ကပ်ဘေးမှာ ကလေးနဲ့ အမျိုးသမီး အကြမ်းဖက်ခံရမှု ပိုများလာ
2020.10.09
မွန်ပြည်နယ်မှာ ကလေးသူငယ်နဲ့ အမျိုးသမီး အကြမ်းဖက်ခံရမှုတွေ အရင်နှစ်တွေထက် ပိုများလာပြီး ကပ်ဘေး ကာလအတွင်းမှာတော့ အများဆုံးဖြစ်တယ်လို့ ပြည်နယ်အခြေစိုက် “မိ” ကလေးသူငယ်နဲ့ အမျိုးသမီးအရေးအဖွဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
၂၀၂၀ ခုနှစ်မှာ မွန်ပြည်နယ်အတွင်း အိမ်တွင်းအကြမ်းဖက်မှုအဖြစ်များလာပြီး တစ်လမှာ ၁၀ မှု ရှိခဲ့ရာကနေ မတ်လနောက်ပိုင်းမှာဆိုရင် တစ်လအတွင်း အမှုပေါင်း ၂၀ အထိ တက်လာနေတာပါ။
ကပ်ဘေးကာလအတွင်းမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ မြင့်တက်လာတဲ့အပြင် ကလေး သူငယ်တွေ အိမ်ကနေထွက်ပြေးတာတွေနဲ့ သက်ငယ်မုဒိန်းမှုတွေ မြင့်တက်လာနေတာကို တွေ့ရှိရတယ်လို့ “မိ” ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်အရေးအဖွဲ့ မိချယ်ရီစိုးက ပြောပါတယ်။
“ဒီကိုဗစ်အတွင်းမှာ ကလေးတွေ အိမ်ထောင်ပိုကျလာတယ်။ အိမ်မှာ စိတ်ဖိစီးမှုဖြစ်ပြီးတော့ ဖုန်းလည်းရှိနေတဲ့ အခါကျတော့ ချိတ်ဆက်ပြီးတော့ ပြေးကြတာ။ ကျောင်းတွေလည်း ပိတ်ထားရတဲ့ အခြေအနေမျိုးမှာ ဆိုရင်တော့ ကလေးတွေ ထွက်ပြေးတာ ဒီကိုဗစ်ကာလမှာ ပိုတွေ့နေရတယ်။ လင်မယားချင်းရိုက်မှုတွေလည်း ပိုတွေ့လာရတယ်။ နောက်ပြီးတော့ လုယက်မှုတွေ ပိုများလာတယ်။ သက်ငယ်မုဒိန်းဆိုပါမှ အိမ်တွင်း အကြမ်းဖက်မှုတွေထဲက အဖေကိုယ်တိုင်က သမီးကို ပြုကျင့်တဲ့သက်ငယ်မုဒိန်း အမေရှိနေလျက်သားနဲ့ ပြုကျင့်တဲ့သက်ငယ်မုဒိန်းတွေ တွေ့ရတယ်။”
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးကာလမှာ နေအိမ်တွေမှာပဲ နေထိုင်ကြဖို့ နေရာအတော်များများ အမိန့်ထုတ်ခံထားရပါတယ်။ ဒီကာလအတွင်း စိတ်ဖိစီးမှုများနေပြီး လင်မယာချင်း ရိုက်နှက်တာတွေ စကားများတာတွေ အကြမ်းဖက်တာတွေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။
ဒီကာလမတိုင်ခင်မှာ အကြမ်းဖက်ခံရမှုတွေကို ဖုန်းနဲ့ ဆက်သွယ် အကူအညီတောင်းလာရင် ကူညီပေးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Stay at Home သတ်မှတ်ခံထားရတဲ့အတွက် လူမှုအဖွဲ့အစည်းတွေဘက်ကလည်း အကူအညီပေးဖို့ အခက်အခဲကြုံနေကြပါတယ်။
အိမ်တွင်းအကြမ်းဖက်ခံနေရတာတွေကို မခံစားနိုင်တော့ဘူးလို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကလေးမွေးပြီး သူစိတ်ညစ်အောင် လုပ်နေတယ်။ စိတ်ညစ်ရင် ခေါင်းကိုက်တာပေါ့နော်၊ ခေါင်းကိုက်လို့ စိတ္တဇတောင်ဖြစ်ချင်နေတာ ကျွန်မက သူနဲ့မနေချင်တော့ဘူး။ ထိုင်းမှာနေတုန်းက စကားများတော့ သူ့ကို အရင်ရိုက်တယ်။ သူက အားနဲ့ပြန်ချတော့ ပါးစပ် တစ်ခါကွဲဖူးတယ်။ နှစ်ခါ သူရိုက်တယ်။ အခုက သူနဲ့နေတာ စိတ်မချမ်းသာဘူး။”
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က တစ်နှစ်အတွင်း သက်ငယ်မုဒိန်းမှု ၃၀ ကို လက်ခံဖြေရှင်းပေးခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်ဝါရီလကနေ အောက်တိုဘာလ ၂ ရက်နေ့အထိကတော့ သက်ငယ်မုဒိန်းမှု ၆၀ အထိ ရှိနေတာကို “မိ”ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ကပ်ဘေးကာလမှာ အိမ်တွင်းအကြမ်းဖက်မှု အဖြစ်များလာတာဟာ မြန်မာနိုင်ငံမှာတင်မကဘဲ တစ်မ္ဘာလုံးမှာ တွေ့ရတဲ့အချက်ဖြစ်တယ်ဆိုတာ ကုလသမဂ္ဂက ထုတ်ပြန်ထားတယ်လို့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
အမျိုးသမီးဆိုရင် ရိုက်လို့ရတဲ့ပစ္စည်းလို့ မြင်ထားတဲ့အစဉ်အလာက မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တော်တော် များများမှာ ရှိနေတဲ့အစွဲကြောင့် ကိုဗစ်ကာလမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာတယ်လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
“ကိုဗစ်ကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊ ဘဝမှာနေထိုင်မှုအတွက် အသားမကျတာတွေ၊ အဲဒီအတွက် အမျိုးသားတွေအနေနဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံရင်းနဲ့ အခြားသောအရင်လို အပြင်ထွက်ပြီးတော့ မိတ်ဆွေနဲ့ ဝိုင်းဖွဲ့ပြီး ပြောတဲ့ဟာမျိုး မရှိတဲ့အခါကျတော့ အိမ်မှာရှိနေတဲ့အမျိုးသမီးတွေကို အကြမ်းဖက်မှု တိုးတက်လာတာတွေ့ရတယ်။ အမျိုးသားတွေကလည်း နဂိုကတည်းက မိန်းကလေးဆိုရင် ကိုယ်ပိုင်ပစ္စည်းလို့ သတ်မှတ်ပြီးတော့ အရိုက်ခံထိတဲ့ပုံစံမျိုးတွေ ကိုဗစ်ကာလမှာ ဆိုးဝါးလာတယ်။”
အရင်ကတော့ စိတ်ပိုင်းဆိုင်ရာကုစားမှုတွေ ရှိခဲ့ပေမယ့် ကိုဗစ်ကာလအတွင်းမှာ အရင်လို သွားလာလို့မရတော့ ကိုဗစ်တိုက်ဖျက်ရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အဓိကလုပ်ဆောင်နေပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖြေသိမ့်မှုအပိုင်းမှာ အစိုးရလည်း လုပ်ကိုင်ရခက်နေတယ်လို့ ဆိုပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကတော့ စိတ်ပိုင်းဆိုင်ရာကုစားမှုအနေနဲ့ Online သို့မဟုတ် Hotline မှာ လုပ်ဆောင်ပေမယ့် ထိရောက်မှု မဖြစ်တဲ့အနေအထား ရှိပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီကနေ အောက်တိုဘာ ၂ ရက်နေ့အထိ မွန်ပြည်နယ်မှာ ကလေးသူငယ်နဲ့ အမျိုးသမီး အကြမ်းဖက်ခံရမှု ၁၀၀ ရာခိုင်နှုန်းထဲက သက်ငယ်မုဒိန်းမှု ၄၀ ရာခိုင်နှုန်းရှိပြီးတော့ အိမ်တွင်းအမျိုးသမီး အကြမ်းဖက်မှုကတော့ ၆၀ ရာခိုင်နှုန်းရှိပါတယ်။