UWSA အရာရှိနှစ်ဦးကို တရုတ် ဖမ်းဝရမ်းထုတ်မှုအပေါ် လေ့လာသူတွေ သုံးသပ်ချက်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.13
UWSA အရာရှိနှစ်ဦးကို တရုတ် ဖမ်းဝရမ်းထုတ်မှုအပေါ် လေ့လာသူတွေ သုံးသပ်ချက် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းနေစဉ်။
Photo: RFA

တရုတ်အစိုးရရဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းက “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ရဲ့ အရာရှိနှစ်ဦးကို အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေမှာ အဓိကဦးဆောင်သူတွေဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။

ဒီ UWSA “ဝ” အရာရှိနှစ်ဦးကို ဖမ်းမိအောင် သတင်းပေးသူကို တရုတ်ယွမ်တစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့လည်း တရုတ်နိုင်ငံ ကူမင်းမြို့နဲ့ ဟန်ကျိုးမြို့က ပြည်သူလုံခြုံရေးဌာနတွေက ကြေညာထားပါတယ်။

ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ “ဝ” ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူတော်စပ်သူ လက်ရှိ “ဝ” ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန်နဲ့ နောက်တစ်ဦးကတော့ UWSA ရဲ့ မိုင်းလင်း ခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ ဖြစ်ပြီး သူကလည်း “ဝ” ခေါင်းဆောင် ပေါက်ယူချန်း သားမက်ဟောင်းလို့ ဆိုပါတယ်။

ဝရမ်းထုတ်ခံရသူနှစ်ဦးဟာ “ဝ” တပ်ဖွဲ့ဝင်တွေ ဟုတ် မဟုတ်နဲ့ အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းမှာ အမှန်တကယ် ပါဝင်ပတ်သက်မှုရှိ မရှိ သိရဖို့ လားရှိုးအခြေစိုက် ‘ဝ’ တပ်ဖွဲ့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကို RFA က အွန်လိုင်းကတစ်ဆင့် ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ထားသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ : တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန)
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ထားသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ : တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန)

တရုတ်နယ်စပ်က တိုင်းရင်းသားအရေး ကျွမ်းကျင်သူတွေကတော့ ဒီလူနှစ်ဦးဟာ “ဝ” တပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်သူတွေ ဟုတ်မှန်ကြောင်း RFA ကို ပြောပါတယ်။
တရုတ်နိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ ဖိဖိစီးစီးကိုင်တွယ်နေတာလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“ဟိုတလောက စီးပွားရေးဖိုရမ်ကို တက်လာတဲ့သူတွေကို ဖမ်းလိုက်တယ်လို့လည်း ကြားတယ်၊ တရုတ်က ငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်လို့ တော်တော်ဖိဖိစီးစီးကို ရှင်းနေတာ ဖြစ်နိုင်ပုံရပါတယ် “ဝ” တို့ဘာတို့လည်း အစောကြီးကတည်းက ကြိုပြောထားတာပဲလေ၊ ပြောထားပေမဲ့ ပြောလို့မရဘူးနဲ့ တူတယ် ဒါကြောင့် ဖမ်းဝရမ်းထုတ်တာ”

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတင်မကဘဲ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတွေက ဆက်စပ်သူတွေကို ဖမ်းဆီးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက တရုတ်သံရုံးကိုလည်း RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ အခြေစိုက်ပြီး လုပ်ကိုင်နေနိုင်တာဟာ မြန်မာစစ်တပ်ရဲ့ နောက်ကွယ်က ကူညီပံ့ပိုးမှုကြောင့်သာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဝါရှင်တန် စစ်တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ ပါမောက္ခ Zachary Abuza က မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်က “ဝ” နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်အစိုးရက သူတို့နိုင်ငံရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံရေးမှာ ပါဝင်မယ့် အသုံးဝင်တဲ့ အဖွဲ့အစည်းတွေအဖြစ် ရှုမြင်တဲ့အတွက် အထူးစီးပွားရေးဇုန်တွေ တည်ထောင်ပြီး စီးပွားရှာတာတွေကို လျှစ်လျူရှုထားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဒီဒေသတွေက တရားဥပဒေမဲ့ လုပ်ရပ်တွေကြောင့် တရုတ်အစိုးရက အယူအဆ ပြောင်းလဲလာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

UWSA အဖွဲ့က တာဝန်ရှိသူနှစ်ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်တာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က မြန်မာနိုင်ငံဆိုင်ရာအရာရှိ Billy Ford ကတော့ မြန်မာပြည်က နယ်ခြားစောင့်တပ်တွေအကူအညီနဲ့ လည်ပတ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကြောင့် တရုတ်အစိုးရမှာ နစ်နာဆုံးရှုံးမှုတွေ များလာတယ်လို့ RFA ပြောပါတယ်။ သုတေသနတွေအရဆိုရင် မနှစ်က တစ်နှစ်တည်းမှာတင် ငွေလိမ်တဲ့လုပ်ငန်းတွေကြောင့် တရုတ်နိုင်ငံမှာ အမေရိကန်ဒေါ်လာဘီလီယံ ၂၀ လောက် ဆုံးရှုံးခဲ့ပြီး ဒီလို ငွေလိမ်လုပ်ငန်းတွေ အခြေတည်ထားတဲ့ဒေသတွေကို ဝင်ရောက်နှိမ်နှင်းဖို့ တရုတ်အစိုးရက စစ်ကောင်စီကို တွန်းအားပေးနေတာ လပေါင်းတော်တော်ကြာနေခဲ့ပြီလို့လည်း သူက ပြောပါတယ်။ နောက်ဆုံးမှာတော့ စစ်ကောင်စီက ဒီအပေါ်မှာ ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားတာကြောင့် အခုလို သူတို့ကိုယ်တိုင် နှိမ်နှင်းတဲ့ အဆင့်ရောက်လာတာလို့လည်း သူက သုံးသပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှုး Jason Tower ကလည်း တရုတ်မြန်မာနယ်စပ်က UWSA “ဝ” တပ်ဖွဲ့နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေ နှစ်ခုလုံးမှာ ရာဇဝတ်ဂိုဏ်းတွေက လူကုန်ကူးမှုတွေ၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုတွေနဲ့ အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေ ကျူးလွန်နေကြတယ်လို့ ပြောပါတယ်။

ကိုးကန့်ဒေသမှ တရုတ်နိုင်ငံသား ၃၃၇ ဦးအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့စဉ်။ (ဓာတ်ပုံ - ကိုးကန့်ဒေသသတင်းလွှာ)
ကိုးကန့်ဒေသမှ တရုတ်နိုင်ငံသား ၃၃၇ ဦးအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့စဉ်။ (ဓာတ်ပုံ - ကိုးကန့်ဒေသသတင်းလွှာ)

“ဝ” ဒေသနဲ့ ယှဉ်ရင် မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ အမှုတွေကို တရုတ်အစိုးရရဲ့ အရေးယူဆောင်ရွက်မှုကလည်း နည်းနေသေးတယ်လို့ ဆိုပါတယ်။ Jason Tower ရဲ့ ပြောဆိုချက်အရ ကိုးကန့်ဒေသမှာ တရုတ်နိုင်ငံသားတွေအပြင် တစ်ကမ္ဘာလုံးက လူတွေအပေါ် ရာဇဝတ်မှု အမျိုးမျိုး ကျူးလွန်နေတဲ့ လူချမ်းသာတွေ အမြောက်အမြားရှိနေပေမဲ့ သူတို့ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်တာ မရှိသေးဘူးလို့ သိရပါတယ်။ ဒီလို “ဝ” နဲ့ ကိုးကန့် ဒေသက တပ်ဖွဲ့တွေကို မြန်မာစစ်တပ်က နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့အတွက်ကြောင့်သာ အခုလို ရာဇဝတ်ဂိုဏ်းတွေကို လက်ခံထားပြီး ငွေရှာနေနိုင်တာ ဖြစ်တယ်လို့လည်း Jason Tower က ထောက်ပြပါတယ်။

အခုအချိန်မှာတောင် ငွေလိမ်လုပ်ငန်းတွေအတွက် အတင်းအကျပ်စေခိုင်းမယ့် လူကုန်ကူးခံရတဲ့သူတွေကို ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေကို ခေါ်သွားတာတွေ များလာတာကို ကြည့်မယ်ဆိုရင် တရုတ်အစိုးရကလည်း ရှေ့ဆက်ပြီး ဖိဖိစီးစီး နှိမ်နင်းလာမယ်ဆိုရင် တရုတ်-မြန်မာနယ်စပ်က ရာဇဝတ်ဂိုဏ်းတွေဟာ ထိုင်း-မြန်မာနယ်စပ်ကို ရွှေ့ပြောင်းလုပ်ကိုင်ဖို့ ကြိုးစားကြမှာဖြစ်တယ်လို့ Jason Tower က သုံးသပ်ပါတယ်။ အခုလိုသုံးသပ်ချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

ပြီးခဲ့တဲ့ လပိုင်းတွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း “ဝ” နဲ့ ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၂၃၀၀ ကျော်ကို မြန်မာဘက်က ဖမ်းဆီးပြီး တရုတ်ပြည်ပြန်ပို့ခဲ့သလို အခုလအတွင်းမှာလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ရောက်နေတဲ့ ကိုးကန့်ဒေသက လုပ်ငန်းရှင် ၁၁ ဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။

အခုတရုတ်အာဏာပိုင်တွေ ဖမ်းဝရမ်းထုတ်လိုက်သူ နှစ်ယောက်ထဲက အိုက်ဟော့ ဆိုသူဟာ ရန်ကုန်မြို့က တရုတ်ငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့ MMB Tower မှာ ရန်ကုန်အဲယားဝေးရုံးခန်း ဖွင့်ခဲ့တဲ့အကြောင်း RFA က ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ၅ ရက်နေ့မှာ တင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။