တယ်လီနော မြန်မာ ပိုင်ရှင်သစ် အက်တမ်ကို သုံးစွဲသူတွေ ယုံကြည်မှုနည်း

2022.07.01
တယ်လီနော မြန်မာ ပိုင်ရှင်သစ် အက်တမ်ကို သုံးစွဲသူတွေ ယုံကြည်မှုနည်း တယ်လီနော (မြန်မာ) ကို လွှဲပြောင်းယူလိုက်တဲ့ အက်တမ်ကုမ္ပဏီ အမှတ်တံဆိပ်ကို တွေ့ရစဉ်
Photo: Atom facebook

လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီနဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ပူးတွဲတည်ထောင်ထားတဲ့ Investcom PTE လီမိတက်က တယ်လီနော (မြန်မာ) ကို အက်တမ်လို့ အမည်သစ်ပေးပြီး ပြီးခဲ့တဲ့ မေလကုန်က လွှဲပြောင်းယူလိုက်ပါတယ်။

အက်တမ်ကုမ္ပဏီသစ်ဟာ ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၃၃၀ ရင်းနှီးမြှုပ်နှံပြီး သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ပြည်တွင်းပြည်ပ ဥပဒေတွေအရ ကာကွယ်ပေးမယ်လို့ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေအကြောင်း ရေးသားဖော်ပြနေတဲ့ Telecom.com ဝက်ဘ်ဆိုက်က ဇွန်လ ၉ ရက်နေ့မှာ ရေးသားထားပါတယ်။

အက်တမ်ကုမ္ပဏီသစ်ကို လက်ဘနွန်အခြေစိုက် M1 Group က ၂၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ပြီး ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ပါတယ်။

အက်တမ် လွှဲပြောင်းယူလိုက်တဲ့ တယ်လီနော (မြန်မာ) ရဲ့ ဆက်သွယ်ရေးကွန်ရက်ဟာ နိုင်ငံတစ်ဝန်းမြို့နယ် ပေါင်း ၃၁၆ မြို့နယ်မှာ သုံးစွဲသူပေါင်း ၁၈ သန်းကျော် ရှိပါတယ်။

တယ်လီနောဆက်သွယ်ရေး ကွန်ရက်ကို စစ်တပ်နဲ့နီးစပ်တဲ့ အက်တမ်ကုမ္ပဏီ လွှဲပြောင်း ယူလိုက်ကတည်းက သူ့ရဲ့ဆင်းမ်ကတ်ကို ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရန်ကုန်မြို့က ဦးဇင်ကို က RFA ကို ပြောပါတယ်။

“အက်တမ်လို့ ပြောင်းလိုက်တဲ့အချိန်မှာ အသံဖမ်းစက်တွေ ဘာတွေအကုန်လုံး တပ်လိုက်ပြီ။ ပြီးတော့ သူတို့ ခြေရာခံစက်တွေ တပ်လိုက်ပြီပေါ့။ ကျနော်တို့ ပြောလိုက်တဲ့စကားလုံးထဲမှာ သူတို့ လိုချင်တဲ့စကားလုံးမျိုး ပါသွားတယ်ဆိုရင် သူတို့လိုက်တော့မယ်၊ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ စကားလုံး ပြောလိုက်တာနဲ့ သူတို့စက်က မှတ်ထားတော့မယ်။ လုံခြုံမှုက ဘယ်လိုမှ စိတ်မချ ရတော့ဘူး။ အဲဒါကြောင့် အက်တမ်ကို အသုံးမပြုတော့ဘူး”

သူဟာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့အတွက် သူ့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေနဲ့ ပတ်သက်ပြီး အက်တမ်ကုမ္ပဏီကို အယုံအကြည်မရှိတာကြောင့် ဆက်မသုံးဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

မကွေးတိုင်းက CDM ကျောင်းဆရာ ဦးဟိန်းသီဟ ကတော့ အက်တမ်ဆင်းမ်ကတ်ကို ဆက်အသုံးပြုနေရပေမယ့် လုံခြုံတယ်လို့ မခံစားရဘူးလို့ ပြောပါတယ်။

“တယ်လီနောကို အက်တမ်လို့ပြောင်းလဲလိုက်တာ ရိုးသားတဲ့ပြောင်းလဲမှု မဟုတ်ဘူးလို့ ထင်မြင်တယ်။ ကျနော်တို့ တယ်လီနော အသုံးပြုသူတွေရဲ့ ပုဂ္ဂလိက သတင်း အချက်အလက်တွေနဲ့ လုံခြုံရေး၊ အသုံးပြုသူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေး တွေဟာ အများအပြား ချိုးဖောက်ခံရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး ကျနော်တို့ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာဥပဒေတွေဟာ ကာကွယ်ပေးနိုင်မှု နည်းပါးနေသေးတဲ့ကာလ ဆိုတော့ အက်တမ်အသုံးပြုသူတွေ ပဲဖြစ်ဖြစ်၊ အခြား ဆင်းမ်ကတ်အသုံးပြုသူတွေပဲဖြစ်ဖြစ် ပုဂ္ဂလိက သတင်း အချက်အလက် လုံခြုံမှုက လုံး၀ သုည ပါပဲ”

နော်ဝေးအခြေစိုက် တယ်လီနောကုမ္ပဏီ လက်ထက်တုန်းကတော့ သူ့နိုင်ငံရဲ့ စံတန်ဖိုးတွေ ဖြစ်တဲ့ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို မြန်မာပြည်တွင်း လုပ်ငန်းတွေမှာလည်း အမြင့်ဆုံးစံနှုန်းနဲ့ ထိန်းသိမ်းထားတာတွေ့ရတယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အခု စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ အက်တမ်ကုမ္ပဏီလက်ထဲ ရောက်သွားတဲ့အတွက် စစ်ကောင်စီက ဖုန်းကြားဖြတ် နားထောင်တာအပါအဝင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေရဲ့ အချက်အလက်တွေကို အလွယ်တကူ တောင်းယူလို့ ရသွားနိုင်တယ်လို့ ရန်ကုန် အခြေစိုက် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နည်းပညာကျွမ်းကျင်သူ တစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။

telenor
တယ်လီနောကြော်ငြာတစ်ခု၏အရှေ့မှာ ဖုန်းအသုံးပြုနေသူတွေကို ရန်ကုန်မြို့မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် တွေ့ရစဉ် (Photo: RFA)

“ပြောဆိုနေတာတွေ၊ တည်နေရာတွေ၊ နောက် တယ်လီဖုန်းအသုံးပြုသူတွေရဲ့ သတင်း အချက်အလက်တွေက ဒီဆာဗာတွေထဲမှာ၊ နောက်ပြီး အခုလက်ရှိ ပြောနေတာတွေကို Recording တွေထဲမှာ မှတ်တမ်းတင်ထားတာတွေ တောင်းယူဖို့ဆိုတာ လက်ရှိ အာဏာပိုင်တွေ အတွက် ဖြစ်လည်းဖြစ်နိုင်တယ်။ တပ်က သိချင်တယ်ဆိုရင် တယ်လီနောကနေ ပြောင်းလိုက်တဲ့ အက်တမ်ကို တောင်းတာမျိုးက သူ့အတွက်တော့ မခဲယဥ်းဘူးလို့ မြင်မိတာပဲ။ အရင်တုန်းကလည်း ဒါမျိုးတွေလုပ်ဖို့ တောင်းခံတာကြောင့် တယ်လီနောက ထွက်သွားတာ။ အခု ကျတော့ ပိုပြီးတော့ လွယ်သွားတာပေါ့"

ဒီလိုစိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ အက်တမ်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က ကုမ္ပဏီအနေနဲ့ ဒေတာလုံခြုံရေး၊ ဒေတာခံနိုင်ရည် ရှိမှု၊ ကိုယ်ရေးကိုယ်တာ အချက်အလက်၊ အင်တာနက် ကွန်ရက်ချိတ်ဆက်မှု၊ အင်တာနက် အသုံးပြုမှု နဲ့ အခြားစည်းကမ်းချက်တွေမှာ ဝယ်ယူသုံးစွဲသူတွေ အပေါ် အကာအကွယ် ပေးရေး စည်းမျဉ်းတွေကို ဥပဒေ၊ ကျင့်ဝတ်တွေနဲ့အညီ လုပ်ဆောင်မယ်လို့ RFA ကို ဇွန် ၃၀ ရက်နေ့မှာ အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားပါတယ်။

ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှု အခြေခံမူတွေ၊ သက်ဆိုင်ရာ ဒေသ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့၊ အတည်ပြုဖို့နဲ့ လိုက်နာဖို့အတွက် လွတ်လပ်တဲ့ နိုင်ငံတကာကျွမ်းကျင် အဖွဲ့အစည်းတွေနဲ့ မကြာခဏ တိုင်ပင်ဆွေးနွေးနေပါတယ်လို့လည်း သူက ပြောပါတယ်။

"လုံခြုံမှုက ဘယ်လိုမှ စိတ်မချ ရတော့ဘူး။ အဲဒါကြောင့် အက်တမ်ကို အသုံးမပြုတော့ဘူး"

အက်တမ်က အခုလို ကတိကဝတ်တွေ ပေးပေမယ့် နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဒီလိုအချိန်မျိုးမှာ ယုံကြည်လို့ မရဘူးလို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (Free Expression Myanmar) ရဲ့ ဒါရိုက်တာ မယဉ်ရတနာသိန်းက ထောက်ပြ ဝေဖန်ပါတယ်။

“အက်တမ်က အရင်တယ်လီနောရဲ့ သတင်းအချက်အလက်လုံခြုံမှု မူဝါဒကို ဆက်လက် ထိန်းသိမ်းလိုက်နာမယ်လို့ ကတိပေးထားတာရှိတယ်။ ဒါပေမဲ့ ဒါက ကျနော်တို့ မသိနိုင်ဘူး။ Tech Company တွေက ပွင့်လင်းမြင်သာမှု မရှိတဲ့အခါ ပြီးတော့ ကျနော်တို့ နိုင်ငံလိုမျိုး Independent Regulation Mechanism မရှိတဲ့အခါ အထူးသဖြင့် အာဏာသိမ်းထားတဲ့ အာဏာသိမ်း ကာလမှာဆိုရင် လူတွေက ကိုယ့်ရဲ့ ဘယ်အခွင့် အရေးကို ဘယ်လောက်ချိုး ဖောက်ခံလိုက်ရလဲ၊ ပြီးတော့ ဘယ်လိုချိုးဖောက် ခံနေရသလဲ ဆိုတာတောင် မသိနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်တယ်။ ဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့ ဒီ သုံးစွဲသူ အချက်အလက်တွေ လုံခြုံမှုဟာဆိုရင် တော်တော်ကိုပဲ စိုးရိမ်ဖို့ကောင်းတယ်”

စစ်ဗိုလ်ချုပ်တွေဟာ ဆက်သွယ်ရေး ကဏ္ဍကိုထိန်းချုပ်ပြီး သူတို့ကို ဆန့်ကျင်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ အစဉ်အဆက်ကြိုးစားခဲ့တာပါ။ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပြီလို့ တရားဝင်ကြွေးကြော်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ ဆက်သွယ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး တယ်လီဖုန်း သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို တရားဝင် တောင်းဆိုခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီဆက်သွယ်ရေးဥပဒေရဲ့ ပုဒ်မ ၄၀ မှာ လိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူမေးမြန်းတာ၊ လိုအပ်တဲ့ သတင်း အချက်အလက်နဲ့ အထောက်အထားတွေ၊ စာရွက်စာတမ်းတွေနဲ့ စာတမ်းအမှတ်အသားတွေကို တင်ပြခိုင်းတာ တွေပြုလုပ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

NLD အစိုးရလက်ထက်မှာတော့ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ နိုင်လွတ်လုံဥပဒေလို့ လူသိများတဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ နိုင်လွတ်လုံဥပဒေရဲ့ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဃ) မှာ ဆက်သွယ်ရေးအော်ပရေတာတွေ ထံကနေ ပုဂ္ဂိုလ်ရေးဆိုင်ရာ တယ်လီဖုန်းနဲ့ အီလက်ထရွန်နစ် ဆက်သွယ်ရေးသတင်းအချက်အလက်တွေကို တောင်းယူတာ၊ ထုတ်ပေးတာတွေ မလုပ်ရလို့ တားမြစ်ထားပါတယ်။

ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အဲဒီ ပြဋ္ဌာန်းချက်တွေ ပါဝင်တဲ့ ပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ကို ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီဟာ ဆယ်သွယ်ရေး အော်ပရေတာတွေထံကနေ သူတို့လိုချင်တဲ့ သတင်းအချက်အလက်တွေကို တောင်းခံဖို့ ပြည်တွင်း ဥပဒေအရ အခွင့်အာဏာရှိနေပါတယ်။

တယ်လီနော ဆက်သွယ်ရေး ကွန်ရက်ကို ထိန်းချုပ်လိုက်တဲ့ အက်တမ်က သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ပြည်တွင်းပြည်ပ ဥပဒေတွေနဲ့ အညီ ကာကွယ်ပေးမယ်လို့ ကတိပေးထားပေမယ့်၊ ပြောပေမယ့် နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေကတော့ ဒီအပေါ်မှာ ယုံကြည်မှုနည်းနေပါတယ်။

ကမ္ဘာနိုင်ငံအသီးသီးက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ထောက်ပြဝေဖန်နေတဲ့ Article 19 လူ့အခွင့် အရေးအဖွဲ့ရဲ့ အခုလအတွင်း ထုတ်ပြန်တဲ့ “၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အစီရင်ခံစာ” မှာ နိုင်ငံပေါင်း ၁၆၁ အနက် မြန်မာနိုင်ငံက တခြားအနိမ့်ဆုံး နိုင်ငံတွေလိုပဲ အဆင့် ၁၄၀ မှာသာ ရှိနေတာကို တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။