အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စည်းကမ်းမဲ့ ရွှေတူးသူတွေ ပိုများလာ

2022.04.22
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စည်းကမ်းမဲ့ ရွှေတူးသူတွေ ပိုများလာ ကချင်ပြည်နယ် မြစ်ဆုံမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာကို ၂၀၂၁ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ကချင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ရွှေတူးဖော်မှုတွေ ပိုများလာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပိုများလာတယ်လို့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ကချင်ပြည်နယ်တစ်ခုလုံးမှာ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား ကနေ အထက်ပိုင်း ဧရာဝတီမြစ်ဆုံအထိ မြစ်ထဲမှာပဲ တူးဖော်နေတဲ့ (ဒေသအခေါ်) ရွှေဖောင် ၅၀ နီးပါး လောက်သာ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ မြစ်ထဲတူးတဲ့ ရွှေဖောင်က ရာဂဏန်းအထိ ရှိလာသလို ကုန်းမြေပေါ်မှာ တူးနေတဲ့ ရွှေကျင်းကလည်း ၅၀၀ ကျော်အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်စိမ်း၊ ရွှေ စတဲ့ အဖိုးတန်ရတနာတွေ ထွက်ရှိတာကြောင့် တစ်နိုင်ငံလုံးက ရွှေ့ပြောင်း အလုပ်သမားတွေ လာရောက်နေထိုင်လေ့ရှိတဲ့ မြစ်ကြီးနားဒေသမှာ ကိုဗစ် ကပ်ရောဂါနဲ့ အာဏာသိမ်း နောက်ဆက်တွဲ အထွေထွေ အကျပ်အတည်းတွေကြောင့် လူတွေ စားဝတ်နေရေး ပိုခက်ခဲလာပြီး စည်းကမ်းမဲ့ ရွှေတူးသူတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့အနီးက အူဗျစ်ကျေးရွာမှာဆိုရင် မြစ်ထဲတူးနေတဲ့ ရွှေဖောင်က ၅၀ လောက် ရှိပြီး ကုန်းပေါ်မှာတော့ ၂၀၀ လောက်အထိ ရှိတယ်လို့ မြစ်ကြီးနားမြို့ခံ ကိုနော်နော်က ပြောပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်မှာ ကျနော်တို့ဒေသမှာကျတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ လယ်တွေလည်း မရှိဘူး၊ တောင်ယာလုပ်ဖို့လည်း ပိုက်ဆံရှိတဲ့သူတွေ အကုန်လုံးယူသွားတယ်ဆိုတော့ ဧရာဝတီ မြစ်ကမ်းနံဘေးမှာ ရွှေကျင်ပြီးမှပဲ ကျနော်တို့ လိုအပ်တဲ့ ဆေးဖိုးလေးတွေ၊ လူမှုရေးတွေကို အဲလို ပြဿနာတွေကို ဖြေရှင်းတာပေါ့။ အခက်အခဲတွေဖြစ်တဲ့အတွက်ကြောင့် အများက မြစ်ကမ်းနံဘေးမှာ ရွှေကျင်ပြီး လုပ်တာပေါ့။ ရွှေတူးလာတာပေါ့။ အရင်တုန်းကတော့ ရွှေငုတ်ကျင်း တွေ ဆယ်ချီရှိတယ်။ လေးငါးဆယ်ရှိတာပေါ့။ ဒီနှစ်က ရာနဲ့ချီတာပေါ့။ ကျနော်တို့ ဒီအူဗျစ်ကနေ ကျိန်ခရန်အထိက ကုန်းမှာ လုပ်တာက ရာနဲ့ချီတာပေါ့၊ နှစ်ရာလောက် ရှိတာပေါ့။ ပြီးတော့ ဒီရေငုတ်ကျင်းလည်း တအားများလာတယ်”

ရွှေတူးနေသူတွေထဲမှာ မြစ်ကြီးနားဒေသခံက အနည်းငယ်သာရှိပြီး တခြားဒေသကနေ လာရောက်လုပ်ကိုင်သူတွေက ပိုများတယ်လို့ သူက ဆိုပါတယ်။ မြစ်ကြီးနားဒေသခံ အများစုက စက်အသေးတွေနဲ့ တူးဖော်ကြပေမယ့် အခြားဒေသကနေ အုပ်စုလိုက် လာရောက်လုပ်ကိုင်သူတွေ ကတော့ စက်ယန္တရားကြီးတွေနဲ့ပါ စီးပွားဖြစ် တူးဖော် နေကြတာလို့လည်း အဲဒီဒေသခံက ပြောပါတယ်။

စည်းကမ်းမဲ့ ရွှေတူးဖော်မှုတွေကြောင့် ကချင်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီ မြစ်ကမ်း တစ်လျှောက် ရှုခင်းအလှဆိုတာ မရှိတော့လောက်အောင် သဘာဝဝန်းကျင် ထိခိုက်ပျက်စီးနေပြီလို့ မြစ်ကြီးနားမြို့ခံ ကိုဂမ်ထွယ်က ပြောပါတယ်။

"မြစ်ကမ်းနံဘေးကနေ ရွာကိုတက်တဲ့ လမ်းတွေပေါ့နော် အကုန်လုံး ပျက်စီးနေပြီ။ သွားမယ့်လာမယ့် လမ်းတောင် မရှိတော့ဘူး။ တချို့တွေဆို ရေခပ်သုံးတဲ့လမ်းတွေ၊ စက်လှေဆိပ်တွေပေါ့နော် အကုန်လုံး ပျက်စီးနေပြီ အခုကလေ။ နောက်ပြီးတော့ ရှုခင်းတွေပေါ့နော် ဒီနောင်းနန်းစင်တာရဲ့ ရှေ့တွေမှာလည်း အရင်တုန်းက အရမ်း လှပတဲ့နေရာတွေမှာ အခုဆို လုံးဝ လှပတဲ့နေရာတောင် မရှိတော့ဘူး။ ဧရာဝတီ မြစ်တစ်လျှောက် လုံးဝ သာယာလှပမှုတွေလည်း မရှိတော့ဘူး။ နောက်ပြီးတော့ ရေကြီးရေလျှံမှုတွေ ရှိလာခဲ့ရင်တော့ ရွာဘက်ကို ရောက်လာနိုင်တယ်ပေါ့နော်"

စည်းကမ်းမဲ့ ရွှေတူးမှုတွေကို မြစ်ကြီးနားဒေသခံတွေက တိုင်ကြားတဲ့အတွက် မြစ်ကြီးနားမြို့ အူဗျစ် ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် တရားမဝင် ရွှေတူးနေသူတွေကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ ရဲနဲ့ စစ်တပ်က လာရောက် ဖမ်းဆီးခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် မြစ်ကြီးနားဒေသ ဧရာဝတီမြစ်ကမ်းတစ်လျှောက်သာမက ဝိုင်းမော်၊ ချီဖွေ၊ ရွှေကူ၊ ဗန်းမော်၊ မိုးညှင်း၊ တနိုင်း၊ ပူတာအို၊ ဆွမ်ပရာဘွမ် စတဲ့ ဒေသတွေမှာလည်း တစ်ဦးချင်းဖြစ်စေ၊ ကုမ္ပဏီအနေနဲ့ဖြစ်စေ ရွှေတူးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

myitsone.jpeg
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်ပိုင်း မေခနှင့် မလိခ မြစ်ဆုံဒေသကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က ဆက်သွယ်ရေးဂြိုဟ်တုမှတဆင့် တွေ့ရစဉ် (Photo: Planet Labs Inc.)

တချို့ ရွှေလုပ်ကွက်တွေကတော့ စစ်ကောင်စီ တာဝန်ရှိသူတွေကို ငွေပေးပြီး တူးဖော်တာ ရှိသလို တချို့ကတော့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ နားလည်မှုယူပြီး တူးဖော်နေတာ လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာ စည်ကမ်းမဲ့ ရွှေတူးမှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ် ထားပေမယ့် စစ်ကောင်စီ အုပ်ချုပ်မှုနယ်မြေထဲမှာတော့ သူတို့ ထိန်းချုပ်ဖို့ ခက်ခဲပြီး စည်းကမ်းမဲ့ ရွှေတူးသူတွေ ပိုများလာတယ်လို့ RFA ကို ပြောပါတယ်။

"လက်တွေ့ပိုင်းမှာတော့ စစ်ကောင်စီအုပ်ချုပ်တဲ့နေရာမှာလည်း ကျနော်တို့ရဲ့ စည်းမျဉ်း စည်းကမ်းတွေ တကယ်အကောင်အထည်ဖော်တဲ့နေရာမှာ တရားဥပဒေ စိုးမိုးတဲ့နေရာ မှာတော့ ကျနော်တို့လည်း အခက်အခဲတွေရှိတယ်။ ကျနော်တို့လည်း လုံးဝ ဘာမှ အကောင်အထည်မဖော်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ နောက် မနှစ်တုန်းကနေ ဒီနှစ်အထိ တစ်နှစ်တာ ကာလမှာလည်းပဲ စစ်ကောင်စီက အာဏာသိမ်းပြီးမှ ပိုပြီးမှ ဒီဘက်ပိုင်းက ဘယ်သူ့ဆီမှလည်း ခွင့်မတောင်းဘဲ ကိုယ့်ဟာကိုယ် စီးပွားရေးသမားတွေ ရွှေတွေ တူးနေတာတွေ အများကြီး ရှိလာတယ်"

ဒေသခံတွေရဲ့ စွပ်စွဲချက်၊ ကေအိုင်အိုရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလာကိုင်တဲ့ တာဝန်ကျဝန်ထမ်းက လက်ခံဖြေကြားဖို့ ငြင်းဆန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ တူးခေါင်ကတော့ အာဏာသိမ်းပြီးမှ ပိုများလာတဲ့ ကချင်ပြည်နယ်က စည်းကမ်းမဲ့ ရွှေတူးမှုတွေကို တားဆီးဖို့အတွက် NUG ကနေ “သယံဇာတ စီမံအုပ်ချုပ်ရေး ကော်မတီဆိုတာမျိုး ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။

"စနစ်တကျ ထိန်းကျောင်းဖို့ဆိုပြီးတော့ SOP (Standard Operation Procedure) ရေးဆွဲထားတာ ရှိတယ်။ အဲဒါက အထူးသဖြင့် သယံဇာတပေါ်မှာ မှီခိုနေတဲ့ ပြည်သူတွေ ကို စနစ်တကျဖြစ်အောင် ကျနော်တို့ အနေနဲ့ အတတ်နိုင်ဆုံး ဒီကြားကာလမှာပေါ့ အရမ်းကြီး ပြုန်းတီးတာမျိုးလည်း ဖြစ်မသွားအောင် ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်ရေး ကော်မတီဆိုပြီး ဖွဲ့စည်းထားတာရှိတယ်။ နောက်ပြီးတော့မှ ဒေသအလိုက်၊ မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမှာ သယံဇာတ ကော်မတီဆိုတာ ရှိပါတယ်"

ကချင်ပြည်နယ်ရဲ့ သယံဇာတ စီမံအုပ်ချုပ်မှုပိုင်းကို KIO က တာဝန်ယူမယ်ဆိုပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ KIO အကြား သဘောတူ လက်မှတ်ရေးထိုးထား တယ်လို့လည်း ဒေါက်တာ တူးခေါင်က ပြောပါတယ်။

လက်ရှိအချိန်မှာ ကချင်ပြည်နယ်က တရားမဝင် ရွှေတူးမှုတွေကို စစ်ကောင်စီဘက်က မထိန်းချုပ် နိုင်သလို NUG အနေနဲ့လည်း မြေပြင်အထိဆင်းပြီး စီမံခန့်ခွဲနိုင်တဲ့အနေအထား မရှိသေးဘူးလို့ ဒေါက်တာ တူးခေါင်က ဆိုပါတယ်။

NLD အစိုးရလက်ထက် ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနကနေ ကချင်ပြည်နယ်ထဲက မြို့နယ် ၁၁ ခုမှာ အသေးစား ရွှေလုပ်ကွက် (၂၂၃) ကွက်နဲ့ တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက် (၂၆၂) ကွက်ကို ၂၀၂၀ မေလကုန်အထိ လုပ်ကိုင်ခွင့် ချပေးခဲ့ပေမယ့် အဲဒီအထဲမှာ ဧရာဝတီ မြစ်ထဲနဲ့ မြစ်ကမ်းတစ်လျှောက် တူးဖော်ခွင့်တွေ မပါဝင်ဘူးလို့လည်း ဒေါက်တာ တူးခေါင်က ပြောပါတယ်။

"ဒီတိုင်းပဲ ဆက်တူးနေရင် တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်းမှာကျတော့ ကုစားဖို့တောင်မှ ရာခိုင်နှုန်း ၈၀၊ ၉၀ လောက် လိုအပ်သွားမယ်လို့ထင်တာပဲ"

တရားမဝင် ရွှေတူးမှုတွေကြောင့် သဘာဝ ဝန်းကျင်ပျက်စီးမှုက ကုစားလို့မရနိုင်လောက်တဲ့ အနေအထား ဖြစ်နေပြီလို့ ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတစ်ဦးက သတိပေးပါတယ်။

"ဒီအာဏာသိမ်းပြီး ပိုပြီး ဆိုးသွားတာက ဒီမိုင်နောင်ဘက်၊ အင်းတော်ကြီးအိုင်ဘက်၊ ဒီမြန်မာနိုင်ငံမှာ အကြီးဆုံး အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်တစ်လျှောက်မှာတော့ တူးတာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာက အကုန်ပဲပေါ့၊ ဘယ်လိုမှ ကုစားလို့ မရနိုင်တဲ့ အဆင့်အထိတောင် ရောက်သွား တာပေါ့နော်။ ဘက်ဖိုးတွေနဲ့ သူတို့က အကုန်လုံး တူးလိုက်တဲ့အခါကျတော့ ဒီတိုင်းပဲ ဆက်တူးနေရင်တော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်းမှာကျတော့ ကုစားဖို့တောင်မှ ရာခိုင်နှုန်း ၈၀၊ ၉၀ လောက် လိုအပ်သွားမယ်လို့ ထင်တာပဲ"

တရားမဝင် စည်းကမ်းမဲ့ ရွှေတူးနေတာတွေ ရပ်တန့်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေကို တတ်နိုင်သလောက် အချိန်မီ ပြန်လည်ကုစားရေး ဆောင်ရွက်ပေးဖို့လည်း လက်ရှိ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် တာဝန်ရှိသူတွေကို သူက တောင်းဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။