ILO ဆုံးဖြတ်ချက် စစ်ကောင်စီကို အထိနာနိုင်
2024.11.19

၂၀၂၅ ခုနှစ် ဇွန်လမှာကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို ILO ပြဋ္ဌာန်းချက်ပုဒ်မ - ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO ရဲ့ အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။
"ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်ညီလာခံဟာ ဇွန်လမှာ ကျင်းပမှာဖြစ်တယ်"
ညီလာခံရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်တဲ့အတွက် အခု ကော်မတီ အစည်းဝေးမှာ အရေးယူဖို့ ဆုံးဖြတ်ချက်မချသေးဘဲ ၂၀၂၅ ဇွန်လမှ အရေးယူဖို့ ILO ဘက်က စီစဉ်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က RFA ကို ပြောပါတယ်။
"ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်ညီလာခံဟာ ဇွန်လမှာ ကျင်းပမှာဖြစ်တယ်။ နိုဝင်ဘာမှာ အုပ်ချုပ်မှုကော်မတီ အစည်းဝေးရှိခဲ့တယ်။ မတ်လမှာ အုပ်ချုပ်မှုကော်မတီ အစည်းဝေးရှိတယ်။ ဇွန်လမှာလုပ်တဲ့ တစ်နှစ်တစ်ခါလုပ်တဲ့ ညီလာခံမှာ ဆုံးဖြတ်ချက်ချမှသာလျင် အတည်ပြုတာဖြစ်တဲ့အတွက်ကြောင့် ၂၀၂၅ ဇွန်လမှာတော့ ဆုံးဖြတ်ချက်ကို (Article 33) ကို စတင်အသက်သွင်းပြီးတော့ အရေးယူမှာဖြစ်တယ်"
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီကို အရေးယူဖို့ ပြည်တွင်းပြည်ပ အလုပ်သမားတွေ ILO ထံ တောင်းဆို
စစ်ကောင်စီကို ပိတ်ဆို့အရေးယူနိုင်ရေး ILO ကို တင်ပြဖို့စီစဉ်နေ
၂၀၂၅ မှာလုပ်မဲ့ ILO ညီလာခံမှာ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားပြုတွေကို လက်ခံမည်
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်တာ၊ အဓမ္မ လုပ်အားပေးစေခိုင်းတာ၊ ILO ရဲ့ အကြံပြုချက်တွေကို မလိုက်နာတဲ့အပြင် စစ်မှုမထမ်းမနေရ ဖိအားပေးခြိမ်းခြောက်တာတွေအတွက် ချမှတ်လိုက်တာလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ILO ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်တဲ့ နည်းလမ်းတွေထဲမှာ ကုလသမဂ္ဂ အေဂျင်စီတွေက ထောက်ပံ့တဲ့ နည်းပညာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေး၊ စတာတွေကို ရပ်တန့်ပြီး ကျူးလွန်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ ခုံရုံးတင် စစ်ဆေးအရေးယူတာဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
အခုလို ILO အုပ်ချုပ်မှုကော်မတီ အစည်းဝေးဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သဘောထားထုတ်ပြန်ချက် ထွက်လာတာမတွေ့ရသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။
ILO က အရေးမယ်လို့ ဆုံးဖြတ်ချက်အတည်ပြုနိုင်ပြီဆိုရင် ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံတကာ အလုပ်ရှင်တွေ ရှောင်တိမ်းသွားနိုင်သလို စစ်ကောင်စီဘက်က ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ထားတဲ့ တရုတ်နဲ့ ရုရှားက လုပ်ငန်းရှင်တွေလည်း မြန်မာနိုင်ငံကို လာတော့မှာမဟုတ်တော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
အဲဒီအပြင် နောက်တစ်ချက်က စစ်ကောင်စီအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အာဏာပိုင်မဟုတ်ဘူးဆိုတာ ကမ္ဘာ့အလယ်မှာ ပိုပြီးပေါ်လွင်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
"ILO ရဲ့ဆုံး ဖြတ်ချက်ကိုကြည့်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ကို မြန်မာနိုင်ငံရဲ့ အာဏာပိုင်လို့တောင် သတ်မှတ်ထားတာ မဟုတ်ဘူး၊ ဒါက သိသာထင်ရှားစွာ တွေ့ရှိရမှာဖြစ်တယ်။ အကြမ်းဖက်စစ်တပ်က တရားဝင်မှုကို အသည်းသန်လိုချင်နေတာ၊ လူရာဝင်ချင်တာ ဒါပေမဲ့ အခု ဒီဆုံးဖြတ်ချက်က အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံရဲ့ အာဏာပိုင်မဟုတ်ဘူးဆိုတာကို ဖော်ပြလိုက်တာဖြစ်တယ်"
ဒေါ်ဖြိုးစန္ဒာစိုးဟာ ILO ရဲ့ ၃၅၂ ကြိမ်မြောက် အုပ်ချုပ်မှုကော်မတီ အစည်းဝေးကို ILO အုပ်ချုပ်ရေးအဖွဲ့ဝင် လက်ထောက်အလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်က ပြည်သူတွေ ထိခိုက်နစ်နာတာတွေ ရပ်သွားနိုင်မဲ့ အရေးယူမှုမျိုးဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက RFA ကို ပြောပါတယ်။
"ငွေရေးကြေးရေးအရ ထိခိုက်မှုတွေရှိလာနိုင်တယ်၊ သံတမန်ရေး ဆက်ဆံရေးပေါ့နော်၊ ဒီလိုနေရာတွေမှာလည်း ထိခိုက်မှုတွေရှိလာနိုင်တယ်။ လိုအပ်တဲ့ကုန်ပစ္စည်းတင်သွင်းမှု ဒါတွေမှာ ထိခိုက်နိုင်တယ်ပေါ့။ ပြည်သူလူထုအပေါ် ထိခိုက်မှုတွေကို ရပ်တန့်သွားစေနိုင်မဲ့ အရေးယူမှုမျိုး ဒါမျိုးတွေဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်"
ILO ပုဒ်မ ၃၃ ဟာ နိုင်ငံတကာ အလုပ်သမားစံနှုန်းတွေကို မလိုက်နာရင်အရေးယူရတဲ့ ပုဒ်မဖြစ်ပါတယ်။ ဒီပုဒ်မနဲ့ အရေးယူခံရတာ ILO ရဲ့ သမိုင်းမှာ နှစ်ကြိမ်ပဲရှိခဲ့ပါသေးတယ်။ ၂၀၀၀ ပြည့်ခုနှစ်က မြန်မာနိုင်ငံကိုအရေးယူခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဘီလာရုစ် (Belarus) နိုင်ငံကို အရေးယူခဲ့တာပါ။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ ညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေလည်း ပြန်ပြီးတက်ရောက်ခွင့်ရလာမှာဖြစ်ပါတယ်။
စစ်ကောင်စီကို ILO ပုဒ်မ - ၃၃ နဲ့ အရေးယူဖို့ဆုံးဖြတ်လိုက်ရင် နိုင်ငံတကာတရားရုံးမှာ ခုံရုံးတင် စစ်ဆေးပြီး အရေးယူတာတွေကို ဆက်လက်ဆောင်ရွက်လို့ရမယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။