မြန်မာ့အရေး အာဆီယံ ဘယ်လောက် လုပ်ပေးနိုင်မလဲ
2021.08.10
မြန်မာ့နိုင်ငံရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၆ ရက်နေ့က သဘောတူ ခန့်အပ်ထားတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) မစ္စတာ Erywan Yusof ဟာ မကြာခင် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။
သူ မြန်မာနိုင်ငံကိုလာတဲ့အခါမှာ တွေ့ဆုံသင့်သူအားလုံးနဲ့ အပြည့်အ၀ တွေ့ဆုံဆွေးနွေးလိုတယ်လို့ အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး နောက်တစ်ရက်မှာပဲ ပြောခဲ့ပါတယ်။
အာဆီယံက အခုလို မြန်မာ့အရေး ကြားဝင်ဖြေရှင်းဆောင်ရွယ်မယ်ဆိုတာကို ကြိုဆိုပေမယ့် တစ်ဖက်မှာ စစ်ကောင်စီက သူတို့အတွက် အာဆီယံကို အသုံးချသွားမှာကို စိုးရိမ်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ NLD ဗဟိုကော်မတီဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“တစ်ခုစိုးရိမ်တာကတော့ အာဏာသိမ်းစစ်အုပ်စုကို သက်ဆိုးရှည်ရေးအတွက် အသိအမှတ်ပြုခံရဖို့အတွက် အချိန်ဆွဲပြီးတော့ ဟန်ပြလုပ်သွားမှာကို စိုးရိမ်တယ်။ အဲဒါဆိုရင်တော့ လက်ရှိအာဆီယံမှာ တာဝန်ယူထား တဲ့ ခေါင်းဆောင်တွေရဲ့ သမိုင်းမှတ်တမ်းကို နောင်လာနောင်သားတွေက အထင်သေးရှုတ်ချတာမျိုး ခံရ ပါလိမ့်မယ်။ တိုင်းပြည်အတွက် မြန်မာပြည်မှာ မရှိမဖြစ် ပြည်သူတွေ ယုံကြည်အားကိုးတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ဆုံခွင့်ရမယ် တွေ့ဆုံအောင် ကြိုးစား မယ်ဆိုရင် ဒါအာဆီယံရဲ့ ဂုဏ်သိက္ခာကို အမြင့်ဆုံးလွှင့်ထူနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်လို့ ကျွန်တော်မြင်ပါတယ်။"
အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးဝင်းမြင့်တို့နဲ့ တွေ့ခွင့်ပေးရေးကလည်း မသေချာဘူးလို့ နိုင်ငံရေးသုံးသပ်သူတွေအတွင်း ယူဆထားသူတွေရှိပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲမှာ သက်ဆိုင်သူပုဂ္ဂိုလ်တွေနဲ့ တွေဆုံဖို့ဆိုတာ ပါဝင်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်တန်ရင် တွေ့ နိုင်မှာဖြစ်ကြောင်း အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ Yusof က ပြောထားပါတယ်။
"အာဏာသိမ်းစစ်အုပ်စုကို သက်ဆိုးရှည်ရေးအတွက် အသိအမှတ်ပြုခံရဖို့အတွက် အချိန်ဆွဲပြီးတော့ ဟန်ပြလုပ်သွားမှာကို စိုးရိမ်တယ်"
အကြမ်းဖက်မှုတွေကို အဆုံးသတ်အောင် ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ တစ်ဖက်နဲ့ တစ်ဖက် ဘယ်လို ဆွေးနွေး ညှိနှိုင်းနိုင်ကြမလဲ၊ အခက်အခဲတွေ၊ အတားအဆီးတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတာတွေကို မြန်မာ နိုင်ငံသားတွေကိုယ်တိုင် ကိုင်တွယ်ဆွေးနွေး အဖြေရှာကြရမှာဖြစ်တယ်လို့လည်း မစ္စတာ Yusof က ဆို ပါတယ်။
အာဆီယံကိုယ်စားလှယ် မြန်မာပြည်ကိုလာတဲ့အခါ ညှိနှိုင်းရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဘယ်လောက် လုပ်ပိုင်ခွင့်ရမလဲဆိုတဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်တယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက လိုက်နာဆောင်ရွက်မှု မရှိနိုင်ဘူးလို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ က ယူဆ ပါတယ်။
"နိုင်ငံတကာက ဖိအားပေးတဲ့အပေါ်မှာ မြန်မာစစ်တပ်အနေနဲ့ ဘယ်လောက်ထိ လိုက်နာအကောင်အထည် ဖော်မလဲ၊ အာဆီယံသဘောတူညီချက်ကိုရော ဘယ်လောက်ထိ လိုက်နာအကောင်အထည်ဖော်မလဲ ဆိုတဲ့ အပေါ်မှာတော့ လိုက်နာဆောင်ရွက်မှုရှိနိုင်တယ်လို့ အတိအကျပြောလို့ရနိုင်တဲ့ အခြေအနေ မရှိဘူးလို့ပဲ ပြောလိုပါတယ်။"
မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုတဲ့ စိတ်ဆန္ဒရှိတဲ့သူတွေကပဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင်ရွက်မှ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းလို့ရမယ်လို့ ဦးသာထွန်းလှက မြင်ပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာနိုင်ဆွေဦး ကတော့ တချို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီး တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိရဆိုတဲ့ အာဆီယံရဲ့မူဘောင်ကိုကျော်ပြီး လုပ် ဆောင်ချင်လာတဲ့ အခြေအနေမျိုးတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာနိုင်ပေမယ့် ဖြစ်ပေါ်တိုးတက်မှုကတော့ သိပ်မရှိနိုင်ဘူးလို့ ဒေါက်တာ နိုင်ဆွေဦး က ယူဆပါတယ်။
"ဒီဖက်ကလည်း ခန့်အပ်တာကို လက်ခံထားပြီး ဖြစ်တဲ့အတွက် လာမယ်ဆိုရင် ပြည်ဝင်ခွင့်ပြုကောင်းပြု လိမ့်မယ်။ အစိုးရအကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လိမ့်မယ်။ ဒါပေမဲ့ သွားတဲ့မူဝါဒသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ သူချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သွားလိမ့်မယ်လို့ ကျနော့် အနေနဲ့ ယူဆတယ်။ သူ့မှာ နိုင်ငံရေးလမ်းပြမြေပုံ ( Road map ) ချမှတ်ထားတာရှိတာကိုး။ ဒါနဲ့ပတ်သက်ပြီး သိပ်ပြီးအပြောင်းအလဲရှိလိမ့်မယ်လို့ မမြင်ဘူး။ နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုတွေ အပြင် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ကြုံတွေ့နေရတော့ အာဆီယံအနေနဲ့ ဘာတွေပူးပေါင်းဆောင်ရွက်မှုရှိမလဲ ဆိုတာတော့ ဖြစ်နိုင်တယ်။ နိုင်ငံရေးအရတော့ ဆွေးနွေးတာတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ သိပ်ပြီး တော့ ဖြစ်ပေါ်တိုးတက်မှု ရှိချင်မှရှိလိမ့်မယ်လို့ထင်တယ်။"
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတဲ့ မိန့်ခွန်းမှာတော့ သူ့အနေနဲ့ အာဆီယံမူဘောင်အတွင်းက ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
အာဆီယံကိုယ်စားလှယ်က ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ရင် စစ်ကောင်စီအာဏာတည်မြဲရေးကို တွန်းပို့ပေးသလို ဖြစ်နေလိမ့်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် က သုံးသပ်ပါတယ်။
"အာဆီယံကိုယ်စားလှယ်ရဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်မှာ ဘယ်သူတွေ ပါမလဲ။ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့လို ပုဂ္ဂိုလ်တွေပါမလားပေါ့။ တော်လှန်ရေးလုပ်နေကြတဲ့ အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒါတွေအကုန်လုံး တွေ့ဆုံဆွေးနွေးနိုင်မှ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်နိုင်လိမ့်မယ် အဲလိုမဟုတ်ဘဲနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုတဲ့ အဖွဲ့နဲ့ပဲ တွေ့ဆုံပြီး ထပြန်သွားမယ်ဆိုရင်တော့ သူ့ရဲ့တွေ့ဆုံ ဆွေးနွေးမှုဟာ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ တိုင်းရင်းသားပြည်သူလူထုတွေ လိုလားတဲ့ အနေအထားမျိုးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ တစ်ဖက်မှာ အချိန်ဆွဲပြီးတော့မှ အာဏာဆက်လက်တည်မြဲရေးကိုပဲ တွန်းပို့ပေးသလို ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။"
စစ်ကောင်စီဟာ ညှိနှိုင်းဆွေးနွေးဖို့ သဘောထားမရှိတာကြောင့် အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုချက် တွေကို လိုက်လျောမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တွက်ပါတယ်။
"စေ့စပ်ညှိနှိုင်းဖို့ဆိုတဲ့ သဘောထားက မင်းအောင်လှိုင်မှာ မရှိဘူး။ မင်းအောင်လှိုင်မှာ မရှိတဲ့ စေ့စပ်ညှိနှိုင်း မှုအတွက်ကို သူကတောင်းဆိုလို့ပဲ ရနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်။ အရေးကြီးတဲ့ တခြား သော ပုဂ္ဂိုလ်တွေနဲ့ တွေ့ချင်တယ်။ တွေ့ခွင့်ပေးပါ။ တောင်းဆိုလို့ရတယ်။ ဒါပေမဲ့ စစ်ကောင်စီ အနေနဲ့က အဲဒီသဘောထားမရှိဘူး။ သူတောင်းဆိုတာ တွေ ပယ်ချလိုက်မှာပေ့ါဗျာ။ သူက ကိုယ်စားလှယ် အနေနဲ့ ဝင်လာပြီးတော့ ရပ်ပါလို့ပြောလည်း ရပ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အာဆီယံကိုယ်စား လှယ် တင်မကဘူး။ ကုလသမဂ္ဂကိုယ်စားလှယ်တောင်မှ မြန်မာပြည်ထဲ ဝင်ခွင့်တောင်မပေးဘူး။ အဲတော့ သူပြောတာတွေက တောင်းဆိုလို့ရတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က ယူဆတယ်။"
မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘဲ တရုတ်နဲ့ ရုရှားကပဲ ဖြေရှင်းပေး နိုင်လိမ့်မယ်လို့ ဦးသန်းစိုးနိုင် က ယူဆပါတယ်။
အာဆီယံဟာ သူ့ရဲ့နဂိုမူလရှိထားတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက် ဖက်ရေးဆိုတဲ့ အခြေခံမူရှိနေပြီး မြန်မာပြည်ရဲ့စစ်ရေး၊ နိုင်ငံရေး ပြဿနာတွေအတွက် ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခဲ့တာမျိုးမရှိသလို မြန်မာပြည်နဲ့ ပတ်သက်ပြီး အားကိုးလို့ရမယ့် အဖွဲ့အစည်းမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။