မြန်မာ့လူဦးရေ သုံးပုံတစ်ပုံခန့် ဆင်းရဲနွမ်းပါးနေ
2024.06.12

[Update: 6: 02 PM, June 12, 2024]
မြန်မာနိုင်ငံမှာ ၂၀၂၄ နှစ်အစပိုင်းမှာ နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ ၃၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်ရှိနေပြီး နောက်ထပ်သုံးပုံတစ်ပုံဟာလည်း ဆင်းရဲတဲ့အခြေအနေကို ကျရောက်နိုင်ခြေများနေတယ်လို့ ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးလိုက်ပါတယ်။
ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးဟာလည်း လာမဲ့ ၂၀၂၅ မတ်လအထိ ၁ ရာခိုင်နှုန်းသာရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏဟာ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က စီးပွားရေးတိုးတက်မှုနှုန်းထက် ၉ ရာခိုင်နှုန်း လျော့ကျနေတာလို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
"ကုန်ဈေးနှုန်းတွေလည်း ဒီလောက်တက်နေတာ အခု ဆီတစ်ဆယ်သားကို ၁၆၀၀ ဖြစ်နေတာ။ ဆန်တစ်ပြည်ကို ခြောက်ထောင်ကျော်ဖြစ်နေတာ ဘယ်လိုလုပ်မလဲ"
ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်းတွေဟာလည်း ဆက်လက် မြင့်တက်ဖွယ်ရှိနေတဲ့အတွက် ဆင်းရဲမွဲတေမှုဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဆိုးရွားနေမယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီတိုင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တံငါသည်တစ်ဦးကတော့ အာဏာသိမ်းပြီးနောက် အဆမတန်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ထမင်းနပ်မမှန်တော့ဘူးလို့ RFA ကို ပြောပါတယ်။
“မရှက်မကြောက်ပြောမယ်ဆိုရင် မနက်ကတောင် ထမင်းမစားရဘူး။ မနက်ကတောင် တို့မိသားစု ထမင်း မစားရဘူးလေ။ ဘာလို့လဲဆို အလုပ်အကိုင်လည်းမရှိ ကုန်ဈေးနှုန်းတွေလည်း ဒီလောက်တက်နေတာ အခု ဆီတစ်ဆယ်သားကို ၁၆၀၀ ဖြစ်နေတာ။ ဆန်တစ်ပြည်ကို ခြောက်ထောင်ကျော်ဖြစ်နေတာ ဘယ်လိုလုပ်မလဲ။ မိုးကောင်းရင် အလုပ်မရှိတော့ မုန့်ပဲသရေစာလေး လုပ်ရောင်းနေရတာပဲ။ အဲဒါအရင်းပြုတ်သွားပြန်တော့ ကလေးတွေက မနက်က ကျောင်းတောင် မတက်ရဘူး ထမင်းပို့စရာ မရှိလို့”
ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ဆင်းရဲနွမ်းပါးသူတွေဟာ အာဏာမသိမ်းခင် ကိုဗစ်ကာလထက် ခုနစ်သန်း ပိုတိုးလာတာလို့ ရေးသားထားပါတယ်။
ဝင်ငွေကျဆင်းတာ၊ အသုံးစရိတ်ချွေတာတာတွေကလည်း စားသုံးမှုနဲ့ လက်လီရောင်းဝယ်ဖောက်ကားမှုတွေအတွက် အတားအဆီးဖြစ်နေသလို သွင်းကုန်ပြတ်လတ်မှု၊ လုပ်သားဈေးကွက်မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေက ကုန်ထုပ်လုပ်ငန်းတွေအတွက် အတားအဆီးဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။
လက်ရှိ စီးပွားရေးအခြေအနေဟာ လုပ်ငန်းအကျိုးအမြတ်ထက် လုပ်ငန်းဆက်ပြီး ရပ်တည်နိုင်ရေးအတွက် လုပ်ကိုင်နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အသေးစားစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဘယ်လိုကွာခြားသွားလဲဆိုတော့ ဝင်ငွေလည်းလျော့တယ်။ ကုန်ကျစရိတ်တွေ များတာဖြစ်တဲ့အတွက် ကုန်ထွက်နှုန်းလည်းလျော့တယ်။ ကုန်ကျစရိတ်များပြီး ကုန်ကြမ်းက ကိုယ်လိုသလောက်မရဘူး ဈေးကွက်ထဲမှာ။ အဲဒီလိုမျိုးလေးတွေတော့ ရှိတယ်ရှင့်။ အလုပ်တစ်ခုလက်ခံလိုက်ပြီဆိုရင် ကိုယ့်အတွက် ကိုက်ဖို့ မကိုက်ဖို့ထက် ဝန်ထမ်းရေရှည်ထိန်းနိုင်ဖို့ နည်းနည်းလေး Run (လည်ပတ်) ရတဲ့ပုံစံ ဖြစ်နေတာ။ အလုပ်လုပ်လို့ အမြတ်အစွန်းကျန်လားဆို မကျန်ဘူး”
ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် တစ်နေ့လေးနာရီလောက်သာရတဲ့ လျှပ်စစ်မီးပြဿနာဟာလည်း ကုန်ထုတ်ရာမှာ အဟန့်အတားဖြစ်နေတယ်လို့ နောက်ထပ် ရန်ကုန်မြို့က အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ပိုခက်ခဲတာပေါ့ဗျာ။ တကယ်လည်း ခက်ခဲပါတယ်။ အရင်တုန်းကတော့ ပုံမှန်အလုပ်လုပ်နေရတယ်။ အခုကတော့ မီးပေးတဲ့ တစ်နေ့လေးနာရီနဲ့ပဲ လုပ်နေရတယ်။ လိုတဲ့အခါ မီးစက်လေးနဲ့ပေါ့။ ပုံမှန်ထုတ်နိုင်တဲ့ ပမာဏရဲ့ လေးပုံ သုံးပုံပဲ ထုတ်နိုင်တယ်။ နောက်ပြီး Order (အမှာစာ) လည်း သိပ်မရှိဘူးပေါ့ဗျာ”
ဒီပုံစံအတိုင်းဆို ရေရှည်မှာ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့ ပိုခက်ခဲလာမယ်လို့လည်း သူကဆိုပါတယ်။
ပို့ကုန်သွင်းကုန်ကဏ္ဍမှာလည်း မတ်လ ၂၀၂၄ ခုနှစ်နဲ့ ကာလတူနှိုင်းယှဉ်ရင် ပို့ကုန်က ၁၃ ရာခိုင်နှုန်း၊ သွင်းကုန်က ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ရေးသားထားပါတယ်။
ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကိုင်သူများပြားတဲ့အတွက်လည်း ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ဆိုင်ရာ အစီအစဉ်ဦးဆောင်သူနဲ့ အကြီးတန်း စီးပွားရေး ပညာရှင် ကင်မ် အယ်လန် အဒ်ဝပ်က ထောက်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်ဟာ တကယ်ဖြစ်နေတဲ့အခြေအနေကို တွက်ချက်ပြတာဖြစ်ပြီး လက်တွေ့မှာလည်း စီးပွားရေးကျဆင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဆင်းရဲနွမ်းပါးမှုရော၊ စီးပွားရေးအခြေအနေကရော တိုးတက်ဖို့က မလွယ်ဘူးလေ။ ထုံးစံအတိုင်းပဲ ငွေကြေး မတည်ငြိမ်တာရယ်၊ နိုင်ငံရေးမတည်ငြိမ်တာရယ်၊ သွင်းကုန်တွေ ခက်ခဲတာရယ် အဲဒီလိုတွေကြောင့် ရှိသမျှ လုပ်ငန်း တော်တော်များများကတော့ ထိခိုက်မှာပါပဲ။ ကမ္ဘာ့ဘဏ်ကတော့ သူ့ဘာသူ Analyze (ခွဲခြမ်းစိတ်ဖြာ) လုပ်ပြီး ကိန်းဂဏန်းအချက်အလက်တွေကို သုံးသပ်ပြတာပေါ့နော်။ ကမ္ဘာ့ဘဏ်က မထုတ်ပြန်လည်း စီးပွားရေးလုပ်နေတဲ့သူတွေက သိနေတာပဲလေ ဒီဟာကြီးက အခြေအနေက”
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဟန်မျိုးအောင်တို့ကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုသာ မေးမြန်းဖို့ ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံစီးပွားရေးကျဆင်းစေဖို့ အဘက်ဘက်က ဝိုင်းဝန်းတိုက်ခိုက်ခံနေရတယ်လို့ ဇွန်လ ၇ ရက်နေ့ နေပြည်တော်က စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါ တယ်။
မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က တစ်ကျပ်သားကို ၁၃ သိန်းဝန်းကျင်ရှိခဲ့တဲ့ အခေါက်ရွှေဈေးနှုန်းတွေဟာ အာဏာသိမ်းပြီးနောက် သိန်း ၆၀ နီးပါးအထိ စံချိန်တင်ခဲ့သလို အမေရိကန် တစ်ဒေါ်လာဟာလည်း ၁၃၀၀ ကျပ်ဝန်းကျင်ကနေ ၄၇၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
(မှတ်ချက် - ဧရာဝတီတိုင်း ဒေသခံတစ်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ထားပါသည်။)