မိုဘိုင်းအင်တာနက်ဈေးတိုးမြှင့်မှု ပြည်သူတွေကို ပိုခက်ခဲစေ
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဋ္ဌာနရဲ့ အမိန့် အရ ဆက်သွယ်ရေး အော်ပရေတာတွေဟာ အင်တာနက်ဝန်ဆောင်ခ နှုန်းထားတွေကို ဒီဇင်ဘာ ၈ ရက် မနေ့ကစပြီး နှစ်ဆနီးပါးတိုးမြှင့်လိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေနဲ့အတူ အလုပ်လက်မဲ့ဘဝနဲ့ ပြည်သူတွေ အကျပ်အတည်းကြုံနေရချိန်မှာ အခုလို နေ့တဓူဝသုံးစွဲနေရတဲ့ အင်တာနက်ဝန်ဆောင်ခကိုပါ တိုးမြှင့်ကောက်ခံတာကြောင့် ပြည်သူတွေကို ပိုပြီးကျပ်တည်းစေတယ်လို့ သုံးစွဲသူတွေက ဝေဖန်ကြပါတယ်။
"စစ်ကောင်စီဘက်က ဒစ်ဂျစ်တယ်တော်လှန်ရေးကို တော်တော်လေးကြောက်တယ်လို့ ထင်တယ်”
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သာမန်ပြည်သူတွေနဲ့ အွန်လိုင်းဈေးသည်တွေအတွက် ပိုပြီးထိခိုက်တယ်လို့ ဒီပဲယင်းမြို့က အွန်လိုင်းဈေးသည် မပျိုမေချောက RFA ကို ပြောပါတယ်။
“အွန်လိုင်းရှော့လုပ်တဲ့သူတွေက လိုက်လွှင့်ရောင်းတယ်ဆိုရင် အင်တာနက်ဈေးနှုန်းတွေက ပိုပြီးတော့ ကုန်ကျတယ်။ အမြတ်လည်း လျော့သွားတာပေါ့။ Online Shop လုပ်တဲ့သူတွေထက် ပိုပြီးနစ်နာတာက ပြည်သူတွေ။ တစ်နေ့လုပ် တစ်နေ့စားတဲ့ သူတွေပေါ့။ သူတို့က တစ်ရက်လုပ် တစ်ရက်စားရတာဖြစ် တဲ့အတွက် အင်တာနက် သုံးစွဲဖို့ဆိုတာ အတော်ကိုခက်ခဲသွားမယ်”
စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ မအေးမြင့်အောင်အောင်ကတော့ တော်လှန်ရေးအဖွဲ့တွေဟာ အွန်လိုင်းကိုအသုံးပြုပြီး အထောက်အပံ့ရနေတာကြာင့် လူတိုင်းအင်တာနက်ကို လက်လှမ်းမမီနိုင်အောင် လုပ်လိုက်တာဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်က ဒစ်ဂျစ်တယ်တော်လှန်ရေးကို တော်တော်လေးကြောက်တယ်လို့ ထင်တယ်၊ ကြောက်လို့လည်း ဒီလိုမျိုးတွေ ဈေးတက်လာတာပေါ့၊ Package တွေဆိုလည်း အဆမတန်ပေါ့နော် နှစ်ဆလောက် တိုးသွားမျိုးတွေပေါ့၊ ဒီကောင်တွေကစပြီး လုပ်လာကြတာပေါ့ ဒါယုတ်မာတာပေါ့ဗျာ၊ ညီမတို့ အခုသွားနေတဲ့ တော်လှန်းရေးက နည်းနာမျိုးစုံနဲ့ သွားနေတာ၊ အဲမှာမှ အဓိက ညီမတို့သွားနေတဲ့ ဒစ်ဂျစ်တယ်တော်လှန်ရေး ဆိုတာက ဒီကောင်တွေကို အထိနာဆုံး လုပ်ရပ်တစ်ခုပဲပေါ့နော်၊ အဲတော့ ဒီဒစ်ဂျစ်တယ်တော်လှန်ရေးကို ဒီကောင်တွေ အင်မတန်ကြောက်တယ်၊ တော်တော်လေး ကြောက်တယ် ပေါ့၊ ဘာလို့ဆို ဒီကနေ တော်လှန်ရေးနည်းနာတွေ တော်လှန်ရေးအားဖြင့် စာတွေက အများကြီးရတာပေါ့”
စစ်ကောင်စီရဲ့လုပ်ရပ်ဟာ မိုဘိုင်းဒေတာဝန်ဆောင်မှုကိုပဲ အားထားပြီးအသုံးပြုနေရတဲ့ ပြည်သူတွေအတွက် ပိုပြီးခက်ခဲသွားစေနိုင်တယ်လို့ မအေးမြင့်အောင်အောင်က ဆိုပါတယ်။
လက်ရှိမှာ အူရီဒူး၊ MPT၊ မိုင်တဲလ်နဲ့ တယ်လီနော ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေတာပါ။ အခုတိုးမြှင့်သတ်မှတ်လိုက်တဲ့ ဈေးနှုန်းအသစ်တွေကြောင့် ဒီဇင်ဘာ ၈ ရက်မတိုင်ခင်အထိ ကျပ်တစ်ထောင်ဖိုးအတွက် ၉၅၀ MB ရရှိခဲ့ပေမယ့် အခုတော့ ၅၀၀ MB ဝန်းကျင်သာ ရရှိတော့တာပါ။
အခုလို တိုးမြှင့်ကောက်ခံဖို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဋ္ဌာနကနေ ညွှန်ကြားခဲ့တဲ့ အကြောင်း သုံးစွဲသူတစ်ဦးချင်းဆီကို ဆက်သွယ်ရေး အော်ပရေတာတွေက ပြီးခဲ့တဲ့အပတ်က အကြောင်း ကြားခဲ့တာပါ။
ဒီညွှန်ကြားချက်နဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန အရာရှိတစ်ဦးထံ RFA က ဒီဇင်ဘာ ၉ ရက်မှာ ဆက်သွယ်ခဲ့ပါတယ်။
အဲဒီအရာရှိက ဖုန်းမတ်ဆေ့ချ်ကနေ ဆက်သွယ်ပေးဖို့ ပြောဆိုခဲ့တာကြောင့် RFA ရဲ့ မေးခွန်းကိုဖုန်း မတ်ဆေ့ချ်ကနေ ပေးပို့ခဲ့ပေမယ့် အကြောင်းမပြန်သလို ဖုန်းနဲ့ ထပ်မံဆက်သွယ်တာကိုလည်း လက်ခံ ဖြေကြားခဲ့တာ မရှိပါဘူး။
ပြည်သူတွေအနေနဲ့ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကိုအသုံးပြုပြီး သတင်းအချက်အလက် ရယူနေရတဲ့အပြင် နေ့စဉ်လူနေမှုဘဝအတွက်လည်း အသုံးပြုနေရတာကြောင့် အခုလိုဈေးတွေတိုးလိုက်တာဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ပိုပြီးပေါ်လွင်သွားစေတယ်လို့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD) က မသဉ္ဇာရွှန်းလဲ့ရည်က RFA ကို ပြောပါတယ်။
“လူတိုင်းနီးပါးက ကိုယ့်ဖုန်းထဲက ဒေတာအချက်အလက်ကို အခြေခံပြီးတော့ပဲ အဓိကအားဖြင့် အင်တာနက် ဝက်ဘ်ဆိုဒ်တွေတောင် သူတို့ သိပ်မဝင်နိုင်ကြပါဘူး၊ ဒီဖေ့စ်ဘွတ်ကိုပဲ အားကိုအားထားပြုပြီး သတင်းအချက်အလက် ယူရတယ်၊ ဒါတောင်မှ ဖေ့စ်ဘွတ်ကို သူတို့ပိတ်ထားတယ်၊ ပိတ်ထားလို့ VPN တွေသုံးရတယ်၊ VPN တွေဆိုတာကလည်း Free VPN တွေက အကန့်အသတ်တွေရှိတယ်၊ ဒီလိုအခက် အခဲတွေ အများကြီးကြားက ပြည်သူတွေက သတင်းအချက်အလက်ရဖို့ ဒီတော်လှန်ရေးမှာ ပါဝင်နေ ကြတာလည်း အများကြီးရှိတယ်၊ ဆိုတော့ အခုလိုမျိုး အင်တာနက်ကြေးတွေ တက်လိုက်တယ်ဆိုတာက လက်ရှိတော်လှန်ရေး အင်အားစုတွေရော လူထုကိုပါ တပြိုင်တည်းထိခိုက်မှုအများကြီး ဖြစ်စေတာက လူထုဆိုရင် သတင်းအချက်အလက်လို့ပြောရင် သူတို့နေ့စဉ်ဘ၀ စားသောက်နေထိုင်ဖို့အတွက် မိုဘိုင်း ဘဏ်သုံးတာတွေရှိတယ်၊ ငွေကြေးအလဲအလှယ်ကိစ္စတွေ နောက်အွန်လိုင်းတွေပေါ်ကနေ စီးပွားရေးတွေ ဆက်ဆံရတယ်၊ ဒါတွေအားလုံးကို အထိအခိုက်ဖြစ်စေတယ်၊ အထူးသဖြင့် ကျမတို့နိုင်ငံက ဆင်းရဲသား လူတန်းစား အရမ်းများတဲ့နိုင်ငံဖြစ်တဲ့အချိန်မှာ အခုလို အင်တာနက်ကြေး တက်လိုက်တဲ့ကိစ္စသည် ဒါစစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ပိုပြီးပေါ်လွင်သွားစေတယ်”
ဒါပေမဲ့ ဒီလုပ်ရပ်ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေက ရပ်သွားမှာမဟုတ်သလို ပြည်သူတွေရဲ့ နစ်နာမှုတွေကနေ နာကြည်းမှုတွေသာ ပိုဖြစ်လာလိမ့်မယ်လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ အရပ်သားတွေရဲ့ အင်တာနက်သုံးစွဲမှုနဲ့ သတင်းအချက်အလက် ရပိုင်ခွင့်တွေကို ဆက်တိုက်ထိန်းချုပ် ကန့်သတ်ခဲ့ပါတယ်။ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာပဲ မနက် ၃ နာရီကစလို့ နေ့လယ်ပိုင်းထိ ပထမဆုံးအကြိမ် အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။
အဲဒီနောက် ဒုတိယအကြိမ် ဖေဖော်ဝါရီ ၆ ရက်မနက်ပိုင်းကနေ ၇ ရက် ညနေပိုင်းအထိ အင်တာနက် ဖြတ် တောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ တစ်နိုင်ငံလုံး ညပိုင်းမှာ အင်တာနက် စတင်ဖြတ်တောက်ပြီး မတ်လ ၁၅ ရက်မှာတော့ မိုဘိုင်းဒေတာ အသုံးပြုတဲ့ အင်တာနက်တွေကိုပါ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြတ်တောက်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ည ၁ နာရီကနေ မနက် ၉ နာရီအထိ အင်တာနက်ဖြတ်တောက်ခဲ့တာ ဧပြီ ၂၈ ရက်မှာ အဆုံးသတ်ခဲ့ပြီး မိုဘိုင်းဒေတာသုံး အင်တာနက်တွေကိုတော့ မေလ ၃၀ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သြဂုတ်လ ၂၀ ရက်နောက်ပိုင်းကစလို့ ကချင်ပြည်နယ် ဖားကန့် အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၂၅ ခုမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။