မြန်မာနိုင်ငံနဲ့ လက်ရှိ မူးယစ်ဆေး ဈေးကွက်
မောင်သစ်ဆင်း
2020.06.05
2020.06.05
မြန်မာနိုင်ငံမှာ အခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရက ဖမ်းဆီးမိခဲ့တဲ့ မူယစ်ဆေးဝါး ပမာဏဟာ ၁၈ တန်ရှိပြီး ဒါဟာ အာရှတိုက်မှာ အများဆုံး စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ပမာဏ ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC က ပြောပါတယ်။
အဲဒီမူးယစ်ဆေးတွေဟာ တရုတ်၊ ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်ကို မှောင်ခိုသွင်းဖို့လို့ သိရပါတယ်။ မူလ လာရာလမ်းကြောင်းကလည်း အရှေ့တောင်အာရှ မူးယစ်ဆေး ဆင်ဒီကိတ်တွေနဲ့ ဆက်စပ်နေသလို၊ ပါကစ္စတန်နိုင်ငံ ကရာချိမြို့တော် အခြေစိုက်၊ D-Company လို့ သိကြတဲ့ မြေအောက်ကွန်ရက်နဲ့လည်း ပတ်သက်နေပါတယ်။
အဲဒီ D-Company ဆိုတာကတော့ အိန္ဒိယနိုင်ငံရဲ့ အကြီးစား ဝါးရမ်းပြေး ဒါဝတ် အီဘရာဟင် ဦးဆောင်တဲ့ မူးယစ်ဆေး ကွန်ရက်ကြီး ဖြစ်ပါတယ်။ ဒါဝတ် အီဘရာဟင်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေရဲ့ မူးယစ်ဆေးလုပ်ငန်းတွေကို အဓိက ထိန်းချုပ်ထားသူပါ။
သူ့ရဲ့ D-Company ဟာ ဘင်္ဂလားဒေ့ရှ် ဒါကာမြို့တော်နဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်စခန်းကြီးတွေ ထူထောင်ထားပြီး၊ မြန်မာနိုင်ငံက ဖင်တနိုင်းလို မူးယစ်ဆေးတွေကို ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုကို မှောင်ခိုပို့နေတာပါ။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို တို့ကလည်း ဒါဝတ် အီဘရာဟင်ကို အာရှတိုက်ရဲ့ အကြီးဆုံး မူးယစ်မှောင်ခိုရာဇာတစ်ဦး၊ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ် ပတ်သက်နေသူတစ်ဦး အဖြစ် သတ်မှတ်ထားပါတယ်။ သူနဲ့ သူ့ရဲ့ ညာလက်ရုံးဖြစ်တဲ့ ဂျာဘီယာ မိုတီဝါလာ တို့ကို အမေရိကန် မူးယစ်ဆေးအေဂျင်စီ DEA ကလည်း အလိုရှိနေတာပါ။ သူတို့ဟာ အာဖဂန်နစ္စတန်က မူးယစ်ရာဇာ ဟာဂျီ ဂျန် နဲ့လည်း လုပ်ဖော်ကိုင်ဘက်တွေဖြစ်ပါတယ်။
ဒါဝတ် အီဘရာဟင်ရဲ့ D-Company ဟာ ဆူဒန်၊ အီသီယိုပီးယား၊ ကင်ညာ၊ တန်ဇန်းနီးယား၊ ဇင်ဘာဘွေ၊ နမီးဘီးယားနဲ့ ဂါနာ နိုင်ငံတွေအထိ ကွန်ရက်တွေ ထူထောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲက အမေရိကန်ပြည်ထောင်စုကအလိုရှိနေသူ ၁၀ ဦးထဲမှာ ပါဝင်တဲ့ အာဖဂန်နစ္စတန် မူးယစ်ရာဇာတစ်ဦးကို ၂၀၁၂ ခုနှစ်က ဖမ်းဆီးမိခဲ့ပေမဲ့၊ နှစ်နှစ်အကြာမှာ အာဖဂန် အရာရှိတွေကို လာဘ်ငွေ အမေရိကန်ဒေါ်လာ ၁၄ သန်း ပေးပြီး လွတ်မြောက်သွား ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ မူးယစ်ဆေး တိုက်ဖျက်ရေးဟာ "ရှုံးနိမ့်နေတဲ့စစ်ပွဲ" ပါလို့ သုံးသပ်ဝေဖန်တာတွေလည်း ရှိပါတယ်။
အခုဖမ်းမိခဲ့တဲ့ မူးယစ်ဆေးတွေထဲမှာ မက်သာဖက်တမင်းဆေးပြား သန်းနှစ်ကျော်နဲ့ ဆေးခဲ ပေါင်တစ်ထောင်၊ ဘိန်းဖြူ ကီလိုဂရမ်သုံးရာ နဲ့ 3MF လို့ခေါ်တဲ့ မီသိုင်းဖင်တနိုင်းအရည် ကီလိုဂရမ် သုံးထောင့် ခုနစ်ရာကျော် ပါဝင်ပါတယ်။ 3MF ဟာ ဖင်တနိုင်းထက် ဆယ်ဆ ပြင်းပြီး၊ မော်ဖင်းထက် အဆတစ်ရာ ပိုပြင်းပါတယ်။ ဒါကြောင့် မြန်မာ့ရေးရာ ကွမ်းကျင်သူ ရစ်ချတ်ဟော်ဆေးက မီသိုင်းဖင်တနိုင်း 3MF ဟာ ဒေသတွင်းအတွက်သာ မဟုတ်ဘဲ၊ ကမ္ဘာတဝန်းကို ဖြန့်ဖြူးဖို့ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အရင်ကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် မြန်မာ၊ ထိုင်း၊ လာအို သုံးပွင့်ဆိုင်နယ်စပ် ရွှေတြိဂံဒေသဟာ နာမည်ကြီးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မက်သာဖက်တမင်းက ဈေးကွက်ကို မင်းမူလာခဲ့တာ အခုထိပါပဲ။ ဘိန်း စိုက်ဖို့မလိုဘဲ ဓာတ်ခွဲခန်းတွေသာ လိုပါတော့တယ်။ လိုအပ်ရင် အလွယ်တကူ ရွှေ့ပြောင်းလို့လည်း ရပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ခန့်မှန်းချက်အရ အရှေ့တောင်အာရှ ဈေးကွက်ထဲက မူးယစ်ဆေးတန်ဖိုး ပမာဏဟာ အမေရိကန်ဒေါ်လာ ၃၀ဘီလျံ ကနေ ၆၀ ဘီလျံအထိ ရှိမယ်လို့ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် အမျိုးသား အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ဒေါ်လာ ၇၀ ဘီလျံ နီးပါးနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။
အဲသလို ကြီးမားလှတဲ့ ငွေပမာဏကြောင့် ကိုကင်းဈေးကွက်ကြီးမားတဲ့ တောင်အမေရိကနိုင်ငံ တချို့လိုပဲ၊ မြန်မာမှာလည်း ရဲတပ်ဖွဲ့၊ စစ်တပ်၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဌာနတွေက အစိတ်အပိုင်းတွေအပြင် ဘုန်းကြီးကျောင်းတချို့ပါ အရှေ့တောင်အာရှ မူးယစ်ဆေး ကုန်သွယ်ရေးမှာ ပါဝင်ပတ်သက်နေကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ UNODC ကလည်း... မူးယစ်ဆေးက ရတဲ့ငွေတွေကို နယ်စပ်ဒေသတွေက ကာစီနိုလောင်းကစားရုံတွေမှာ ခဝါချလေ့ရှိကြပြိး၊ နောက်ဆုံး ဟောင်ကောင်၊ မကာအိုနဲ့ စင်္ကာပူက ဘဏ်စာရင်းတွေထဲကို ရောက်သွားကြတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ အဖမ်းအဆီးတွေ တိုးမြှင့်လာနေပေမဲ့၊ မူးယစ်ဆေးဈေးနှုန်းက ကျဆင်းလာနေတာ နှစ်အတန်ကြာခဲ့ပြီမို့၊ ဒါဟာ ဈေးကွက်လိုအပ်ချက်ထက် ထုတ်လုပ်မှုက ပိုများနေတယ်ဆိုတာ ပြသနေကြောင်း ရစ်ချတ်ဟော်ဆေးက ပြောပါတယ်။ ဒါကြောင့် အလွယ်တကူ ဈေးသက်သက်သာသာနဲ့ သုံးစွဲလာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။