၂၀၂၅ ခုနှစ် မြန်မာ့စီးပွားရေး အားရစရာမရှိကြောင်း ကမ္ဘာ့ဘဏ် ခန့်မှန်း
2024.12.11

ပြည်တွင်းပဋိပက္ခ၊ သဘာဝဘေးနဲ့ အခြေခံကုန်စည် ရှားပါးမှုတွေကြောင့် ၂၀၂၅ ခုနှစ် မြန်မာ့စီးပွားရေး မျှော်မှန်းချက်ဟာ အားရစရာမရှိဘူးလို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၅ ခုနှစ် မတ်လအတွက် စီးပွားရေးခန့်မှန်းချက်ဟာ အနုတ် တစ်ရာခိုင်နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ကမ္ဘာ့ဘဏ်ရဲ့ လွန်ခဲ့တဲ့ခြောက်လက မြန်မာ့စီးပွားရေးတိုးတက်နှုန်း ခန့်မှန်းချက်ထက် ပိုလျော့နည်းနေတယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“အခုလက်ရှိကတော့ အဆင်မပြေဘူးပေါ့။ EPC လျှပ်စစ်မီးတွေကလည်း မရဘူးဆိုတော့ လုပ်ငန်းတွေကတော့ ရပ်ဆိုင်းဖို့ အခြေအနေကတော့များတယ်"
ကုန်းကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ပြည်တွင်းဝယ်လိုအားနည်းမှုတွေကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှု ကဏ္ဍအသီးသီးမှာလည်း တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း မြန်မာ့စီးပွားရေးဟာ လာမဲ့ ၂၀၂၅ ခုနှစ်မှာလည်း ပိုကောင်းလာနိုင်ဖို့မရှိဘူးလို့ သုံးသပ်ပါတယ်။
“ကျွန်တော်တို့ ပြည်ပပို့ကုန်ကလည်း ထင်သလောက်သွားလို့မရဘူးလေ။ နောက်ပြီးတော့မှ ၂၀၂၄ ထဲမှာ ရေကြီးနစ်မြုပ်မှုတွေက များသွားတော့ စိုက်ပျိုးရေးဧရိယာတော်တော်များများလည်း ပျက်စီးဆုံးရှုံးသွားတယ်။ ဆိုတော့ အဲဒါတွေကို ပြန်ကုစားဖို့ဆိုတာလည်း အများကြီးလိုအပ်သေးတယ်လေ။ ပြည်တွင်းမှာလည်း စားသုံးကုန်ဈေးနှုန်းတွေက တအားတက်နေတာကိုး။ ဆိုတော့ အဲဒီအနေအထားရ သုံးသပ်ရရင်တော့ ကျွန်တော်တို့ ရှင်းရှင်းပြောရင်တော့ ၂၀၂၅ မှာလည်း စီးပွားရေးက သိပ်ကောင်းလာနိုင်တဲ့ လမ်းမမြင်ဘူးလို့ပဲ ဒါပွင့်ပွင့်လင်းလင်း သုံးသပ်ပါတယ်ဗျ”
ဆက်နွှယ်သောသတင်းများ
မြန်မာ့လူဦးရေ သုံးပုံတစ်ပုံခန့် ဆင်းရဲနွမ်းပါးနေ
နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းသိမ်းဆောင်ရွက်နေရကြောင်း စစ်ခေါင်းဆောင် ပြော
စစ်တပ်အာဏာမသိမ်းခဲ့ရင် မြန်မာ့စီးပွားရေး ဘယ်လိုဖြစ်မလဲ
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုသူ စက်မှုလုပ်ငန်းရှင်တစ်ဦးကတော့ လျှပ်စစ်မီးပုံမှန်မရရှိတာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းရမဲ့ အခြေအနေရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“အခုလက်ရှိကတော့ အဆင်မပြေဘူးပေါ့။ မီးကလည်း မရဘူးဆိုတော့လေ။ EPC လျှပ်စစ်မီးတွေကလည်း မရဘူးဆိုတော့ လုပ်ငန်းတွေကတော့ ရပ်ဆိုင်းဖို့ အခြေအနေကတော့များတယ်။ ကျွန်တော်တို့ဘက်တွေဆိုရင် တစ်ပတ်မှာ နှစ်ရက်လောက် လည်ပတ်ပြီးရင် ကျန်တဲ့သုံးရက်လောက်က နားနေရတာပေါ့နော်။ အဲလိုမျိုး ဖြစ်နေတာ”
လာမဲ့ခြောက်လအတွင်း မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ မတည်ငြိမ်မှု ဆက်ဖြစ်နိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ မြို့စုစုပေါင်းရဲ့ထက်ဝက်ခန့်မှာ ပဋိပက္ခတွေဖြစ်နေတာကလည်း ကုန်စည်ထုပ်လုပ်မှု ထောက်ပံ့ရေးနဲ့ နယ်စပ်ကုန်စည် ကူးသန်းရောင်းဝယ်ရေးကို ထိခိုက်စေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာတော့ တိုက်ပွဲတွေအပြင် သဘောဝဘေးဒဏ်ကြောင့်ပါ တောင်သူတွေ အခက်အခဲရှိနေတယ်လို့ ရေဦး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ဘေးရော၊ သဘာဝဘေးရော နှစ်မျိုးကြုံတယ်လို့ ပြောလို့ရတယ်။ စီးပွားရေးလုပ်ငန်းလည်း ဘာမှကို အလုပ်မဖြစ်တော့ဘူး။ ဒီရက်ပတ်ကတော့ ငတ်မသေရင်ပြီးရောဆိုတဲ့ အဆင့်လောက်ပဲ။ မွေးမြူရေး လုပ်ငန်းလည်း လုပ်မရ၊ စိုက်ပျိုးရေးလုပ်ငန်းလည်း ကောင်းကောင်းမွန်မွန်လုပ်မရ၊ လုပ်ရတဲ့ဟာလေးကလည်း ရာသီဥတုနဲ့ စစ်ဘေးစစ်ဒဏ်နဲ့ဆိုတော့ အဆင်မပြေ၊ သွင်းအားစုပစ္စည်းတွေက ဈေးကလည်းကြီးမား၊ အခက်အခဲကတော့ တောင်သူတွေက မျိုးစုံကြုံကြရတာပေါ့”
လတ်တလောရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးနဲ့ ပြည်တွင်းပဋိပက္ခတွေဟာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမားတာကြောင့် အိမ်ထောင်စုတွေဟာ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်နဲ့ လုပ်သားစျေးကွက် အားနည်းမှုဒဏ်ကို ခါးစည်းခံနေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ပြည်ပထွက်အလုပ်လုပ်ကိုင်တာက အရေးပါတဲ့နည်းလမ်းတစ်ခု ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ပြည်ပထွက် အလုပ်လုပ်သူအများစုဟာ တရားမဝင်လမ်းကြောင်းကနေ သွားနေကြတာတွေ့ရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ဦးဆောင်သူနဲ့ အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန်အဒ်ဝပ်က အစီအရင်ခံမှာ ထည့်ပြောထားပါတယ်။
ဒါကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ တရားဝင်လမ်းကြောင်းကသွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း ကမ္ဘာ့ဘဏ်က တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း အခုနှစ်အတွင်း ထိုင်းနိုင်ငံကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ခုနစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ယေဘုယျအားဖြင့်တော့ ၂၀၂၄ ဇန်နဝါရီလကနေ အခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့အတွက် တရားမဝင်မြန်မာ ခုနစ်ထောင်ကျော်လောက် အဖမ်းခံထားရတယ်။ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာရယ်၊ ဝင်ငွေနည်းပါးတာရယ်၊ နောက် စစ်သားစုဆောင်းရေး စစ်မှုထမ်းကိစ္စတွေရယ်၊ နောက်မိမိတို့ရဲ့ ကျေးရွာမှာနေတဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ အခါကျတော့ အိမ်နီးချင်းထိုင်းနိုင်ငံကို ပြေးဝင်ကြတာများတယ်”
ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ စစ်တမ်းအရ ထိုင်းနဲ့ မလေးရှားကို သွားရောက်အလုပ်လုပ်တာက ပြည်တွင်းထက် နှစ်ဆက သုံးဆ လုပ်အားခပိုရတဲ့အပြင် ဂျပန်နဲ့ ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်တာက ဆယ်ဆကျော် ဝင်ငွေပိုရနိုင်တယ်လို့ ဆိုပါတယ်။
ပြည်ပထွက်အလုပ်လုပ်ကိုင်တာ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ထောင်စုတွေရဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်းအတွက် အဓိက ဝင်ငွေရလမ်း ဖြစ်စေတယ်လို့လည်း ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ဒီနေ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အာဏာသိမ်းသုံးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စုစုပေါင်းလူဦးရေ ၅၅ ဒသမ ၈ သန်းထဲက ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) က အခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။