ရာထူးတိုးမြှင့်တဲ့စနစ် ပြန်စိစစ်ဖို့ တက္ကသိုလ်ဆရာတွေတောင်းဆို
2019.12.06
တက္ကသိုလ် ဆရာ/ဆရာမတွေ ရာထူးတိုးပေးတာနဲ့ တာဝန်ကျဒေသ ရွှေ့ပြောင်းတဲ့ကိစ္စတွေမှာ မျှတမှုမရှိတဲ့အတွက် ပြန်ပြီးစိစစ် ပြင်ဆင်ပေးဖို့ RCUTA တက္ကသိုလ်ဆရာ/ဆရာမများအသင်း ကိုယ်စားပြု ကော်မတီက ဒီဇင်ဘာလ ၃ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
၂ဝဝ၉ ခုနှစ်က ခန့်ထားခဲ့တဲ့ ဆရာဆရာမတွေကို လက်ထောက်ကထိက ရာထူးကနေ ကထိကရာထူး တိုးမြှင့်ပေးလိုက်ကြောင်း မကြာသေးခင်သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့စာရင်းမှာ အရည်အချင်းပြည့်မီပြီး ရာထူးတိုးသင့်တဲ့သူတွေ ပါမလာဘူးလို့ ကိုယ်စားပြုကော်မတီက ထောက်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ ကော်မတီဝင်တဦးဖြစ်တဲ့ သမိုင်းဆရာ ဒေါက်တာသန်းထိုက်အောင်က...
“တချို့က သုတေသနလုပ်ပြီးတော့မှ ရာထူးတိုးသင့်တဲ့သူ ဖြစ်ပါလျက်နဲ့ သုတေသနမလုပ်ဘဲနဲ့ ရာထူးတိုးသွားတဲ့သူလည်း ရှိတယ်။ တိုးသွားတဲ့သူတွေအတွက်တော့ ကျနော်တို့က မပြောတော့ဘူး။ မတိုးသေးတဲ့ သူတွေကတော့ တကယ်လည်း အလုပ်လုပ်ရဲ့သားနဲ့ သူ့အတွက် ပိုပြီးဆုံးရှုံးတယ်၊ နစ်နာတယ်။ အဲဒါကြောင့် သူတို့အတွက်ကိုလည်း ပြန်ပြီးလုပ်ပေးဖို့ပြောတာ။ တိုးပေးရင်အတူတူပဲ တိုးပေးရမှာကို၊ ထားခဲ့လိုက်တဲ့အတွက် ကျန်တဲ့သူအတွက်က ဝန်ထမ်းလုပ်သက် တစ်သက်လုံး ဘယ်တော့မှမီတော့မှာမဟုတ်ဘူး”... လို့ပြောပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေအားလုံးရဲ့ ရူပဗေဒဘာသာရပ်ဌာနမှာ အယောက် ၆ဝ ကျော် လောက်က ရာထူးမတိုးပဲကျန်ခဲ့တယ်၊ တခြားဘာသာရပ်ဆိုင်ရာ ဌာနတွေမှာလည်း အလားတူ ရာထူးတိုးသင့်ပြီး ကျန်ခဲ့တဲ့သူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
ဒီလို အငြင်းပွားစရာတွေ ဖြစ်နေတဲ့အတွက် အဆင့်မြင့်ပညာဦးစီးဌာနက ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့ ဒုတိညွှန်ကြားရေးမှူးချုပ်တာဝန်ကနေ ပြည်တက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဒေါက်တာအောင်အောင်မင်းကို မေးကြည့်တော့ သူကအခုလို ပြောပြပါတယ်။
“အဆညက ပထမ လုပ်တာတော့ ဆရာ/ဆရာမတွေရဲ့ ပါဖောမန့်စ်တန်းစီဇယား ထုတ်ပေးတယ်ပေါ့။ တန်းစီဇယား ထုတ်ပေးပြီးတော့ အဲဒီမှာ ကန့်ကွက်စရာရှိ ကန့်ကွက်ကြပေါ့လေ။ ပြောပြီးတော့ တကျောင်းကို ကိုယ်စားလှယ်ပေါ့လေ ၃ ယောက်တို့ ၅ ယောက်တို့၊ ကျနော့်ပြည်တက္ကသိုလ်ကလည်း လွှတ်တယ်။ ဆရာ/ဆရာမကိုယ်စားလှယ်တွေ လွှတ်၊ နေပြည်တော်မှာစု၊ လူငါးရာလောက်ရှိတယ်။ သူတို့အုပ်စုနဲ့ တခါပြန်စိစစ်၊စိစစ်ပြီးတော့မှ နောက်တဆင့်ကျမှ ပါမောက္ခချုပ်တွေနဲ့လုပ်၊ လုပ်ပြီးတော့ အဲဒီညွှန်ကြားချက် ထွက်လာတာပဲ။ အဲဒီတော့ သူတို့လုပ်ခဲ့တဲ့အဆင့်မှာ ဆရာတွေ ဆရာမတွေ ပါတော့ ပါတယ်။ ဒါပေမယ့် အခုထွက်လာတာနဲ့ သူတို့သိထားတာနဲ့ ဘာကွဲပြားမှုရှိလည်းတော့ မသိဘူး။ ကျနော်က လုပ်တဲ့အစီအစဉ်ကို ပြောပြတာပါ”
ဒီလိုဖြစ်နေရတာတွေရဲ့ အနှစ်ချုပ်က အမျိုးသားပညာရေးဥပဒေ ပြင်ဖို့လိုအပ်နေတဲ့အချက်နဲ့ တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရသေးတာကြောင့်လို့ ကိုယ်စားပြုကော်မတီဝင် ဆရာ ဒေါက်တာသန်းထိုက်အောင်က ပြောပါတယ်။
တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိလာရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက ကထိကဒေါက်တာ သန်းလွင်ဦးက...
“အော်တိုနော်မီ ဆိုတဲ့စကားလုံးမှာ Management စီမံခန့်ခွဲတဲ့သူတွေကို ကျနော်တို့က ပြန်ရွေးချယ်ပိုင် ခွင့်ရှိရမယ်။ သူသည် အစိုးရခန့်တာ မဟုတ်ဘူး၊ ဒီ Institution မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ ပြန်ခန့်တာ။ သူ့ရဲ့ပါဖောမန့်ကောင်းရင် ပြန်အရွေးခံလို့ရတယ်။ ပါဖောမန့်မကောင်းရင် သက်တမ်းတခုပြီးရင် ထွက်ရမယ်လေ။ ဒီနေ့ ထိပ်ပိုင်းမှာရှိနေတဲ့သူတွေ အားလုံးက အစိုးရခန့်တွေပဲ ဖြစ်နေတယ်လေ။ အစိုးရခန့်တွေပဲ ဖြစ်နေတဲ့အတွက်ကြောင့် အစိုးရညွှန်ကြားချက်အတိုင်းပဲ သွားတယ်။ သွားနေတဲ့အတွက်ကြောင့် ပညာရေးမှာ တိုးတက်ရမယ်လို့သာပြောနေတာ ခုချိန်ထိ ပြောမယ်ဆိုရင် မတွေ့သေးဘူး”... လို့ပြောပါတယ်။
တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မကြာခင် ရတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနား ဖွင့်ပွဲမှာ ပြောထားပါတယ်။
ဒါပေမယ့် အဲဒီအတွက် အမျိုးသားပညာရေးဥပဒေ ပြင်ဖို့၊ အဲဒီကမှတဆင့် အဆင့်မြင့်ပညာရေးဥပဒေ ပြဌာန်း အတည်ပြုဖို့၊ အဲဒီဥပဒေတွေပြီးမှ တက္ကသိုလ်ဥပဒေတွေ၊ ပဋိဉာဉ်တွေ ရေးဆွဲမှာဖြစ်လို့ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင်မှာ ပြီးဖို့ လမ်းစမမြင်ဘူးလို့ ပြောကြပါတယ်။