သမဂ္ဂတွေဖျက်သိမ်းခံရပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ပိုဆိုးလာ

စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီ ရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ အလုပ်သမား သမဂ္ဂနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်း တွေအဖြစ် ကြေညာခဲ့ပါတယ်။
အဲဒီလို ကြေညာခံရပြီးတဲ့နောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေဟာ ပိုဆိုး လာပြီး သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ အဖမ်းခံရ တာကြောင့် အလုပ်သမားသမဂ္ဂတွေ ပျောက်ကွယ်တော့မယ့် အခြေအနေဖြစ်နေတယ်လို့ ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဩဂုတ် ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
"ရှင်းရှင်းပြောလို့ရှိရင် သမဂ္ဂဆိုတာက လှုပ်ရှားမှု မရှိရင် သေနေတာနဲ့ တူတူပဲလေ"
အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာတော့ ရဲနဲ့ စစ်တပ်က သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေး ကို အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။ သူဟာ အင်းစိန်ထောင်ထဲ မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့အထိ ခြောက်လကျော် အကျဉ်းချခံခဲ့ရပြီး ၄၅ ရက်ကြာ တိုက်ပိတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီက အသိအမှတ်ပြုပြု မပြုပြု ILO ရဲ့ သဘောတူညီချက်နဲ့အညီ ဖွဲ့စည်းထားရင် ဒါ တရားဝင် သမဂ္ဂပဲလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
“အသိအမှတ်ပြုပြု မပြုပြု ILO ရဲ့ Convention (သဘောတူညီချက်) အရ သမဂ္ဂအဖြစ် ဖွဲ့စည်းပြီးတော့ အလုပ်သမားတွေကနေ သမဂ္ဂအဖြစ် အသိအမှတ်ပြုထားတယ်ဆိုရင် အလုပ်သမားသမဂ္ဂဖြစ်တယ်”
စစ်ကောင်စီက တရားမဝင်အဖွဲ့အစည်းအဖြစ် ဖျက်သိမ်းခံရတဲ့အထဲမှာ ဒေါ်မျိုးမျိုးအေးရဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်၊ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့၊ အနာဂတ် အလင်းတန်း ဆုံမှတ်အဖွဲ့၊ Action Labor Right ၊ All Myanmar Trade Union’s Net work ၊ Association for Labour Development (ALD) အပါအဝင် စုစုပေါင်း အလုပ် သမားအဖွဲ့အစည်းနဲ့ သမဂ္ဂ ၁၆ ဖွဲ့ ပါဝင်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်က တရုတ်နိုင်ငံသားပိုင် အမှတ် (၂) ဆိုလာမိုဒါ (Solamoda 2) အထည်ချုပ်စက်ရုံ မီးရှို့ခံရပြီး အလုပ်သမား ၁၂၀၀ ကျော် အလုပ်ပြုတ်ခဲ့ပါတယ်။ အဲဒီ အလုပ်သမား ၁၂၀၀ ကျော်ကို တရုတ်အထည်ချုပ်စက်ရုံကနေ နစ်နာကြေးအဖြစ် ပေးရမယ့် ကျပ်သန်းပေါင်း နှစ်ထောင့်သုံးရာနီးပါး (၂,၂၅၃,၁၉၂,၀၅၄) အခုထိ မရသေးပေမယ့် အရေးယူဖြေရှင်းပေး မယ့်သူ မရှိဘူးလို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေဟာ အရင်ကတည်းက ရှိခဲ့ပြီး အခု အာဏာသိမ်းပြီးတဲ့နောက်မှာ ပိုဆိုးလာတယ်လို့ တရုတ်နိုင်ငံသားပိုင် အမှတ်(၂) ဆိုလာမိုဒါ အထည်ချုပ်စက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
“အလုပ်သမားအခွင့်အရေးကတော့ အာဏာမသိမ်းခင်ကတည်းက ချိုးဖောက်ခံရတာ များတယ်။ ဒါပေမဲ့လည်း အာဏာသိမ်းပြီးတော့ ပိုဆိုးသွားတာပေါ့။ အခုဆို အလုပ်တွေ ခေါ်မယ်ဆိုရင် နေ့စားနဲ့ခေါ်တယ်။ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် ထွက်ပေါ့။ အဲဒီလို မျိုးတွေ။ အကြာကြီး ခေါ်တာမျိုးတွေ။ အလုပ်တွေဘာတွေ ထုတ်လို့ လျှော်ကြေးပေး တာမျိုးဆိုရင် ဥပဒေအတိုင်းသွားတာ မရှိတော့ဘူး”
အခုချိန်မှာ အလုပ်သမားတွေဘက်ကနေ ရပ်တည်ကာကွယ်ပေးမယ့် သမဂ္ဂတွေ မရှိ တော့တာကြောင့် အလုပ်သမားအခွင့်အရေး တောင်းဆိုဖို့ ပိုခက်ခဲသွားတယ်လို့ ရန်ကုန် မြို့က စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
“အလုပ်သမားအားလုံး ညီရင်တော့ စက်ရုံတိုင်းမှာ အလုပ်သမားအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ ဖွဲ့စည်းထားတယ် ဆိုရင်တော့ ညှိနှိုင်းပြီး ဒီဟာကြီးက မဖြစ်နိုင်ဘူးဆိုပြီး လုပ်လို့ရတယ်။ အဲဒီလိုမဟုတ်ဘဲ သမဂ္ဂမရှိတဲ့ စက်ရုံတွေ တစ်ဦးချင်း လုပ်ကြမယ်ဆို ရင် လုပ်လို့မရဘူးဗျ။ စက်ရုံတွေက ဘာဖြစ်လဲဆိုတော့ သွေးခွဲတာတွေဘာတွေ လုပ် လိုက်တယ်။ လုပ်လိုက်ရင် တဖြည်းဖြည်းနဲ့ ကွဲသွားရင် ဦးဆောင်သူက သူပဲခွေးဖြစ် တယ်လေ”
ILO ရဲ့ ဩဂုတ် ၂၄ ရက် ထုတ်ပြန်ချက်မှာ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ သမဂ္ဂတွေကို ပိတ်ပင်တာဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တခြားအလုပ်သမားတွေကို ထောက်ပံ့ကူညီနိုင် ရေးကို တားဆီးရာ ရောက်နေတယ်လို့ ဖော်ပြပါတယ်။ သမဂ္ဂတွေ မရှိတော့တဲ့အတွက် အလုပ်သမားတွေဟာ လုပ်ငန်းခွင်မှာ အနိုင်ကျင့် စော်ကားမှုမျိုး မျိုးစုံကို သည်းခံပြီး အလုပ် ဆက်လုပ်နေရတယ်လို့လည်း ပြောထားပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကတော့ ILO အဖွဲ့ပြောသလို လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် မရဘူးဆိုတာ မမှန်ဘူးလို့ စက်တင်ဘာ ၂ ရက်က ထုတ်ပြန်ငြင်းဆိုပါတယ်။
မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) က တာဝန်ရှိသူတစ်ဦး ကတော့ လက်ရှိအချိန်မှာ အလုပ်သမားသမဂ္ဂတွေ လှုပ်ရှားလို့မရအောင် အမြစ်ဖြတ်ခံနေ ရတယ်လို့ RFA ကို ပြောပါတယ်။
“သမဂ္ဂအများစုကတော့ လုပ်ငန်းခွင်ထဲမှာ မရှိကြတော့ဘူးပေါ့နော်။ အခုအချိန်မှာ ဘယ် လိုဖြစ်နေလဲဆိုတော့ အရင်တုန်းက ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေက ILO ရဲ့ ထုတ်ပြန်ချက်လိုမျိုး ကွယ်ပျောက်လာပြီဆိုတာထက် ဒီထက်ဆိုးတယ်။ ကျမတို့ဆီမှာ ကတော့ လုံးဝကို သမဂ္ဂတွေ အမြစ်ဖြတ်ခံနေရတဲ့ အခြေအနေတွေပေါ့နော်။ ကျန်နေ သေးတဲ့ သမဂ္ဂတွေလည်း ယိုင်နဲ့နဲ့ပဲပေါ့။ ဖြေရှင်းဆောင်ရွက်မှုကလည်း လုံးဝအား မကောင်းပါဘူး”
လက်ရှိအချိန်မှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီး နေသလို ဒုတိယ ခေါင်းဆောင်တွေဖြစ်တဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားခေါင်းဆောင်တွေ ကိုလည်း သမဂ္ဂခေါင်းဆောင်တွေနဲ့ အဆက်အသွယ်မလုပ်ဖို့ အလုပ်ရှင်တွေက ဖိအားပေး နေတယ်လို့ သူက ဆိုပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးနဲ့ အလုပ်သမားအရေး လှုပ်ရှားမှုတွေကြောင့် အဖမ်းခံရပြီးမှ ပြန် လွတ်လာတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) က ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးအေးကတော့ စစ်ကောင်စီက သမဂ္ဂတွေကို ဖျက်သိမ်းထားပေမယ့်လည်း အလုပ် သမားအရေး လှုပ်ရှားမှုတွေကို ရသလောက်နည်းနဲ့ ဆက်လုပ်နေတယ်လို့ RFA ကို ပြောပါ တယ်။
“လုပ်ရတဲ့လူတွေမှာက ကြောက်စိတ်တွေရှိတယ်။ ငါတို့ အဖမ်းခံရမှာလား။ နင်တို့ကို စစ်ကြောရေး ပို့မယ်၊ အလုပ်ရှင်ကလည်း အဲဒါကိုကြည့်ပြီး ခြောက်တာလေ။ အလုပ် သမားကိစ္စ တောင်းဆိုတဲ့ကိစ္စက စစ်ကြောရေးပို့စရာ ဘာမှမရှိဘူး။ ဒီကာလမှာ လုပ်လို့ ရလားဆိုတော့ မရဘူး။ မလုပ်ဘဲနဲ့ နေလားဆိုတော့ အလုပ်သမားတွေက ရသလောက် နည်းနဲ့ လုပ်ကြတာပေါ့။ ရှင်းရှင်းပြောလို့ရှိရင် သမဂ္ဂဆိုတာက လှုပ်ရှားမှု မရှိရင် သေနေ တာနဲ့ တူတူပဲလေ။ အသက်မရှိတဲ့သူနဲ့ တူတူပဲ။ ကျားသေပေါ့ ရှင်းရှင်းပြောရရင်”
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အာဏာသိမ်းပြီး ၁၈ လပြည့် ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဟာ ၂၀၂၂ ပထမခြောက်လမှာလည်း အလုပ်အကိုင်ဆုံးရှုံးမှု ပြဿနာကို နက်နက်ရှိုင်းရှိုင်း ခံစားနေရဆဲလို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ပထမခြောက်လအတွင်းမှာ အလုပ်အကိုင်အခြေအနေ အနည်းငယ်လေး ပြန် ကောင်းလာခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀ တုန်းကလိုပဲ အလုပ်လက်မဲ့ဦးရေဟာ တစ်သန်းကျော် (၁.၁ သန်း) ရှိနေပြီး ဒီဒဏ်ကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။
အလုပ်သမားတွေကတော့ အာဏာသိမ်း ၁၉ လအကြာ လက်ရှိအချိန်မှာ အလုပ်လက်မဲ့ များလာမှု၊ မြန်မာကျပ်ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေး နှုန်း အဆမတန် မြင့်တက်မှုတွေကြောင့် အခြေခံလုပ်အားခကို စစ်ကောင်စီရဲ့ အလုပ် သမားဝန်ကြီးဌာနကနေ တိုးမြှင့်သတ်မှတ်ပေးစေချင်တယ်လို့ RFA ကို ပြောပါတယ်။