ဖရဲနဲ့သခွားမွှေးကုန်သည်တွေရဲ့ အခက်အခဲ
2019.01.07

Photo: RFA
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ပေါက် အပိတ်ခံထားရတဲ့အတွက် တရုတ်ပြည်ကို တင်ပို့နေတဲ့ ဖရဲ နဲ့ သခွားမွှေးကုန်သည်တွေ နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဖရဲနဲ့ သခွားစိုက်တောင်သူတွေ အခက်အအခဲကြုံတွေ့နေရတဲ့ အခြေအနေတွေကို RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖရဲနဲ့ သခွားမွှေး ကုန်သည်တွေရဲ့ ဆုံးရှုံးမှု
(သီရိမင်းဇင်)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ဖရဲနဲ့ သခွားမွှေး စိုက်ပျိုးတဲ့ တောင်သူ ၂ ဦးဟာ ကျပ်သိန်း ၁၃၀ ကျော် တန်ဖိုးရှိတဲ့ ဖရဲသီး တန် ၅၀ ကို မုံရွာမြို့မှာ ဒေသခံပြည်သူတွေကို အလကားဝေပေးခဲ့ပြီး ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒထုတ်ဖော်ရင်းနဲ့ ကျင်စန်းကျော့လမ်းကို တရားဝင် MOU ထိုးပြီး ပြန်ဖွင့်ပေးဖို့ အစိုးရကို တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြတောင်သူ ဦးသစ္စာ က ပြောပါတယ်။
"ကျနော်တို့က ဒီဖရဲသီးတွေဝေပြီးတော့ တောင်းဆိုတာက နိုင်ငံတော် အစိုးရအနေနဲ့ ကျင်စန်းကျော့လမ်းကြီးကို နှစ်နိုင်ငံတရားဝင် MOU ထိုးပြီးတော့ ဖွင့်လှစ်ပေးဖို့၊ ကျနော်တို့အတွက် တစ်ခုခုတော့ လုပ်ပေးတော့လေ၊ နှစ်နိုင်ငံ အစိုးရချင်းပြောမယ်ဆိုလည်း ပြောကြတော့ MOU ထိုးမယ်ဆိုလည်း ထိုးကြတော့၊ ဒီပုံစံအတိုင်းပဲ နားလည်မှုနဲ့ တရားမဝင်တာကို နားလည်မှုနဲ့ဖွင့်ပေးပြီးတော့ နောက်ဒါမျိုးထပ်ပိတ်နေရင် ကျနော်တို့က ဘယ်နှစ်ခါ ခံနေရဦးမှာလဲ"
ဒါ့အပြင် တောင်သူတွေ အနေနဲ့ မူဆယ် ၁၀၅ မိုင်မှာပဲ ဖရဲ၊ သခွားမွှေးတွေကို ဈေးပြတ်ရောင်းချနိုင်တဲ့ စနစ် တစ်ခုဖော်ဆောင်ပေးရေးနဲ့ တောင်သူတွေကြုံတွေ့နေတဲ့ အခက်အခဲတွေကို အစိုးရအနေနဲ့ အမြန်ဆုံးကူညီ ဖြေရှင်းပေးရေး စတာတွေလည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ကနေ ၅ ရက်အတွင်း အစိုးရဘက်က တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘူးဆိုရင် မူဆယ် နန်းတော်ဂိတ်ပေါက်မှာ သွားရောက်ဆန္ဒပြမယ်လို့လည်း ဦးသစ္စာ က ပြောပါတယ်။
ဘုတလင်ကနေ မူဆယ်အထိ သစ်သီးတွေ တင်ပို့ဖို့အတွက် ၁၇ တန်ဆံ့တဲ့ကားတစ်စီးကို အရင်က ကျပ် ၉ သိန်း ဝန်းကျင်လောက်နဲ့ ငှားရမ်းလို့ရပေမယ့် အခုဆိုရင် ကျပ် ၁၆ သိန်းခွဲအထိ ပေးတာတောင် အငှားလိုက်မယ့် ကားမရှိဘူးလို့လည်း တောင်သူတွေက ပြောကြပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံကို သစ်သီးတင်ပို့နေတဲ့ ကျင်စန်းကျော့လမ်းကြောင်းကို နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေက တရားမဝင် ကုန်သွယ်တဲ့လမ်းကြောင်းဆိုပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ပိတ်လိုက်ပြီးနောက်ပိုင်း ဒေါ်လာ ၂ သန်းကျော်လောက် ဆုံးရှုံးနစ်နာမှုတွေ ရှိနေပြီလို့ ၁၀၅ မိုင် အရှေ့မြောက် တံခါး အများပိုင်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မိုး က ပြောပါတယ်။
ကားအစီးရေ ၁ ထောင်လောက်က နေ့စဉ်ပိတ်ဆို့နေတာကြောင့် ရက်ကြာလာတာနဲ့အမျှ တောင်သူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေ ပိုပြီး များလာတယ်လို့လည်း ဦးအောင်ကျော်မိုး က ပြောပါတယ်။
"ကားအစီးရေ တစ်ထောင်လောက်က တောက်လျှောက်ပိတ်နေတာ၊ ပိုပြီးတော့ နစ်နာဆုံးရှုံးတယ်ဆိုတာ ကုန်စိမ်းသည် အခင်းထဲကနေ ကားပေါ်တင်တဲ့အချိန်ကနေ တစ်ဘက်နိုင်ငံရဲ့ ချိန်ခွင်ထဲကို ရောက်တဲ့အချိန်အထိ အစ အဆုံးဆို ၁၀ ရက်လောက်ကြာသွားတယ်၊ အရင်က ၃/၄ ရက်လောက်ပဲ ကြာတာ၊ ဘယ်ကုန်စိမ်းမဆို ၁၀ ဆိုတဲ့အတိုင်းအတာက အဆင်မပြေဘူး၊ တချို့ဆို ၁၇ တန်ပါရင် ၁၇ တန်လုံး အမှိုက်ပစ်လိုက်ရတော့တာ၊ တစ်တန်မှ ပိုက်ဆံမရတော့ဘူး"
တောင်သူတွေဟာ သစ်သီးတွေကို မူဆယ် ၁၀၅ မိုင်ကနေ တစ်ဘက်နိုင်ငံထဲကို တင်ပို့ဖို့သွားတဲ့အခါမှာ ကားပေါ်မှာပါတဲ့ ကုန်တန်ချိန်အလိုက် ၂ % ကို အစိုးရကို အခွန်ဆောင်ရတာကြောင့် ဆုံးရှုံးနစ်နာမှုတွေဟာ တောင်သူတွေအပေါ်မှာပဲ အဆင့်ဆင့် ကျရောက်နေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့ပြီး တောင်သူတွေရဲ့ အခက်အခဲကို အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီးဌာနဘက်ကတော့ ဒီနေ့ အကြောင်းပြန်ပေးမယ်လို့ ပြောခဲ့ကြောင်း တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်း က RFA ကို ပြောပါတယ်။
"သူတို့ဒီနေ့ အစည်းအဝေးလုပ်နေပါတယ်၊ အခြေအနေကို ပြန်ပြီး ဖုန်းဆက်ပေးမယ်ပြောပါတယ်၊ ကျနော်တို့ တင်ပြခဲ့တာက ကျင်စန်းကျော့အပေါက်ကို ပိတ်သွားပြီးနောက်မှာ ကြူကုတ်-ပန်ဆိုင်းအပေါက်တော့ ဖွင့်ပေးပါရဲ့၊ ဒါပေမဲ့ သူက တစ်နေ့ကို ကားအစီး ၂၀၀-၂၅၀ လောက်ဝင်လို့ရတော့ ဖရဲသီးကားက တစ်နေ့ကို ၅၀၀ ကနေ ၈၀၀ ကြားသွားချင်နေတဲ့အခါကျတော့ တစ်ပေါက်ထဲနဲ့ မလုံလောက်ဘူးဆိုတာ တင်ပြခဲ့တယ်၊ ကျင်စန်းကျော့လမ်းကို တရားဝင်ဖြစ်အောင် ဖွင့်ပေးဖို့ရယ်၊ တရားဝင်ဖွင့်မပေးနိုင်သေးခင်လည်း ယာယီဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်"
စီးပွားကူးသန်းဝန်ကြီးဌာနဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးပြီးရင် ကျင်စန်းကျော့ ဂိတ်ကို ပြန်ဖွင့်/မဖွင့် ကြေညာသွားမယ်ဆိုပြီး ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။
အဲဒီကိစ္စကို စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်း ကို RFA ကမေးမြန်းရာမှာ အခုလို ငြင်းဆိုထားပါတယ်။
"မဖြစ်နိုင်ဘူးနော်၊ အပြန်အလှန် အမြင်ချင်းဖလှယ်တဲ့ အနေအထားပဲဖြစ်မယ် အစည်းအဝေးဆိုတာလည်း၊ နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ ဂိတ်တစ်ဂိတ်ဖွင့်ဖို့ဆိုတာ လွယ်လွယ်ကူကူ ပြောလို့မရဘူး၊ နှစ်နိုင်ငံ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်၊ အဲဒီအပေါ်မှာ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဘာမှပြောလို့မရသေးပါဘူး"
လက်ရှိအနေအထားအရ သစ်သီးတွေတင်ဖို့ငှားရတဲ့ ကားခတွေ နှစ်ဆလောက် ဈေးတက်လာတာ၊ လမ်းခရီး ကြန့်ကြာမှုတွေကြောင့် သစ်သီးတွေ ပျက်စီးဆုံးရှုံးတာ၊ စိုက်ပျိုးစရိတ်တွေ ဆုံးရှုံးတာစတဲ့ အဆင့်ဆင့်ဆုံးရှုံးမှုတွေကြောင့် ဖရဲနဲ့ သခွားမွှေးစိုက်တောင်သူတွေအနေနဲ့ သူတို့ရဲ့ အခက်အခဲတွေကို အစိုးရဘက်က ကူညီ ဖြေရှင်းဖို့ မျှော်လင့်နေကြပါတယ်ရှင်။