စီးပွားရေး ပညာရှင် ဦးလှမောင်က အခုလို သုံးသပ်ပြပါတယ်။

"စီးပွားရေးတိုးတက်မှုနှုန်းဆိုတာ GDP တိုးတက်မှုနှုန်းပါပဲနော်။ ပြီးခဲ့တဲ့ နှစ်ပေါ်မှာ မူတည်ပြီးတွက်တာ။ ၁၆-၁၇ က တော်တော်လေးကျခဲ့တယ်လေ။ အဲဒီကျခဲ့တဲ့အပေါ်မှာတွက်တော့ ၂၀၁၇-၂၀၁၈ က တက်တာပေါ့။ တက်လာတဲ့အပေါ်မှာ ခု ၂၀၁၈-၂၀၁၉ ကို တွက်တဲ့အခါ ရာခိုင်နှုန်းကျတယ်။ တကယ်တော့ ခုနှစ်က ဆက်တက်ရမယ့်ဟာ မတက်တော့ ကျတာပေါ့။ တရုတ်ပြည်လိုဟာမျိုးဆိုရင် တစ်နှစ်ပြီး တစ်နှစ်တက်လာတာ။ အဲဒီလို တက်လာမှ စီးပွားရေး တက်လာတယ်လို့ ပြောလို့ရမှာ။ မြန်မာရဲ့ စီးပွားရေးကတော့ သိတဲ့အတိုင်း ထုံထိုင်း တုံဆိုင်းနေတယ်လေ"

မြန်မာစီးပွားရေးဟာ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးတို့မှာ နှေးကွေးနေတယ်လို့ ကမ္ဘာဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
စိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍမှာ တည်ငြိမ်နေပြီး တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတွေ အားကောင်းနေလို့သာ မြန်မာအနေနဲ့ ခုသာခံသာ အနေအထားမှာရှိတာလို့လည်း ဆိုပါတယ်။

စိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍ တည်ငြိမ်နေတယ်ဆိုတဲ့အပေါ် ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ်က ဒေါက်တာစိုးထွန်းက သူအမြင်ကို အခုလို ပြောပါတယ်။

"ကျနော်တို့ စဉ်းစားရင်တော့ ထုတ်လုပ်တာတစ်ခုတည်း မဟုတ်ဘဲ ဈေးကွက်ပါစဉ်းစားရမှာပေါ့။ ကျနော်တို့ရဲ့ စိုက်ပျိုးရေးထွက်ကုန်အများစုက တရုတ်နိုင်ငံကိုပဲ အဓိက တင်ပို့နေရတယ်။ တရုတ်နိုင်ငံက ကျနော်တို့ ပြည်တွင်းက ထွက်တဲ့အရာတွေကို ဖမ်းဆီးနေတယ်။တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မှ စိုက်ပျိုးရေးကဏ္ဍဟာ တည်ငြိမ်တဲ့ ဈေးကွက်တစ်ခုရမှာ ဖြစ်ပါတယ်"

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအနေနဲ့ အန္ဒိယကို ပဲတင်ပို့မှု ရပ်တန့်ခံရတာတွေလည်းရှိခဲ့ပြီး ဒါတွေက စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်လာဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့လိုသလို မြန်မာငွေ တန်ဖိုးမြင့်တက်လာဖို့၊ ပို့ကုန်တင်ပို့မှုတွေ အားကောင်းလာဖို့၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွေ တိုးတက်လာဖို့ လိုအပ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါ့အပြင် အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြောင်းလဲဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိပါတယ်။

ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်ဖို့အတွက် လျှပ်စစ်ရရှိရေးက အရေးပါကြောင်း ပြောပါတယ်။

"လျှပ်စစ်မရှိဘဲနဲ့ ထုတ်လုပ်မှုကို လုပ်လို့မရဘူး။ ဒေသအသီးသီးမှာ လော်ဘီတွေကြောင့် ကျောက်မီးသွေးလည်း မလုပ်ရဲ ဘာလည်းမလုပ်ရဲဆိုရင် ကျနော်တို့ ဖယောင်းတိုင်နဲ့ ထုတ်လုပ်မှုကို လုပ်လို့မရပါဘူး။ အကောင်းဆုံးကို ဆုံးဖြတ်ပြီး လုပ်ရဲကိုင်ရဲရှိဖို့လိုတယ်။ ပညာရေးမှာ တစိုက်မတ်မတ်နဲ့ ရင်းနှီးပြီးလုပ်ရင်နောက် ၁၀ တန်သည်မှာ ဒေသတွင်းမှာမီလာနိုင်ပါတယ်။ ကမ္ဘာမီဖို့က အများကြီးလိုပါသေးတယ်"

စီးပွားရေးတိုးတက်လာဖို့ဆိုရင် ပညာရေးကဏ္ဍအပါအဝင် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်နိုင်ဖို့နဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို သင်ကြားပေးနိုင်ဖို့ ရေရှည်စီမံကိန်း တစ်ရပ်အနေနဲ့ အကောင်အထည် ဖော်ဆောင်ရွက်သင့်တယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်ရှင်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။