တယ်လီနော(မြန်မာ) ပိုင်ရှင်သစ်ပြောင်းမယ့်အပေါ် သုံးစွဲသူတွေ စိုးရိမ်

2022.03.23
တယ်လီနော(မြန်မာ) ပိုင်ရှင်သစ်ပြောင်းမယ့်အပေါ် သုံးစွဲသူတွေ စိုးရိမ် တယ်လီနောကြော်ငြာတစ်ခု၏အရှေ့မှာ ဖုန်းအသုံးပြုနေသူတွေကို ရန်ကုန်မြို့မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် တွေ့ရစဥ်
Photo: RFA

ပြည်သူတွေ စိတ်ချယုံကြည်မှုအရှိဆုံး တယ်လီနော(မြန်မာ) ဆက်သွယ်ရေးလုပ်ငန်းကို စစ်တပ်နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ဘနွန်အခြေစိုက် M1 Group တို့က မကြာ ခင် လွှဲပြောင်းယူတော့မှာမို့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေအတွက် စိုးရိမ်မိတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှစ်နှစ်ကြာလုပ်ကိုင်ခဲ့တဲ့ တယ်လီနော (မြန်မာ)ရဲ့ ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို စစ်တပ်နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ဘနွန်အခြေစိုက် M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချမှုကို စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မတ်လ ၁၅ ရက်နေ့က အတည်ပြုပေး ခဲ့ပါတယ်။

တယ်လီနောကုမ္ပဏီဟာ တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းနဲ့ သူ့ရဲ့ ကိုယ်ပိုင် လူ့အခွင့်ရေး စံတန်ဖိုးတွေကို လိုက်နာချင်ပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေတွေဟာ ဥရောပဥပဒေ တွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် မြန်မာနိုင်ငံကနေ အခုလို ပြန်ထွက်ရတာဖြစ်ကြောင်း Telenor Group ရဲ့ ဥက္ကဋ္ဌ Sigve Brekke က မတ်လ ၁၈ ရက် ထုတ်ပြန်ချက်မှာ ပြောထား ပါတယ်။

"စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပြီဆိုတော့ ပြည်သူတွေရဲ့ ပြောဆိုဆက်သွယ်မှုတွေမှာ ကြားဖြတ်နားထောင်လို့ရတယ်"

တယ်လီနော (မြန်မာ) ရဲ့ Data Base ထဲမှာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် အားလုံး ရှိထားပြီးသားမို့ စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီကို လွှဲပြောင်း လိုက်တဲ့အခါ လုံခြုံမှု မရှိနိုင်တော့ဘူးလို့ ရန်ကုန်မြို့က IT နည်းပညာရှင်တစ်ဦးက ပြောပါတယ်။

“User အယောက် ၁၀ သန်းရှိတယ်ဆိုရင် ၁၀ သန်းလုံးရဲ့ Information က Data Base မှာ ရှိနေပြီးသားပဲလေ။ တယ်လီနောက ရွှေဗျိုင်းဖြူ Group တို့၊ ဘာတို့ကို လက်လွှဲ လိုက်တယ် ဆိုတဲ့အတွက်ကြောင့် စစ်ကောင်စီက မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေ ဆိုလို့ရှိရင် နဂိုကတည်းက သူတို့ ကိုယ်တိုင်တွေရဲ့ ရှယ်ယာတွေပါတယ်။ ဒီလိုမျိုး လွှဲ ပြောင်းမှုတွေ မလုပ်ခင်ကတည်းက စစ်ကောင်စီက တယ်လီနောရဲ့ Management Team တွေ ထဲမှာ သူတို့က ဝင်ပါပြီးတော့ Day to Day Operation တွေထဲမှာ တယ်လီ နောတင် မဟုတ်ဘူး။ အူရီဒူးမှာပါ သူတို့က ဝင်ပြီးတော့ စောင့်ကြည့်နေပြီးသား။ တရုတ်တို့ရဲ့ နည်းပညာ Install လုပ်လိုက်ပြီဆိုရင် အဲဒါတွေကို AI ကနေပြီးတော့ အလိုလို Record လုပ်ထားတယ်။ ပြီးတော့မှ သူတို့က ပြန်ကြည့်တာပေါ့။ သူတို့အတွက် ပိုပြီးတော့ ခြေရာခံရတာ ပိုလွယ်ကူသွားတာပေါ့နော်။ အဲဒီတော့ ပြည်သူတွေ အနေနဲ့ ကတော့ တကယ်ကို မလုံခြုံပါဘူး"

ပိုင်ရှင်အသစ်ပြောင်းသွားတဲ့အတွက် သုံးစွဲသူတွေရဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ် အချက်အလက်တွေ၊ အွန်လိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းက အချက်အလက်တွေ အပါအဝင် တယ်လီနော Network ပေါ်က ဖြတ်သန်းသမျှ သတင်းအချက်လက်အားလုံးကို စစ်ကောင်စီဘက်က အလွယ်တကူ ဝင်ရောက်ကြည့်ရှုလို့ ရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ Reuters သတင်းမှာတော့ တယ်လီနော (မြန်မာ) လုပ်ငန်းအား လုံးရဲ့ ၈ဝ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူကုမ္ပဏီက ပိုင်ဆိုင်မှာဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်း ကိုသာ M1 ကုမ္ပဏီက ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

တယ်လီနောမြန်မာရဲ့ ပိုင်ရှင်သစ်ဖြစ်လာမယ့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော် ဟာ စစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ဖက်စပ်လုပ်ကိုင်သူဖြစ်ပြီး စက်သုံးဆီတင်သွင်း ဖြန့်ဖြူးတဲ့ လုပ်ငန်းအပြင် ကျောက်စိမ်း တူးဖော်တဲ့လုပ်ငန်းနဲ့ အခြားလုပ်ငန်းများစွာလည်း လုပ်ကိုင်ကြောင်း ပြည်တွင်း သတင်းမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

သုံးစွဲသူတွေရဲ့ သတင်းအချက်အလက် လုံခြုံရေးနဲ့ ပတ်သက်ပြီး နော်ဝေးနိုင်ငံ အော်စလို မြို့ရှိ Telenor ရုံးချုပ် မီဒီယာဆက်သွယ်ရေး ညွှန်ကြားရေးမှူး David Fidjeland ကို RFA က မနေ့က အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်းတဲ့အခါ Telenor Group ရဲ့ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်ကလွဲရင် သူတို့အနေနဲ့ နောက်ထပ် မှတ်ချက်ပေးစရာ မရှိပါဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

Telenor Group ရဲ့ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ တယ်လီနောဟာ မြန်မာနိုင်ငံ ကလုပ်ငန်းတွေ ရောင်းချဖို့ကို M1 Group တစ်ခုတည်းနဲ့သာ သဘောတူထားတာဖြစ်ပြီး ဒီသဘောတူညီချက်ကို စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံက အပြီးသတ် အတည်ပြုချက်ရတဲ့အထိ မပြောင်းလဲဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ M1 Group ဟာ မြန်မာအာဏာပိုင်တွေရဲ့ တရားဝင် အတည်ပြုချက်ရဖို့ဆိုရင် ရွှေဗျိုင်းဖြူလို ဒေသတွင်းကုမ္ပဏီကို ပိုင်ဆိုင်မှုအများစုပေးဖို့ အာမခံထားရတာကြောင့် ဒီအချက်ကို Telenor ရော၊ M1 Group နှစ်ခုလုံးကပါ လက်ခံ သဘောတူထားရတယ်လို့ ဆိုပါတယ်။

တယ်လီနောဟာ မြန်မာနိုင်ငံက လုပ်ငန်းအားလုံးကို မတ်လ ၁၅ ရက်ကစလို့ ခြောက်လ အတွင်း ပိုင်ရှင်သစ်ထံ အပြီးလွှဲပြောင်းရမှာဖြစ်ပါတယ်။ အဲဒီလိုလွှဲပြောင်းတဲ့အခါ ပထမ လေးလမှာ တယ်လီနောဆိုတဲ့ သူ့ရဲ့ အမှတ်တံဆိပ်နဲ့ အမည်ကို အသုံးပြုခွင့်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီအမှတ်တံဆိပ် သုံးစွဲခွင့်ကို အပြီးရပ်ဆိုင်းမှာဖြစ်ကြောင်း မတ်လ ၁၈ ရက် တယ်လီနောထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

နေပြည်တော်က တယ်လီဖုန်းသုံးစွဲသူ တစ်ဦးကတော့ အရင်က ယုံယုံကြည်ကြည်သုံးစွဲခဲ့တဲ့ တယ်လီနော ဖုန်းလိုင်းကို စစ်ကောင်စီနဲ့နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီထံ လွှဲပြောင်းတော့ မယ်လို့ သိရတဲ့အတွက် ဒေတာအချက်အလက်တွေ ခိုးယူထောက်လှမ်းခံရမှာကို စိုးရိမ်မိ တယ်လို့ ပြောပါတယ်။

“လုံခြုံရေးနဲ့ Privacy ကိစ္စတွေ ခိုးယူခံရမှာတွေ၊ ချိုးဖောက်ခံရမှာတွေ ဒီအပေါ်မှာတော့ စိုးရိမ်မှုရှိတယ်။ အော်ပရေတာတွေကို ထိန်းချုပ်ဖို့ပဲ စစ်တပ်က တစိုက်မတ်မတ် ကြိုး စားနေတာဗျာ။ ကျနော်တို့မှာ ရွေးချယ်စရာမရှိတော့ ဆက်သုံးနေကြတာပဲ။ အရင်တုန်း ကဆိုရင် တယ်လီနောတို့၊ ဘာတို့ဆိုတာကလည်းဗျာ လွတ်လပ်မှုရှိတယ်။ ကျနော်တို့ အတွက် လုံခြုံမှုပေးနိုင်မယ်ထင်လို့ ကျနော်တို့ သုံးခဲ့ကြတယ်။ အဲဒါမျိုးကို သူတို့ ဖိအား တွေပေးပြီး အခုလိုမျိုး နိုင်ငံက မထွက်၊ ထွက်အောင်လုပ်ပြီးတော့ သူတိုရဲ့ထိန်းချုပ်မှု အောက်တွေ ယူပြီးတော့ ဖိနှိပ်ဦးမယ်၊ ဖိနှိပ်နေတာပါပဲ လက်ရှိက”

ရန်ကုန်မြို့က တယ်လီဖုန်း သုံးစွဲသူ အမျိုးသမီးတစ်ဦးကတော့ စစ်တပ်လက်အောက်ကို ရောက်သွားတဲ့ ဘယ်လို ဆက်သွယ်ရေးလုပ်ငန်းမဆို ပြည်သူတွေအတွက် လုံခြုံမှု မရှိ တော့ဘူးလို့ ပြောပါတယ်။

“စိုးရိမ်ပူပန်မှုကတော့ အများကြီးရှိတာပေါ့။ ဘာလို့လဲဆိုတော့ ဒီကုမ္ပဏီက စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပြီဆိုတော့ ပြည်သူတွေရဲ့ ပြောဆိုဆက်သွယ်မှုတွေ မှာ ကြားဖြတ် နားထောင်လို့ရတယ်။ အဲဒီအတွက်ကြောင့် ပြည်သူတွေအနေနဲ့ လှူဒါန်း မှုတွေ၊ CDM တွေကို ဒါမှမဟုတ် PDF တွေ ကို လှူဒါန်းမှု လုပ်တဲ့အခါ တစ်ခါတလေမှာ ပြောဆိုဆက်သွယ်ရတာမျိုးတွေ ရှိတယ်။ သတိမထားမိဘဲ ပြောလိုက်တဲ့ဟာမျိုး တွေကတစ်ဆင့် ဆက်သွယ်တာတွေကို လိုက်ပြီး အဖမ်းခံရမှာမျိုးတွေ ရှိလာမှာလည်း အရမ်းစိတ်ပူရတယ်။ စစ်တပ်ရဲ့လက်အောက်ကို ရောက်သွားတဲ့ ဘယ်လုပ်ငန်းမဆို ပြည်သူတွေအတွက် အရမ်းကို စိတ်ပူရတဲ့ အနေအထား၊ လုံးဝစိတ်ချယုံကြည်မှု မရှိတော့တဲ့ အနေထားမျိုးကို ရောက်သွားတယ်”

ဒါကြောင့် စစ်တပ်ရဲ့ လက်အောက်ကိုရောက်သွားမယ့် ဆက်သွယ်ရေးကွန်ရက်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့နဲ့ တခြားရွေးချယ်စရာမရှိတော့ရင် ဖုန်းပြောတာနဲ့ စာတို ပို့တဲ့အခါ ကိုယ့်အတွက် အန္တရာယ်ရှိမယ့် စကားလုံးတွေကို မသုံးကြဖို့ အဲဒီအမျိုးသမီးက တိုက်တွန်းပါတယ်။

နိုင်လွတ်လုံဥပဒေလို့ လူသိများတဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေရဲ့ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဃ) မှာ ဆက်သွယ်ရေးအော်ပရေတာတွေ ထံကနေ ပုဂ္ဂိုလ်ရေးဆိုင်ရာ တယ်လီဖုန်းနဲ့ အီလက်ထရွန်နစ် ဆက်သွယ်ရေးသတင်း အချက်အလက်တွေကို တောင်းယူတာ၊ ထုတ်ပေးတာတွေ မလုပ်ရလို့ တားမြစ်ထား ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အဲဒီဥပဒေရဲ့ ပုဒ်မ ၅၊ ၇၊ ၈ တို့ကို ယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ဒီကိစ္စတွေအပါအဝင် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေအပေါ် အမြင်သဘောထားသိနိုင်ဖို့ အတွက် ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

telenor.jpg
တယ်လီနော ဆင်းကတ်အရောင်းဆိုင်ရှေ့တွင် တန်းစီဝယ်ယူနေသူများကို ၂၀၁၄ အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ် (Photo: AFP)

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေဟာ ဆက်သွယ်ရေး၊ သတင်းအချက် အလက် လုံခြုံရေးတွေနဲ့ ပတ်သက်ရင် ဥပဒေရဲ့ အကာအကွယ်ကို မရနိုင်တော့ဘူးလို့ ဥပဒေပညာရှင်တစ်ဦးက မှတ်ချက်ပေး သုံးသပ်ပါတယ်။

“ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ပတ်သက်တဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်မှု၊ လုံခြုံမှုကတော့ ကျနော်တို့မှာ မရနိုင်တော့ဘူးဆိုတဲ့ သဘောပဲ ရှိပါတယ်၊ ဥပဒေ သဘောအရလေ။ နိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေးကတော့ ဆုံးရှုံးသွားတဲ့ သဘောတော့ ဖြစ်တာပေါ့။ လတ်တလော အနေအထားမှာတော့ ဥပဒေအရ အကာအကွယ်မဲ့ နေသလို ဖြစ်နေတာပေါ့နော်။ အော်ပရေတာတွေ ကိုယ်တိုင်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့အတွက် နိုင်ငံသားတွေအနေနဲ့တော့ လတ်တလောအနေအထားမှာ ဥပဒေရဲ့ အကာကွယ် မရှိဘူးလို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှကို လှုပ်မရတဲ့ အကျပ်အတည်းထဲမှာ ရောက်နေတဲ့အတွက် ဥပဒေအရ ဖြေလျှော့မှုတွေ၊ ကုစားမှုတွေကတော့ အခွင့်အလမ်း တွေ ဆုံးရှုံးနေတဲ့ အနေအထားပဲ ဖြစ်ပါတယ်”

တယ်လီနော ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ စတင် ရင်းနှီးမြှုပ်နှံခဲ့တာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေ မြင့်မားတဲ့ နော်ဝေးအခြေစိုက် ကုမ္ပဏီ ဖြစ်တာ ကြောင့် တယ်လီနော(မြန်မာ) ဟာ ပြည်သူတွေကြားမှာ ယုံကြည်မှုအမြင့်ဆုံးနဲ့ သုံးစွဲသူ ၁၈ သန်းကျော်ထိ ရှိခဲ့ပါတယ်။

တယ်လီနောရုံးချုပ်ဥက္ကဋ္ဌနဲ့ CEO ဖြစ်တဲ့ Sigve Brekke ကတော့ အလွန်ခက်ခဲတဲ့ အခြေ အနေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းစိတ်ထိခိုက်ကြောင်း၊ တယ်လီနောဟာ မြန်မာနိုင်ငံကနေ ပြန်ထွက်ဖို့ကို လေးလံတဲ့ နှလုံးသားနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရကြောင်း မတ်လ ၁၈ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။