စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့ဒဏ်ခတ်ရေး အမေရိကန်အစိုးရ ဘာတွေလုပ်နေသလဲ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.02.11

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာပြည်သူတွေရဲ့ လက်ရှိဆန္ဒပြပွဲတွေကို ကမ္ဘာက အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာအစိုးရပိုင် ဒေါ်လာ သန်း ၁ဝဝဝ ကို အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ထုတ်ယူသုံးစွဲလို့မရအောင် ထိန်းချုပ်လိုက်ပြီး အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့မယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။

အာဏာသိမ်းမှုကို ရုပ်သိမ်းပြီး ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ သူက ထပ်မံတောင်းဆိုခဲ့သလို တခြားနိုင်ငံတွေနဲ့ လက်တွဲပြီး လိုအပ်သလို အရေးယူမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မနေ့က တနေ့တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အန်တနီ ဘလင့်ကင်န် နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တိုရှီမစ်ဆု မိုတေဂီ တို့ မြန်မာပြည်မှာ စစ်တပ် အာဏာသိမ်းမှုကို အရေးယူရေးအတွက် နည်းလမ်းတွေကို ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တရုတ်ပြည်ရဲ့ သြဇာချဲ့ထွင်မှုကိုလည်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

NLD ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးနေဘုန်းလတ်က နိုင်ငံတကာရဲ့ ထောက်ခံမှုဟာ မိမိတို့အတွက် ကြီးမားတဲ့အင်အားတွေဖြစ်တယ်လို့ ပြောပါတယ်။

“အခုဆိုရင် အမေရိကန်သမ္မတက စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ တရားဝင် အစိုးရဘက်ကနေ ချွင်းချက်မရှိ ရပ်တည်တဲ့ ကိစ္စနဲ့ပတ်သက်လို့ အင်မတန်ပဲ အားရကျေနပ်ပါတယ်။ ဒါကလဲ သိပ်အရေးကြီးပါတယ်။ ပြည်တွင်းကနေ တိုင်းသူပြည်သားတွေ သူတို့ရဲ့ ဆန္ဒအမှန် ဘာလဲဆိုတာ တနိုင်ငံလုံး တကမ္ဘာလုံး မြင်နေရပြီဖြစ်ပါတယ်။ အဲတော့ ပြည်တွင်းက လှုပ်ရှားမှုတွေသာမကဘဲ နိုင်ငံတကာက ဖိအားပေးမှုတွေ ဒီ့ထက်ပိုတဲ့လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။ Globalization ဖြစ်ပြီးမှ နိုင်ငံတနိုင်ငံ အာဏာရှင်စနစ်လက်အောက် ကျရောက်ပြီဆိုရင် ဒါ တကမ္ဘာလုံး ထိခိုက်တာပါပဲ။ အဲဒီအတွက်ကြောင့်မို့လို့ တကမ္ဘာလုံးအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးမရှည်အောင် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုပါတယ်။ အဲဒီထဲမှာ အမေရိကန်သမ္မတက ဦးဆောင်ပြီး ဒီလိုမျိုးဆောင်ရွက်တဲ့ကြောင့် ကျနော်ကတော့ ကျေနပ်တယ်လို့ ပြောချင်ပါတယ်။”

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင် ဦးတင့်လွင်ကလည်း -

“နိုင်ငံတကာထောက်ခံချက်က ဒီလောက်မြန်မြန်ဆန်ဆန်ရတာ ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ပြည်သူတွေက မျှော်လင့်နေတယ်ပေါ့ ဒါပေမဲ့လဲ အရင်က Sanction ဖြစ်ခဲ့တဲ့အခါမှာ ပစ္စည်းတွေဝယ်လို့ မရဘူးဆိုရင် ကြားပွဲစားနဲ့ စင်္ကာပူမှာ base ထားပြီး ဝယ်တာမျိုး၊ ပစ္စည်းတွေ ရောင်းလို့ မရဘူးဆိုရင် country of origin ကို ဖျက်ပြီးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို ဈေးပေါပေါနဲ့ ရောင်းပစ်တဲ့အတွက် ပြည်တွင်းက ထွက်ကုန်သမားတွေဘဲ နစ်နာတာမျိုး ရှိနိုင်တယ် ဒါတွေကို Sanction ဆောင်ရွက်တဲ့ အစိုးရအဖွဲ့အစည်းများက စဉ်းစားစေချင်ပါတယ်။ ကျနော်တို့ အဓိက ဒီတိုက်ပွဲမှာ တောင်းဆိုရမဲ့အချက်တွေက ဖမ်းဆီးခံ ကျနော်တို့ ခေါင်းဆောင်များနဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွတ်ရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ မူလဒီမိုကရေစီအစိုးရ လက်ကို အာဏာပြန်လည်ရရှိရေး၊ ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒအတိုင်း အမှန်အတိုင်း အသိအမှတ်ပြုရေး ၊ ဒါတွေကို ရှင်းရှင်းလင်းလင်း အတူတကွရပ်တည်ပြီးတော့ တညီတညွတ်တည်း သွားသင့်တယ်လို့ ယုံကြည်တယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးနေဘုန်းလတ်ကလည်း -

“ကျနော်တို့ကတော့ ရှင်းပါတယ်။၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုက တခဲနက်မဲပေးပြီးတော့ သူတို့လိုချင်တဲ့ အစိုးရကို သူတို့ ရွေးချယ်ပြီးပြီ။ ကျနော်တို့က ၂ဝ၂ဝ ရွေးကောက်ပွဲရလာဒ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ လက်ရှိနိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဒီ ၂ ချက်က အဓိက အချက်တွေပဲ။ နောက်တခုက လက်ရှိအနေအထားနဲ့ ပြောရမယ်ဆိုရင် အာဏာသိမ်း စစ်အစိုးရက လွှတ်တော်ခေါ်ယူရေးတွေ တားဆီးထားတဲ့အတွက်ကြောင့် လွှတ်တော်ကိုယ်စားပြု ကော်မတီဆိုပြီးတော့ CRPH ဆိုပြီး ကျနော်တို့ ဖွဲ့ထားတာရှိတယ်၊ CRPH က လက်ရှိအခြေအနေမှာ ဥပဒေပြုရေး အာဏာရှိတယ်၊ စစ်အာဏာသိမ်းအုပ်စုရဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ သူတို့ပြုမယ့် ဥပဒေအားလုံး ဘာတခုမှ တရားမဝင်ဘူးပေါ့နော်၊ အဲတော့ CRPH ရဲ့ ထုတ်ပြန်ချက်တွေ သူတို့ပြုတဲ့ ဥပဒေတွေသာ တရားဝင်တယ်ဆိုတဲ့ အချက်၊ အဲဒီအချက်တွေကိုပဲ ကျနော်တို့က အဓိကတည်ပြီး သွားနေတယ်၊ ပြည်သူတွေရဲ့တောင်းဆိုချက်မှုကို ကြည့်မယ်ဆိုရင်လဲ ဒီအချက်တွေကိုပျ ဦးတည်သွားနေတာ ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ။”

ဒီအတောအတွင်းမှာပဲ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦးက ကြေညာချက်တစောင် မနေ့ကထုတ်ပြန်ပြီး သမ္မတ ဘိုင်ဒင်ရဲ့ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် အရေးယူမှုကို အားရကျေနပ်ကြောင်း၊ အရပ်သားအစိုးရလက် အာဏာပြန်လွှဲပေးရေးကို ထောက်ခံတိုက်တွန်းကြောင်းနဲ့ ဆန္ဒပြ မြန်မာပြည်သူ ထောင်သောင်းများစွာနဲ့အတူ မိမိတို့ တညီတညွတ် ရပ်တည်ကြောင်း ပြောကြားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။