တရုတ်ငွေလိမ်ဂိုဏ်းတွေ ရန်ကုန်မြို့လယ်ကောင်မှာ အခြေချနေပြီလား

2023.09.05
တရုတ်ငွေလိမ်ဂိုဏ်းတွေ ရန်ကုန်မြို့လယ်ကောင်မှာ အခြေချနေပြီလား ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ MMB Tower အဆောက်အအုံကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Screenshot: RFA

“ကျွန်တော်တို့က မြှူဆွယ်ရတာ။ ပြောရမယ်ဆိုရင် Sex Chat (လိင်ပိုင်းဆိုင်ရာ ပရောပရည် ပြောဆိုခြင်း) ပေါ့နော်။ မြှူဆွယ်ပြီးတော့ ပါလာပြီဆိုရင် သူတို့ကို Software Download ဆွဲခိုင်း၊ ဆွဲပြီးတာနဲ့ နောက်တစ်ဆင့်ကျတော့ Chatting ပိုင်းပေါ့၊ အဲဒီလူကို ပစ္စည်းတစ်ခု ဝယ်ခိုင်းလိုက်တယ်။ ဝယ်ခိုင်းလိုက်ပြီးတော့ အဲဒီဖုန်းရဲ့ လုပ်ဆောင်နေမှုအကုန်လုံးကို သူက ခြေရာခံထားပြီးပြီဗျ။ ဥပမာ… ဘဏ်အကောင့်ကနေ၊ အွန်လိုင်းကနေ ငွေချေတဲ့စနစ်တစ်ခုနဲ့ ဝယ်ခိုင်းတာ။ ဝယ်ခိုင်းလိုက်တဲ့အချိန်မှာ Password ကို သုံးရတယ်၊ Password ကို သိတာနဲ့တစ်ပြိုင်နက် ဒီဘက်က Hacker တွေက အဲဒီဘဏ်အကောင့်ထဲမှာ ရှိတဲ့ဟာတွေကို လှမ်း Hack ပြီး အကုန်ယူချလိုက်တယ်”

ရန်ကုန်မြို့လယ်ကောင် အထက်ပန်းဆိုးတန်းလမ်းပေါ်မှာရှိတဲ့ MMB Tower (Myanmar Mayflower Building) အဆောက်အအုံရဲ့ငါးလွှာမှာရှိတဲ့ ငွေလိမ်ဂိုဏ်းအကြောင်းကို အဲဒီမှာ ကိုယ်တိုင်လုပ်ခဲ့ဖူးပြီး လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ယောက်က ပြန်ပြောပြနေတာပါ။ Facebook၊ Instagram၊ Whatsapp၊ Tiktok စတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ တခြားနိုင်ငံကလူတွေကို ကျား၊ မ သဘာဝအလိုက် မြှူဆွယ်ပြီးနောက် တစ်ဖက်လူရဲ့ ဘဏ်စာရင်းကိုဝင်တဲ့ လျှို့ဝှက်ကုတ်နံပါတ်သိအောင် “Meet” လို့ခေါ်တဲ့ အွန်လိုင်းကနေ နှစ်ယောက်စကားပြောတဲ့ ဆော့ဖ်ဝဲ (Software) တစ်ခုကို တယ်လီဖုန်း ဒါမှမဟုတ် ကွန်ပျူတာထဲသွင်းခိုင်းပြီး ငွေလိမ်ရတဲ့အလုပ် ဖြစ်ပါတယ်။ အဲဒီ ဆော့ဖ်ဝဲဟာ သွင်းပြီးသွားရင် ဖုန်းနဲ့ကွန်ပျူတာမှာ ပေါ်မနေဘဲ လျှို့ဝှက်နေလိမ့်မယ်လို့ ပြောပါတယ်။

အဲဒီဆော့ဖ်ဝဲကတစ်ဆင့် သွင်းထားသူရဲ့ တယ်လီဖုန်း ဒါမှမဟုတ် ကွန်ပျုတာမှာ လုပ်နေတာမှန်သမျှကို Hacker လို့ခေါ်တဲ့ ကွန်ပျူတာဖောက်ထွင်းဝိဇ္ဇာက မြင်နိုင်စွမ်း ရှိသွားပါတယ်တဲ့။ အဲဒီလိုမြင်ရပြီဆိုရင် ငွေလိမ်ဂိုဏ်းဝန်ထမ်းက တစ်ဖက်သားကောင်ကို ဆက်သွယ်ပြောဆိုနေပြီး ဘဏ်ကတ်နဲ့ငွေချေရမယ့် ပစ္စည်းတစ်ခုခုကို အွန်လိုင်းကနေ ဝယ်ပေးဖို့ မြှူဆွယ်ပါတော့တယ်။ တစ်ဖက်သားကောင်က ဝယ်ပေးပြီဆိုရင်တော့ သူသုံးလိုက်တဲ့ ဘဏ်လျှို့ဝှက်ကုတ်တွေကို ကွန်ပျူတာဖောက်ထွင်းဝိဇ္ဇာက သိသွားပြီး သူ့ဘဏ်ထဲကငွေတွေကို ရအောင်လုပ်တော့တာပါ။

ဖုန်း ဒါမှမဟုတ် ကွန်ပျူတာအတွင်းပိုင်းထဲ ရောက်နေတဲ့ သူလျှိုဆော့ဖ်ဝဲကို ပြန်ဖျက်ဖို့ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်း၊ ကွန်ပျူတာကို 'Reset' လို့ခေါ်တဲ့ စက်ရုံထုတ်အဆင့် သတ်မှတ်ပေးလိုက်တဲ့ ဆက်တင်အတိုင်း ပြန်လုပ်မှပဲ ရနိုင်မယ်လို့ သူကပြောပါတယ်။

"ဆော့ဖ်ဝဲ ဒေါင်းပြီးသွားပြီဆိုရင် ဘဏ်အကောင့်ထဲမှာ ဘယ်လောက်ရှိလဲ အကုန်လုံး မြင်နေရတယ်”

ဝန်ထမ်းတွေကို ကွန်ပျူတာတစ်ယောက်တစ်လုံး၊ မော်ဒယ်နိမ့် အိုင်ဖုန်းနှစ်လုံးစီနဲ့ ဆိုရှယ်မီဒီယာအကောင့်တချို့ ပေးထားပြီး မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ နိုင်ငံခြားသား သားကောင်တွေရှာပြီး လိမ်ဖို့ ညွန်ကြားထားတယ်လို့ MMB Tower ရဲ့ ငါးလွှာမှာအလုပ်လုပ်ဖူးတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်က RFA ကို ပြောပြပါတယ်။

“Facebook သူတို့က ပေးထားတာ ခြောက်ခု၊ Instagram က နှစ်ခု၊ Whatsapp က နှစ်ခု၊ အဲဒီလိုမျိုးတွေ ပေးထားတာ။ အဲဒီလောက်အများကြီး ကိုယ်လည်း မသုံးနိုင်ဘူးလေ။ သူတို့ကတော့ လူတွေကိုဘယ်လိုဆွဲခေါ်… ဆိုပြီးသင်ပေးတာ။ ဆော့ဖ်ဝဲကို ဒေါင်းခိုင်းတာ။ ဆော့ဖ်ဝဲ ဒေါင်းပြီးသွားပြီဆိုရင် အဲဒီက ဘဏ်အကောင့်ထဲမှာဘယ်လောက်ရှိလဲ၊ ဘာလဲ သူတို့ အကုန်လုံးမြင်နေရတယ်”

MMB Tower (သို့) မြန်မာမေဖလားဝါး တာဝါ

အလုပ် စလျှောက်ချိန်က MMB Tower အဆောက်အအုံမှာ အလုပ်လုပ်ရမှာလို့ သိထားပေမယ့်၊ အွန်လိုင်းမှာတော့ V5 Myanmar ကုမ္ပဏီဆိုတဲ့နာမည်နဲ့ သိရတယ်လို့ ပြောကြပါတယ်။

V5 Myanmar ရဲ့ အလုပ်ခေါ်စာအပါအဝင် MMB Tower က အလုပ်ခေါ်စာမှာပါတဲ့ တယ်လီဖုန်းနံပါတ် ခြောက်ခုကို RFA က ဆက်သွယ်ခဲ့ပေမယ့် တစ်လုံးမှ လက်ခံဖြေဆိုတာ မရှိပါဘူး။

V5 Myanmar ကုမ္ပဏီဟာ MMB Tower အဆောက်အအုံတိုက်ကြီးရဲ့ အထပ်နံပါတ် '၅' မှာရှိပြီး အဲဒီအထပ်မှာ ဝန်ထမ်းပေါင်း ၆၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေထဲမှာ မြန်မာနိုင်ငံသားတွေအပြင် တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံသားတချို့လည်း လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။ အွန်လိုင်းမှာ လေ့လာရသလောက် အဲဒီအထပ်နံပါတ် '၅' မှာ လာအိုနိုင်ငံသားတချို့လည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ဗီယက်နမ်နာမည်၊ ထိုင်းနာမည်တွေနဲ့ဖွင့်ထားတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကတစ်ဆင့် ဆက်သွယ်ဖြားယောင်း လိမ်လည်ခဲ့ရတာလို့ အဲဒီမှာ အလုပ်လုပ်ကိုင်ဖူးသူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အင်ဒိုနီးရှားမှာ အလိမ်ခံရတဲ့သူ ဘယ်လောက်ရှိလဲသိနိုင်ဖို့ ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

Facebook လူမှုကွန်ရက်တွင် V5 Myanmar Company Limited အမည်ရှိ စာမျက်နှာတစ်ခုနှင့် အလုပ်ကြော်ငြာတစ်ခုကို တွေ့ရပုံ။ (Screenshot: RFA)
Facebook လူမှုကွန်ရက်တွင် V5 Myanmar Company Limited အမည်ရှိ စာမျက်နှာတစ်ခုနှင့် အလုပ်ကြော်ငြာတစ်ခုကို တွေ့ရပုံ။ (Screenshot: RFA)

အဲဒီအလုပ်မှာ တခြားနိုင်ငံကလူတွေကို ပစ်မှတ်ရှာပြီး ပြောဆိုစည်းရုံးရတဲ့ဌာနအပြင် Hacker လို့ခေါ်တဲ့ ကွန်ပျူတာဖောက်ထွင်းဝိဇ္ဇာတွေရဲ့ ဌာနတစ်ခု ရှိတယ်လို့ ပြောပြပါတယ်။

အလုပ်သမားတွေကို အုပ်ချုပ်တဲ့အဖွဲ့မှာ ခေါင်းဆောင်က ဂျက်စမင် (Jasmine) လို့ နာမည်ပေးထားတဲ့ ရှမ်းတရုတ်လူမျိုးတစ်ယောက်၊ တရုတ်လို ထန်းရီ (Tianyi) လို့နာမည်ပေးထားတဲ့ သူရိန်မင်းမင်း ဆိုတဲ့ မြန်မာလူမျိုးတစ်ယောက်၊ ဂျိုးဂျိုး (Jiu Jiu) လို့ လျှို့ဝှက်နာမည်သုံးထားသူ တစ်ယောက်၊ စုစုပေါင်းသုံးယောက် ရှိတယ်လို့ဆိုပါတယ်။ ဂျိုးဂျိုးကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ နေတယ်လို့ပဲ သိရတဲ့အကြောင်း အဲဒီမှာ အလုပ်လုပ်ဖူးသူတွေက ပြောပါတယ်။

အာဏာပိုင်တွေနဲ့ ဆက်စပ်နေသလား

ပြီးခဲ့တဲ့ဇူလိုင်လမှာ ဒီလုပ်ငန်းတွေကို အာဏာပိုင်တွေ ဝင်စစ်မယ်ဆိုပြီး ငါးရက်လောက် ပိတ်ထားခဲ့တယ်လို့ စောစောက ဝန်ထမ်းဟောင်းက ပြောပြပါတယ်။ ဒေသခံအာဏာပိုင်တွေနဲ့ ဆက်စပ်မှုရှိနေလို့ အခုလို ကြိုတင်ပြီး သတင်းရခဲ့တာလား ဆိုတာကိုတော့ အလုပ်လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတွေက တိတိကျကျ မသိကြပါဘူး။ ဒီအချက်ကို မေးမြန်းဖို့ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေကို ဆက်သွယ်ရာမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဝန်ထမ်းတွေကို MMB Tower ဝင်းထဲမှာရှိတဲ့ ကွန်ဒိုတိုက်တစ်တိုက်ရဲ့ ပထမထပ်မှာ တစ်ခန်းကို ၁၂ ယောက်နှုန်း၊ နှစ်ထပ်အိပ်စင်ခြောက်ခု စီစဉ်ပေးထားသလို အစားအသောက်အတွက် အဲဒီကွန်ဒိုမှာပဲ မြန်မာထမင်းဟင်းချက်တဲ့ ဝန်ထမ်းတွေက ချက်ပြုတ်ကျွေးမွေးတယ်လို့ အလုပ်လုပ်ခဲ့တဲ့သူတွေက ပြောပါတယ်။

ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းမရှိ MMB Tower အဆောက်အအုံရှေ့တွင် တွေ့ရသည့် Win Win International E-Commerce ကုမ္ပဏီဆိုင်းဘုတ်။ (Screenshot: RFA)
ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းမရှိ MMB Tower အဆောက်အအုံရှေ့တွင် တွေ့ရသည့် Win Win International E-Commerce ကုမ္ပဏီဆိုင်းဘုတ်။ (Screenshot: RFA)

MMB Tower အဆောက်အအုံရှေ့မှာ 'Win Win International E-Commerce' ဆိုတဲ့ ကုမ္ပဏီဆိုင်းဘုတ်တစ်ခု တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့အချက်အလက်တွေအရ ဒီကုမ္ပဏီကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကမှ မှတ်ပုံတင်ဖွဲ့စည်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် DICA မှတ်ပုံတင်စာရင်းမှာ ဖော်ပြထားတဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်သွယ်တဲ့အခါမှာလည်း ဖုန်းက ကုမ္ပဏီရဲ့နံပါတ် မဟုတ်ဘဲ တခြားမြို့တစ်မြို့က အမျိုးသမီးတစ်ယောက်ရဲ့ဖုန်း ဖြစ်နေပါတယ်။

MMB Tower ရဲ့ အထပ်နံပါတ် ၅ ဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိတ်ဆို့ အရေးယူတာ ခံခဲ့ရတဲ့ ရန်ကုန်အဲယားဝေးစ် လေကြောင်းလိုင်း (Yangon Airways) ရုံးခန်းဖွင့်လှစ်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ ရန်ကုန်အဲယားဝေးစ် လေကြောင်းလိုင်းဟာ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSP) ခေါင်းဆောင် ပေါက်ယူချန်းရဲ့ သားမက်ဖြစ်သူ အိုက်ဟော့ရဲ့ လုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ Myanmar Mayflower Building မူလပိုင်ဆိုင်သူဟာ မေဖလားဝါးကုမ္ပဏီ သူဌေးကြီး ဦးကျော်ဝင်း ဖြစ်ပြီး၊ ဦးကျော်ဝင်းနဲ့ ဦးအိုက်ဟော့ဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေလို့ သိရပါတယ်။

အခု အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်း လုပ်နေတဲ့ MMB Tower ငါးထပ်မှာ လုပ်ကိုင်ဖူးတဲ့ လာအိုနိုင်ငံသားတစ်ယောက်ရဲ့ လည်ပင်းမှာဆွဲထားတဲ့ ဝန်ထမ်းကတ်ပြားပေါ်က အမှတ်တံဆိပ်နဲ့ Win Win International E-Commerce ကုမ္ပဏီရဲ့ အမှတ်တံဆိပ် တူနေတာလည်း တွေ့ရပါတယ်။ Win Win ကုမ္ပဏီရဲ့ မှတ်ပုံတင်အချက်အလက်မှာ "တယ်လီကွန်းဆက်သွယ်ရေး၊ ကွန်ပျူတာပရိုဂရမ် ရေးသားခြင်း၊ သတင်းအချက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ" စတဲ့အလုပ်တွေ လုပ်ကိုင်တဲ့ကုမ္ပဏီဖြစ်ကြောင်း ရေးထားတာ တွေ့ရပါတယ်။

Win Win International E-Commerce ကုမ္ပဏီ အမှတ်တံဆိပ် (ဝဲ) နှင့် MMB  Tower ငါးလွှာတွင် တွေ့ရသည့် လာအိုနိုင်ငံသားတစ်ဦး ချိတ်ဆွဲထားသော ကတ်ပြားပေါ်ရှိ အမှတ်တံဆိပ်။ (Screenshot: RFA)
Win Win International E-Commerce ကုမ္ပဏီ အမှတ်တံဆိပ် (ဝဲ) နှင့် MMB Tower ငါးလွှာတွင် တွေ့ရသည့် လာအိုနိုင်ငံသားတစ်ဦး ချိတ်ဆွဲထားသော ကတ်ပြားပေါ်ရှိ အမှတ်တံဆိပ်။ (Screenshot: RFA)

Win Win ကုမ္ပဏီရဲ့ဒါရိုက်တာအဖြစ် 'ဦးကျော်ဆုသွေး' လို့ဖော်ပြထားပေမယ့် ပေးထားတဲ့ တယ်လီဖုန်းနံပါတ်ဟာ ကုမ္ပဏီနဲ့မဆိုင်သူတစ်ယောက်ရဲ့နံပါတ် ဖြစ်နေတဲ့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခွင့်မရခဲ့ပါဘူး။ V5 Myanmar ဆိုတဲ့ ကုမ္ပဏီနာမည်ကိုလည်း အင်တာနက်မှာ အလုပ်ခေါ်တဲ့ကြော်ငြာတွေမှာပဲ တွေ့ရပြီး တရားဝင် မှတ်ပုံတင်ထားတာ မတွေ့ရပါဘူး။

MMB Tower က အလုပ်ခေါ်စာများ

RFA ကို သတင်းပေးခဲ့သူကတော့ ဒီအလုပ်ဟာ လိမ်ရတဲ့အလုပ်မှန်း ကြိုတင်မသိခဲ့ဘဲ အွန်လိုင်းကတစ်ဆင့် လျှောက်ထားခဲ့တာလို့ ပြောပါတယ်။

“အဆင်မပြေတော့ အဲဒီမှာ အလုပ်သွားလုပ်တာပေါ့။ အွန်လိုင်းကနေ ခေါ်တာပေါ့နော်၊ အင်တာဗျူးတွေခေါ်တော့ အင်္ဂလိပ်စာ ရရမယ်၊ ကွန်ပျုတာ Typing (စာရိုက်) မြန်ရမယ်။ တစ်မိနစ်ကို စာလုံး ၃၀ အထက် ရိုက်နိုင်ရမယ်၊ အဲဒီလိုသတ်မှတ်ထားတော့ ကျွန်တော်လည်း အင်တာသွားဗျူးလိုက်တာပေါ့။ အင်တာဗျုးအောင်တော့ ကျွန်တော် အလုပ်ဝင်လိုက်ပါတယ်ခင်ဗျ”

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် MMB Tower တွင် အွန်လိုင်းစကားပြောအလုပ် (Chatting) နှင့် တရုတ်စကားပြန်အလုပ် လျှောက်ထားနိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာများ‌တွင် ဖော်ပြထားသည့် ကြော်ငြာများ။ (Screenshot: RFA)
ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် MMB Tower တွင် အွန်လိုင်းစကားပြောအလုပ် (Chatting) နှင့် တရုတ်စကားပြန်အလုပ် လျှောက်ထားနိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာများ‌တွင် ဖော်ပြထားသည့် ကြော်ငြာများ။ (Screenshot: RFA)

အလုပ်လျှောက်ထားရာမှာလည်း တရုတ်လို “丽莎” (Lì shā) လီရှား၊ အင်္ဂလိပ်လို လီဆာ (Lisa) လို့ ရေးထားတဲ့ Telegram အကောင့်ကနေ ဆက်သွယ်ရတယ်လို့ သူက ပြောပါတယ်။ RFA က လက်ခံရရှိထားတဲ့ အသံဖိုင်အရ Lisa ဆိုသူဟာ တရုတ်၊ ရှမ်း အသံထွက်နဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေတာ တွေ့ရပါတယ်။

သူတို့ကို တဘက်လူကိုစည်းရုံးဖို့ (Chatting) အလုပ်အတွက် လစာလေးသိန်းခွဲ၊ ရက်မှန်ကြေး ငါးသောင်း၊ နေစရိတ်စားစရိတ်အပြီး လို့ပြောပြီး အလုပ်ခန့်တာလို့ဆိုပါတယ်။ ဒါပေမဲ့ ခုနစ်ရက်အတွင်း သူတို့မကြိုက်ရင်၊ ဒါမှမဟုတ် အလုပ်ထွက်ချင်ရင်တော့ အဲဒီတစ်ပတ်စာ လုပ်ခမပေးဘူးလို့ အဲဒီမှာ လုပ်ကိုင်ခဲ့တဲ့သူတွေက ပြောပြပါတယ်။

MMB Tower မှာ နေ့လယ် ၁၂ နာရီကျော်မှာ ထမင်းစားချိန်နာရီဝက်နဲ့ တနင်္ဂနွေနေ့မနက်ပိုင်း ရုံးပိတ်ပေးတယ်လို့ပြောပါတယ်။ RFA ကလေ့လာရသလောက် MMB Tower ရဲ့ အဝင်ဝတံခါးမှာ လုံခြုံရေးဝန်ထမ်း သုံးယောက်လောက် စောင့်နေတာ တွေ့ရပါတယ်။ သူတို့ဟာ သာမန်လုံခြုံရေးဝန်ထမ်းတွေလို မဟုတ်ဘဲ အနီးတစ်ဝိုက် ဖြတ်သန်းသွားလာသူတွေရဲ့ အရိပ်အခြေကို အမြဲသတိထား စောင့်ကြည့်နေကြတာလည်း တွေ့ခဲ့ရပါတယ်။

တိုက်တစ်တိုက်လုံးမှာ အလုပ်နေတဲ့သူ စုစုပေါင်း ၃၅၀ လောက်ရှိနိုင်ပြီး တာဝါရဲ့ ၁၀ လွှာအထိ အွန်လိုင်းကနေ ငွေလိမ်တဲ့လုပ်ငန်းတွေ ရှိနိုင်တယ်လို့ အဲဒီမှာအလုပ်လုပ်ခဲ့ဖူးသူတွေက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး RFA က အသေးစိတ် စုံစမ်းလို့မရသေးပါဘူး။

MMB Tower အတွက် အလုပ်ခေါ်တဲ့ကြော်ငြာတွေမှာ Chatting လုပ်ရမယ်လို့ရေးပြီး ခေါ်နေတာ တွေ့ရသလို၊ တရုတ်-မြန်မာ ဘာသာစကား ကျွမ်းကျင်သူတွေကို လစာ ၁၂ သိန်း၊ တရုတ်-မြန်မာအပြင် အင်္ဂလိပ်စာတတ်သူတွေကို လစာ ၁၅ သိန်း၊ အွန်လိုင်းကြော်ငြာစျေးကွက်နဲ့ ရုံးဝန်ထမ်းရာထူးအတွက် လစာ သုံးသိန်းကနေ ငါးသိန်းအထိပေးမယ်လို့ ရေးထားတာတွေ့ရပါတယ်။

MMB Tower ၁၂ လွှာမှာ အလုပ်လျှောက်ခဲ့ဖူးတဲ့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုသူ လူငယ်တစ်ယောက်ကလည်း ဘွဲ့မရ၊ လုပ်ငန်းအတွေ့အကြုံ မရှိသေးတဲ့ သူ့ကို လစာခုနစ်သိန်းပေးမယ်ဆိုပြီး ခေါ်တဲ့အတွက် သေသေချာချာ စုံစမ်းကြည့်တဲ့အခါ လိမ်ရမယ့်အလုပ် ဖြစ်နေတာကိုသိလိုက်ပြီး မလုပ်ဖြစ်ခဲ့တာလို့ RFA ကို ပြောပြပါတယ်။

ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ MMB Tower အဆောက်အအုံ  (ဝဲဘက်အစွန်) ကို ၂၀၂၃ ဩဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ MMB Tower အဆောက်အအုံ (ဝဲဘက်အစွန်) ကို ၂၀၂၃ ဩဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ယုံကြည်ရတဲ့ကုမ္ပဏီ ဟုတ်၊ မဟုတ်

ရန်ကုန်မြို့မှာအခြေစိုက်ပြီး ငွေလိမ်ရတဲ့အလုပ် လျှောက်ခဲ့ဖူးတဲ့ နောက်ထပ်လူငယ်တစ်ဦးကလည်း အလုပ်ရှာတဲ့အခါ ယုံကြည်ရတဲ့ကုမ္ပဏီဖြစ်ဖို့ သေသေချာချာလေ့လာပြီးမှ လျှောက်သင့်တယ်လို့ အကြံပြုပါတယ်။

“အလုပ်တစ်ခါရှာမယ်ဆိုရင် အဲဒီကုမ္ပဏီအကြောင်းကို သေသေချာချာ လေ့လာပြီးတော့မှပဲ ကုမ္ပဏီရဲ့ Page တွေ၊ ကုမ္ပဏီက ဘာကုမ္ပဏီဆိုတာ သေသေချာချာသိမှပဲ ဝင်ဖို့ ကျွန်တော် အကြံပေးပါတယ်ဗျ။ ရုံးအလုပ်တွေ လုပ်နိုင်မယ့်သူတွေ ဆိုရင်ကျတော့ Yangon Connection မှာ အလုပ်ရှာဖို့ ကျွန်တော် အကြံပေးပါတယ်ဗျ။ Admin ကိုယ်တိုင် သေသေချာချာ လိုက်စစ်ဆေးပြီး Approval (ခွင့်ပြုပေးတဲ့) ပေးတယ်ဆိုတော့ တော်တော်ယုံရတယ်ဗျ”

MMB Tower ပေါ်က လိမ်လည်ဖို့ခေါ်တဲ့ အလုပ်ကြော်ငြာတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ဝန်းကျင်လောက်မှာ စတွေ့ရတာလို့ အဲဒီမှာ လုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။ အဲဒီအဆောက်အအုံအတွင်းပိုင်း မွမ်းမံပြင်ဆင်တာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ တွေ့ရတဲ့အတွက် တိုက်ပြင်ပြီးတာနဲ့ အလုပ်စလုပ်မယ့်သဘောလို့ ခန့်မှန်းရပါတယ်။ လေအေးစက်တပ်ဆင်တဲ့ကုမ္ပဏီတစ်ခုရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ပုံတွေအရ ၂၀၂၃ ခုနှစ် မတ်လထဲမှာတော့ ဒီအဆောက်အအုံထဲမှာ စီစီတီဗီ (စောင့်ကြည့်ကင်မရာ) နဲ့ လေအေးစက်တွေ တပ်နေတာကို တွေ့ရပါတယ်။

တရုတ်ငွေလိမ်ဂိုဏ်းတွေဟာ MMB Tower မှာတင်ရှိနေတာ မဟုတ်ဘဲ၊ ရန်ကုန်မြို့ ၂၇ လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာရှိတဲ့ Junction City Office Tower ၁၅ လွှာ၊ ဟံသာဝတီလမ်းနဲ့ ကျွန်းတောလမ်းက Time City၊ ကျွန်းတောလမ်းက Crystal Tower နဲ့ သံလျင်မြို့နယ်ထဲက Star City အိမ်ယာတွေအပြင် တခြားနေရာတွေမှာပါ ရှိနေတယ်လို့ ပြောကြပါတယ်။

“လိမ်တာကို တိုက်ရိုက်မလုပ်ဘူး။ လိမ်မယ့်လူကို လောက်ကိုင်တို့၊ မြဝတီတို့ဘက် ပို့မယ့်သူ ရှာပေးရတာ”

Junction City Office Tower မှာငွေလိမ်ဂိုဏ်း ရှိနေတယ် ဆိုတာနဲ့ပတ်သက်လို့ အဲဒီမှာအလုပ်လုပ်ခဲ့ဖူးတဲ့ လူငယ်တစ်ယောက်က RFA ကိုပြောပြရာမှာ… ‌ကိုယ်တိုင်လိမ်ရတာ မဟုတ်ဘဲ ဒီအလုပ်လုပ်မယ့်သူ ရှာရတဲ့အလုပ်လို့ ပြောပါတယ်။

“ရန်ကုန်မြို့လယ်က Junction City Office Tower ၁၅ လွှာမှာ နဂိုတုန်းက 'ချောင်းရှိ' ဆိုတဲ့ ကုမ္ပဏီတစ်ခု ရှိတယ်။ အဲဒီကုမ္ပဏီတစ်ခုမှာ ကျွန်တော် အလုပ်ဝင်ဖူးတယ်။ နှစ်လ လုပ်ပြီးတော့ တစ်ခါတည်း ထွက်လိုက်တာ။ အစတုန်းက အွန်လိုင်းဂိမ်းဆိုပြီး တကယ်တမ်း အွန်လိုင်းဂိမ်း မဟုတ်ဘူး။ ဟိုရောက်တော့ အဓိကကတော့ သူတို့လိမ်တာကို တိုက်ရိုက်မလုပ်ဘူး။ လိမ်မယ့်လူကို၊ လောက်ကိုင်တို့ မြဝတီတို့ဘက်ကို ပို့မယ့်သူ ရှာပေးရတာ”

အခုလို တရုတ်လူလိမ်ဂိုဏ်းတွေ ရန်ကုန်မြို့လယ်အထိ ပျံ့နှံ့လာတာဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်တယ်လို့ အဲဒီလူငယ်က ပြောပါတယ်။

“၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဲဒီလုပ်ငန်းတွေဟာ ရန်ကုန်မြို့ထဲက အချက်အချာကျတဲ့ နေရာတွေမှာ ရှိလာတာ။ ပြောရမယ်ဆိုရင် နာမည်ကြီး ကုမ္ပဏီတွေ ရုံးစိုက်တဲ့နေရာတွေမှာ သူတို့ အဲဒီလို ကြားညှပ်ပြီး ရှိနေတတ်တာ”

ဒီအချက်တွေဟာ MMB Tower မှာ ကိုယ်တိုင်အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေရဲ့ ပြောဆိုချက်တွေသာ ဖြစ်ပြီး၊ အမှန်တကယ် အဲဒီ MMB Tower မှာရှိတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ အနေနဲ့ Online ကနေ ငွေလိမ်လည်တဲ့အလုပ်တွေ တကယ်တမ်း လုပ်ဆောင်ခြင်း ရှိမရှိကိုတော့ RFA အနေနဲ့ သီးခြား စုံစမ်းအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုရော၊ နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာန ရုံးဖုန်းကိုပါ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ စစ်ကောင်စီက ခန့်ထားတဲ့ ရန်ကုန်တိုင်းပြောခွင့်ရပုဂ္ဂိုလ် ဥပဒေချုပ် ဦးဌေးအောင်ကိုလည်း RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေတယ်လို့သာ တုံ့ပြန်ပါတယ်။

ရန်ကုန်မြို့က ငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေတယ် ဆိုတာနဲ့ပတ်သက်လို့ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ပြီး မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တရုတ်၊ လာအို၊ ထိုင်း၊ မြန်မာ လေးနိုင်ငံအစည်းအဝေး ပြုလုပ်ပြီး အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုတွေကို ပူးပေါင်းနှိမ်နင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနဲ့ တရုတ်ရဲတပ်ဖွဲ့ပေါင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာ ၃ ရက်နေ့က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ဝင်ရောက်ဖမ်းဆီးပြီး တရုတ်နိုင်ငံသားအများစုအပါအဝင် မြန်မာ၊ ဗီယက်နမ်၊ မလေးရှား လူပေါင်းငါးရာနီးပါးကို ဖမ်းဆီးလိုက်တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ထုတ် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက လူပေါင်းတစ်သိန်းနှစ်သောင်းကျော်ဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အဓ္မစေခိုင်းခံရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Su Su Win
2023-09-05 23:47

ကျွန်းတောလမ်းက Crystal Tower မှာ ငွေကြေးလိမ်လည်ဖို့ လောက်ကိုင် ကို ပို့ပေးဖို့ လူခေါ်ပေးရတယ် အလုပ်တကယ်ရှိနေပါတယ်/ နောက်တစ်နေရာက လှိုင်သာယာမြိုံနယ် နဝဒေး အိမ်ယာထဲမှာလဲ ငွေကြေး မြင့်တဲ့ နိုင်ငံက နိုင်ငံခြားသားတွေကို တိုက်ရိုက်လိမ်လည်တဲ့ Crypto Currency လုပ်ငန်းလဲ ရှိနေပါတယ် ကျွန်မ ကိုယ်တိုင် အလုပ်ဝင်ခဲ့ဘူးပါတယ် သူလဲ နေ့စားငြိမ်း စရိတ် ငြိမ်းနဲ့ ခေါ်ခဲ့တဲ့ အလုပ်ပါပဲ