ရှမ်းမြောက်ဒေသမှာ တရုတ်ငွေလိမ်ဂိုဏ်းတွေ ဘာကြောင့်ကြီးထွားလာသလဲ

RFA Burmese
2023.12.22
ရှမ်းမြောက်ဒေသမှာ တရုတ်ငွေလိမ်ဂိုဏ်းတွေ ဘာကြောင့်ကြီးထွားလာသလဲ 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်း ပေးနေစဉ်။
Citizen Journalist

“ဝ” နဲ့ ကိုးကန့် အာဏာပိုင်တွေရဲ့ ပြောဆိုချက်၊ စစ်ကောင်စီနဲ့ တရုတ်လုံခြုံရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၃ ခုနှစ် စက်တင်ဘာ လဆန်းကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ သုံးလကျော်အတွင်း ရှမ်းမြောက်ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား လေးသောင်းကျော်ကို ဖမ်းဆီးပြန်ပို့ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၁၅ ရက်‌ ထုတ်ပြန်ချက်အရ ၂၀၂၃ အောက်တိုဘာ ၃၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရှမ်းမြောက်ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ် နိုင်ငံသား ၁၂,၀၄၈ ဦးကို ဖမ်းဆီးပြန်ပို့ခဲ့ပါတယ်။ အခု နောက်ပိုင်းပြန်ပို့တဲ့ တရုတ်နိုင်ငံသား အများစုဟာ ကိုးကန့်ဒေသကဖြစ်ပြီး ဒီလို ဖမ်းဆီးမှုတွေကို “ဝ”ဒေသမှာ စက်တင်ဘာ လဆန်းကတည်းက လုပ်ဆောင်ခဲ့တာပါ။

UWSA “ဝ” တပ်ဖွဲ့ဟာ “ဝ” ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ဖမ်းဆီးပြီး နယ်စပ်ကတစ်ဆင့် တရုတ်ရဲတပ်ဖွဲ့ထံ ချက်ချင်း လွှဲပြောင်းပေးခဲ့သလို နောက်ပိုင်းမှာ လည်း ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။

“အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ကြီးထွားလာတာတွေအတွက် တရုတ်-မြန်မာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်”

တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၃၁,၀၀၀ ကို လွှဲပြောင်းယူခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ငွေလိမ်ဂိုဏ်းတွေကို‌ နောက်ကွယ်ကနေ ကြိုးကိုင်သူ၊ လူစုဆောင်းပေးသူ အဓိက အဖွဲ့ဝင် ၆၃ ဦးနဲ့ တရုတ်ဝရမ်းပြေး ၁၅၃၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်တွေအရ စက်တင်ဘာ လဆန်းကနေ ဒီဇင်ဘာ လလယ်အထိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးပြန်ပို့ခဲ့တဲ့ တရုတ်နိုင်ငံသား ပျမ်းမျှ လေးသောင်း ကျော် ရှိနေပါပြီ။

ဒီလိုသောင်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ မြန်မာပိုင်နက်ထဲမှာ ရာဇဝတ်မှုတွေ ကျူးလွန် နိုင်တာဟာ စစ်ကောင်စီ လက်အောက်ခံ ဒေသအဆင့်ဆင့် အာဏာပိုင်တွေရဲ့ ကိုယ်ကျိုးရှာ လာဘ်စားမှုကြောင့် ထိန်းမနိုင် သိမ်းမရ ဖြစ်လာတာလို့ တရုတ်-မြန်မာ နယ်စပ်မှာ ကာလကြာရှည် နေထိုင်ခဲ့ဖူးတဲ့ နိုင်ငံရေး သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“စစ်ကောင်စီရဲ့ အဆင့်ဆင့်သော ဒေသခံ အာဏာပိုင်အရာရှိတွေက ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်ပြီးတော့ ကိုယ်ကျိုးရှာနေတဲ့ကိစ္စတွေ အဲဒါကတော့ အထူးသဖြင့် ထင်ရှားပါတယ်။ အဲဒီလို အခြေအနေအောက်မှာ ဒါတွေ ကျယ်ပြန့်ကြီးထွားလာတာ။ ဒါတွေကို ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီးတော့ တရုတ်ပြည်ဘက်က အရေးယူမှုတွေ လုပ်လာတဲ့အခါကျတော့ တရုတ်နဲ့သူတို့ ဆက်ဆံရေး မပျက်ပြားဖို့၊ သူ့ကိုထောက်ခံ အားပေးမှုကို ဆက်ထိန်းထားဖို့အတွက် စစ်ကောင်စီအနေနဲ့ ဟန်ပြ အဲဒီ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ အရေးယူမှုတွေ နောက်ပိုင်းမှ လုပ်ဆောင်လာတာ ဖြစ်ပါတယ်”

နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ အောင်မျိုးကတော့ နယ်စပ်ဒေသ အွန်လိုင်း ငွေလိမ်လုပ်ငန်း တွေကို မနှိမ်နင်းနိုင်တာဟာ သဘာဝတရားမို့ တာဝန်ရှိသူတွေ သိပ်ခံစားနေစရာ မလိုဘူးလို့ RFA ကို ပြောပါတယ်။

“အထူးသဖြင့် နိုင်ငံတွေရဲ့ ကျင့်သုံးနေတဲ့ လူမှုစီးပွားရေးဘဝ၊ စနစ်တွေနဲ့လည်း သွားပြီးတော့ သက်ဆိုင်တာကို တွေ့ရပါတယ်။ ဒီအတွက်ကြောင့်မိုလို့ ဒါကတော့ နိုင်ငံအလိုက် အစိုးရတွေအနေနဲ့ အမြဲတမ်း ပပျောက်သွားမှာ မဟုတ်ဘဲနဲ့ တစ်သက်လုံး ပေါ်လာလိုက်၊ နှိမ်နင်းလိုက်နဲ့ ဒါကတော့ သဘာဝ တရားလို့ပဲ တွေးပြီး သိပ်ပြီးတော့ အာဏာပိုင်တွေအကုန်လုံးက အရမ်းခံစားနေဖို့ မသင့်ဘူးလိုပဲ ပြောချင်ပါတယ်”

ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ရှိနေပြီး အဲဒီအောက်မှာ အမှတ် (၁၂၅) ခြေလျင်တပ်ရင်း (ကုန်းကြမ်း)၊ အမှတ် (၁၂၇) ခြေလျင်တပ်ရင်း (ကောင်းကော်-ကွမ်းလုံ)၊ အမှတ် (၁၂၈) ခြေလျင်တပ်ရင်း (ပါစင်ကျော်)၊ အမှတ် (၁၂၉) ခြေလျင်တပ်ရင်း (ချင်းရွှေဟော်)၊ အမှတ် (၂၃၉) ခြေလျင်တပ်ရင်း (နားလီ-လောက်ကိုင်)၊ အမှတ် (၃၁၂) ခြေလျင်တပ်ရင်း (ကွမ်းလုံ)၊ အမှတ်(၃၂၂) ခြေလျင်တပ်ရင်း (လောက်ကိုင်) စတဲ့ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ အခြေစိုက်ထားပါတယ်။

ဒီလို တပ်ရင်းတပ်ဖွဲ့တွေအပြင် စစ်ကောင်စီရဲ့ ထွေအုပ်ရုံး၊ လူဝင်မှု ကြီးကြပ်ရေး ရုံးတွေလည်း ရှိနေပါတယ်။ ဒီလို အခြေအနေအောက်မှာ ဘာကြောင့် တရုတ်နိုင်ငံသား ဒီလောက်များများ ကိုးကန့်ဒေသထဲ ဝင်လာပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ လုပ်နိုင်ခဲ့သလဲဆိုတာ သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဒီဇင်ဘာ ၅ ရက်နေ့တုန်းကတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာပိုင်နက်ကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် အလုပ်တွေကို လက်မခံကြောင်း စစ်ကောင်စီ မီဒီယာတွေကတစ်ဆင့် ပြောခဲ့ပါတယ်။

“နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်း တွေအပေါ်မှာ ထားရှိတဲ့မူဝါဒသည် ကျွန်တော်တို့ရဲ့ နယ်မြေ၊ မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို အသုံးပြုပြီး အိမ်နီးနားချင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် အလုပ်တွေ၊ အိမ်နီးနားချင်း နိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် လုပ်ငန်းတွေကို လုံးဝ လက်မခံဘူးလို့ အတိအလင်း ပြောကြားပြီး ဖြစ်ပါတယ်”

အခုနောက်ပိုင်း ရှမ်းမြောက်ဒေသက ဖမ်းမိသူ၊ ဖမ်းဝရမ်း အထုတ်ခံရသူတွေထဲမှာ မြီရှောက်ချန်း၊ ပယ်ဆောက်ချိန်နဲ့ ဦးမောင်မောင် (ခ) လျိုကျိန်ချိ တို့လို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ လွှတ်တော်အမတ်ဟောင်း‌တွေ၊ ကိုးကန့်ဒေသ ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပါဝင်နေပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်အပါအဝင် ဆယ်ဦး။ (Photo: The Kokang)
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်အပါအဝင် ဆယ်ဦး။ (Photo: The Kokang)

ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုးကန့်ဒေသ ဦးစီးအဖွဲ့ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

တရုတ်-မြန်မာနယ်စပ် မြန်မာပိုင်နက်ထဲမှာ တရုတ်နိုင်ငံသားတွေ သောင်းနဲ့ချီပြီး တရားမဝင် နေထိုင်တာ၊ နှစ်အနည်းငယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ကြီးထွားလာတာတွေအတွက် တရုတ်-မြန်မာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“အားလုံးမှာ တာဝန်ရှိတယ်ဗျ။ တရုတ်ပြည်ကလည်း သူ့ရဲ့ ထိန်းချုပ်မှု ပေါ်လစီတွေ သိပ်ပြီးတော့ သူ့နယ်စပ်ကို ကောင်းကောင်း မထိန်းနိုင်တာပါမယ်။ တချို့နေရာတွေမှာ ယိုပေါက်တွေရှိတယ် ထင်တယ်။ အဲဒီယိုပေါက်တွေကနေ ထွက်ကြတာပေါ့နော်။ ဗမာပြည်ဘက်ကတော့ ပြောမနေနဲ့လေ။ ဘာတရားဥပဒေမှရှိတာ မဟုတ်ဘူး။ ငွေရရင် ဟိုဒင်းပြုတာပဲ။ အဲဒါကြောင့် ဝင်နေတယ်ထင်တယ်။ အဲဒီတော့ ဥပဒေမဲ့သလို ဖြစ်နေတော့ အဲဒီအမှုတွေက တအား ပွားချင်တိုင်း ပွားတယ်ထင်တယ်။ ဒါကြောင့်မို့လို့ တရုတ်ပြည်ကလည်း အများကြီး သွားကြတယ်နဲ့ တူပါတယ်။ ဒါကြောင့် ဒီလောက် မိတာပေါ့။ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ တစ်ဦးတစ်ယောက်တည်းမှာတင် မဟုတ်ပါဘူး”

သောင်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ ဘာကြောင့် နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံထဲ ကာလကြာရှည် ဝင်ရောက်နိုင်သလဲဆိုတာနဲ့ ဖမ်းဆီးပြန်ပို့ထားသူတွေကို ဘယ်လို အရေးယူမလဲဆိုတာ သိနိုင်ဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး သက်ရောက်နေတာကြောင့် ဒီလုပ်ငန်းတွေကို နှိမ်နင်းဖို့ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာ ၈ ရက် မဲခေါင်-လန်ချန်း ညီလာခံမှာ ပြောခဲ့ပါတယ်။

ဒီအခြေအနေအတွင်းမှာပဲ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာအခြေချပြီး အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ (Sex Chat) လုပ်၊ ခြိမ်းခြောက် ငွေညှစ်နေတဲ့အဖွဲ့ရဲ့ ခေါင်းဆောင် Sun ဆိုသူကို မြန်မာနိုင်ငံကနေ ဖမ်းဆီးပြီး တရုတ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

ရှမ်းမြောက်ဒေသ “ဝ” နဲ့ ကိုးကန့်ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ဆက်တိုက် ဖမ်းဆီးနေပေမယ့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့ DKBA ထိန်းချုပ်ရာ မြဝတီ ‌ရွှေကုက္ကိုဒေသမှာ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ထိန်းမနိုင် သိမ်းမရ ကြီးထွားနေဆဲဖြစ်ကြောင်း ဒေသခံတွေက RFA ကို မကြာခဏ ဆက်သွယ်ပြောဆိုလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။