ရန်ကုန်ကို ကူညီခဲ့တဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အိမ်ပြန်ခရီး

ဉာဏ်စိုးဝင်း
2020.12.03

တိုင်းနဲ့ ပြည်နယ် အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်အဖွဲ့တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးကို သွားရောက်ပြီး လုပ်အားပေးနေကြပါတယ်။

ရန်ကုန်မှာ နှစ်လတာ အားဖြည့်ကူညီပြီး ပြန်လာကြတဲ့ တနင်္သာရီတိုင်းထဲက ကျန်းမာရေးဝန်ထမ်းတွေကို ထားဝယ်မြို့အဝင်မှာ အရပ်ဖက်အဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြပါတယ်။

ကူးစက်ခံရမှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကုသရေး လုပ်နိုင်ဖို့ သွားရောက် အင်အားဖြည့် ကူညီခဲ့ကြတဲ့ တနင်္သာရီတိုင်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ အိမ်ပြန်ခရီးကို ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်းနဲ့ ပြည်သူတချို့က သွားရောက်ကြိုဆိုတဲ့ မြင်ကွင်းပါ။

နှစ်လတာ တာဝန်ထမ်းဆောင်ပြီးနောက် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျန်မာရေးဝန်ထမ်း ၂၂ ဦး ထားဝယ်မြို့ကို ပြန်လာခဲ့တာပါ။

တာဝန်ထမ်းဆောင်မှုပြီးလို့ ပြန်လာတဲ့ ကျွန်းစုမြို့နယ် တာရပိုင်းတိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ကိုဖြိုးကိုကိုက ရန်ကုန်တိုင်းမှာ ရရှိခဲ့တဲ့ ကိုဗစ်ထိန်းချုပ်ရေး အတွေ့အကြုံတွေကို တနင်္သာရီတိုင်းထဲမှာ ဆက်လက် အသုံးပြု ကူညီပေးဖို့ အဆင့်သင့်ရှိပါတယ်လို့ ပြောပါတယ်။

“ဒီဆေးတွေကလည်း သူ့ရဲ့ဖြစ်တဲ့ ရောဂါအပေါ်မူတည်ပြီးတော့ ဆေးကုပေးတာလည်း ကျွန်တော်တို့ တွေ့ရပါတယ်ခင်ဗျ၊ အဓိကတော့ စိတ်ဓာတ်ခွန်အားနဲ့ ကုကြတာ တွေ့ရတယ်၊ ကျွန်တော်တို့ ဟိုမှာဆိုလို့ရှိရင် အွန်လိုင်းကနေပြီးတော့ လူနာနဲ့ Zoom Meting နဲ့ စကားပြောရတာပေါ့နော်၊ ကျွန်တော်တို့ တိုင်းမှာလည်း ဒီလို လုပ်နိုင်ရင် ပိုအဆင်ပြေမယ်ပေါ့၊ အဲဒီအတွက်လည်း ကျွန်တော်တို့ဘက်က ကူညီပေးဖို့ အဆင်သင့်ပါ”


နေရပ်ပြန်လာတဲ့ ကျန်းမာရေးဝန်ထမ်းတွေ စိတ်ဓာတ်ခွန်အား ဖြစ်စေဖို့နဲ့ ဒီထက်မက ကူညီနိုင်ဖို့အတွက် ထားဝယ်မြို့ရဲ့ကိုယ်စား ဂုဏ်ပြုကြိုဆိုခဲ့တာလို့ ထားဝယ်ခရိုင် သဘာဝဘေးအန္တရာယ် အရေးပေါ် တုံ့ပြန်ရေးအသင်း (ယာယီ) မှ ကိုဝေဖြိုးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ တနင်္သာရီတိုင်းထက်စာလို့ရှိရင် ရန်ကုန်က ပိုပြီးတော့မှ ခက်ခက်ခဲခဲနဲ့ ရုန်းကန်ရတဲ့ အခြေအနေ ရှိတယ်ပေါ့နော်၊ အဲဒီမှာ ဘယ်လိုပြောရမလဲဆိုလို့ရှိရင် အတွေ့အကြုံ ပိုရှိတာပေါ့၊ ကျွန်တော်တို့ တိုင်းထဲမှာ မတော်လို့ ဒီထက်အခြေအနေ ဆိုးလာခဲ့သည်ရှိသော် ဒီကျန်းမာရေးဝန်ထမ်းတွေက ဟိုမှာသွားပြီးတော့ ကူညီပေးထားတဲ့ အတွေ့အကြုံနဲ့ ကျွန်တော်တို့ဆီမှာ ပြန်ပြီးတော့ ကူညီပေးနိုင်တယ်ပေါ့”

လုပ်အားပေးသူတွေဟာ အန္တရာယ်ကြီးတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့ ဇဗ္ဗူသီရီ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောပါတယ်။

“ဒီကိုဗစ်နဲ့ပတ်သက်ပြီးတော့ ရန်ကုန်မြို့သို့ သွားရောက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေကြတဲ့ ဒီ ကျန်းမာရေး ဆရာ၊ ဆရာမများ အားလုံးက ဒီအပေါ်မှာ သူတို့အသက်နဲ့လဲပြီးတော့မှ ကူညီစောင့်ရှောက်မှုတွေ၊ ဆေးကုသမှုတွေ လုပ်ခဲ့တယ်၊ လုပ်ခဲ့တဲ့ဟာကို ကျွန်တော်တို့ကနေ သူတို့အသက်ပေးပြီး လုပ်ခဲ့တာဖြစ်တဲ့အတွက် သူတို့ရဲ့ ပြန်လာတဲ့ လမ်းခရီးကို အောင်အောင်မြင်မြင်နဲ့ ပြန်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ဝမ်သာအားရနဲ့ သူတို့ကို ကြိုဆိုတဲ့ဟာပေါ့ခင်ဗျ”

တနင်္သာရီတိုင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အောက်တိုဘာ ၆ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်ထိ ရန်ကုန်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။