တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်က ကျောင်းသားတစ်သောင်းကျော် ပညာသင်ခွင့် ဆုံးရှုံးနေ

RFA Burmese
2024.06.20
တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်က ကျောင်းသားတစ်သောင်းကျော် ပညာသင်ခွင့် ဆုံးရှုံးနေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စု လဘန်ရွာ စစ်ဘေးဒုက္ခသည်စခန်းမှ ကလေးငယ်များအား ၂၀၂၄ ခုနှစ်၊ မေလအတွင်း တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်က မြို့နယ်ငါးခုမှာ တိုက်ပွဲတွေကြောင့် အခြေခံပညာစာသင်ကျောင်း နှစ်ရာကျော် ဇွန်လ ၂၀ ရက်နေ့အထိ မဖွင့်နိုင်သေးပါဘူး။ ဒါကြောင့် အဲဒီဒေသမှာရှိတဲ့ ကျောင်းသား ကျောင်းသူ တစ်သောင်းကျော် ကျောက်မတက်နိုင်ကြသေးဘူးလို့ ကျောင်းသားမိဘတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ပိတ်ထားတဲ့ ကျောင်းပေါင်း နှစ်ရာကျော်ထဲမှာ မံစီ၊ မိုးမောက်နဲ့ ၀ိုင်းမော်မြို့နယ်တွေက ကျောင်းအများစုပါဝင်ပြီး မြစ်ကြီးနားမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ကျောင်းတချို့လည်း ပါဝင်ပါတယ်။

ပိတ်ထားရတဲ့ကျောင်းတွေမှာ ကျောင်းသားဦးရေ လေးသောင်းကျော်ရှိပြီး အဲဒီအထဲက သုံးသောင်းခန့်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေက စာသင်ကျောင်းတွေနဲ့ တိုက်ပွဲတွေမရှိတဲ့ စစ်ကောင်စီက ဖွင့်ထားတဲ့ စာသင်းကျောင်းတွေထံ ပြောင်းရွှေ့တက်ရောက်ကြတာပါ။

ဒါကြောင့် ကျန်တဲ့ကျောင်းသား တစ်သောင်းကျော်ကတော့ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်နေရတာနဲ့ စာသင်ကျောင်းတွေ မဖွင့်နိုင်သေးတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတာပါ။

လက်ရှိမှာ ကျောင်းဖွင့်ရာသီရောက်ပေမဲ့ မံစီမြို့နယ်မှာတော့ တိုက်ပွဲတွေကြောင့် တစ်မြို့နယ်လုံးမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းမှ မဖွင့်နိုင်သေးတာကြောင့် ကလေးတွေ ကျောင်းမတက်နိုင်ကြသေးဘူးလို့ မံစီဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

"မံစီတစ်မြို့နယ်လုံးမှာ ဘယ်နေရာမှ ကျောင်းမဖွင့်ဘူး။ ကျောင်းက မဖွင့်ဖြစ်တော့ဘူးထင်တယ်၊ အခုအချိန်တောင်မှ ဘာမှမလုပ်သေးတာ။ ကျောင်းလည်း အပ်လို့မရဘူး၊ ဆရာ၊ ဆရာမတွေလည်း မရှိတော့ဘူး၊ ပြေးနေရတယ်ဆိုတော့။ ဒီနှစ်တော့ ကျောင်းမတက်ရတော့ဘူး၊ စစ်ရှောင်နေရတယ်ဆိုတော့ ပြေးနေ လွှားနေရတယ်ဆိုတော့။ ကျွန်တော်တို့ပဲ ပြေးတာမဟုတ်ဘူး။ ကလေးတွေကို စာသင်ပေးတဲ့ ဆရာမတွေ၊ ဆရာတွေကိုယ်တိုင်လည်း ပြေးနေရတယ်ဆိုတော့"

မံစီမြို့နယ်မှာ မူလတန်းကနေ အထက်တန်းအထိ ကျောင်းပေါင်း ၇၈ ကျောင်းနဲ့ ကျောင်းသားပေါင်း တစ်သောင်းကျော် ရှိပါတယ်။ ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားမိဘတချို့ကတော့ သူတို့ကလေးတွေကို တိုက်ပွဲမရှိနေတဲ့နေရာတွေမှာ ပြောင်းရွှေ့ပြီး ကျောင်းထားကြတယ်လို့ သူကဆိုပါတယ်။

မံစီမြို့နယ်မှာ KIA က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာကြောင့် နေအိမ်တွေပျက်စီးတာနဲ့ အရပ်သားသေဆုံးမှုတွေပါ ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မံစီမြို့နယ်လိုပဲ မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ စာကျောင်းတွေလည်း တစ်ကျောင်းမှမဖွင့်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မိုးမောက်မြို့နယ်ထဲမှာတော့ စာသင်ကျောင်းပေါင်း ရှစ်ဆယ်ကျော်နဲ့ ကျောင်းသားပေါင်း တစ်သောင်းခန့်ရှိပါတယ်။

"ကလေးတွေရဲ့ အတန်း တစ်နှစ်ဆို တစ်နှစ်အလိုက်ပေါ့၊ အသိဉာဏ်တွေ နောက်ကျတာပေါ့။ အဲဒါကြောင့် ကျွန်မတို့ မိဘတွေလည်း အရမ်းစိုးရိမ်နေတယ်"

ကျောင်းတွေမဖွင့်နိုင်တဲ့အတွက် ကလေးတွေ ပညာရေး နောက်ကျမှာစိုးရိမ်တယ်လို့ မိုးမောက်မြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

"ကလေးတွေရဲ့ ပညာရေးနောက်ကျတယ်၊ ပြီးတော့ ကလေးတွေရဲ့ အတန်း တစ်နှစ်ဆို တစ်နှစ်အလိုက်ပေါ့၊ အသိဉာဏ်တွေ နောက်ကျတာပေါ့။ အဲဒါကြောင့် ကျွန်မတို့ မိဘတွေလည်း အရမ်းစိုးရိမ်နေတယ်။ အဲဒါကြောင့်မို့ နိုင်ငံရေးလည်း အမြန်ကောင်းချင်တယ်။ ကောင်းလို့ရှိရင်တော့ ကျောင်းတွေ ဘာတွေ အဲလိုမျိုး ဖွင့်လို့ရှိရင်တော့ ကလေးတွေ ပညာရေးအတွက် ကောင်းတာပေါ့၊ အဲလိုမျိုးစဉ်းစားတာပေါ့။ အခုလိုမျိုး အခြေအနေဆို ကျွန်မလည်း အရမ်းစိုးရိမ်တာပေါ့။ ကိုယ့်ကလေး ပညာမတတ်မှာ၊ အဲဒီလိုမျိုးစိတ်မကောင်းဘူးပေါ့"

၀ိုင်းမော်မြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ခါးရှိ၊ အောင်မြေ (၁)၊ ရွှေညောင်ပင်၊ ခကွမ်၊ လဘန်၊ နောင်းဟီး၊ စန်းကား စတဲ့ ရွာတွေက ဒေသခံတွေ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့တိမ်းရှောင်နေရတဲ့နေရာတွေမှာ ကျောင်းပြန်တက်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကလည်း ၀ိုင်းမော်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ကျောင်းသား တစ်သောင်းခွဲခန့် တိုးလာပြီး ကျောင်းအပ်နှံရေးကာလ ကျော်သွားပေမယ့် သူတို့ကို ကျောင်းအပ်နိုင်ဖို့ ခွင့်ပြုထားတယ်လို့ ဇွန်လ ဆန်းပိုင်းမှာ ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်ကို ဖြေဆိုထားပါတယ်။

၀ိုင်းမော်မြို့နယ်ထဲမှာ မူလတန်းကနေ အထက်တန်းအထိ ကျောင်းပေါင်း ၁၂၀ ကျော်ရှိပြီး ကျောင်းသားပေါင်း နှစ်သောင်းခန့် ရှိပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာကြသည့် မံစီမြို့နယ်ထဲမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Kachin News Group)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာကြသည့် မံစီမြို့နယ်ထဲမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Kachin News Group)

KIA က သိမ်းပိုက်ထားတဲ့ မြစ်ကြီးနားမြို့နယ် တာလောကြီးရွာမှာတော့ စစ်ကောင်စီတပ် လေကြောင်းရန်ကို စိုးရိမ်တာကြောင့် ကျောင်းမဖွင့်နိုင်သေးဘူးလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အလယ်တန်းက ဖွင့်ရအောင်ဆိုပြီးတော့ ပြောတယ်။ ဒါပေမဲ့ လေယာဉ် ခဏခဏရောက်တော့ ဖွင့်ရအောင်လို့ ပြောတာပဲရှိသေးတယ်။ ရွာမှာက ကလေးတွေမက ဘယ်သူမှလည်း မနေရဲကြတော့ဘူး။ လေယာဉ်သံကြားရင် အကုန်လုံးက ထွက်ပြေးတော့ အခုထိတော့ ကျောင်းဖွင့်တာ ဒီနေ့ထိ မရှိသေးဘူး။ ကျောင်းတစ်ကျောင်းတော့ ဖွင့်ရအောင်လို့ စီစဉ်တာ။ ဒါပေမဲ့ မိဘတွေကလည်း ကျောင်းအပ်ရဲတဲ့သတ္တိ မရှိဘူး။ ဖွင့်တဲ့သူတွေလည်း သတ္တိရှိရှိ အာမခံပေးပြီး ဖွင့်ပေးတာမရှိတော့ ကျောင်းဖွင့်ဖို့၊ မဖွင့်ဖို့က ဆုံးဖြတ်ဖို့တောင် ခက်ခဲနေတဲ့ အခြေအနေ ဖြစ်နေတယ်"

တာလောကြီးရွာမှာ ကျောင်းသားဦးရေ တစ်ထောင်ကျော်ရှိပြီး မြစ်ကြီးနား လေတပ်စခန်းကနေ လေယာဉ်နဲ့လာရင် ၅ မိနစ်အတွင်း ရောက်နိုင်တာကြောင့် စိုးရိမ်နေရတာလို့ သူက ပြောပါတယ်။ တာလောကြီးရွာ အနီးတစ်၀ိုက်ကို ပြီးခဲ့တဲ့ မေလအတွင်းကလည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကတော့ သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ စာသင်ကျောင်းပေါင်း ငါးရာနီးပါးအထိ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"စာသင်ကျောင်းကတော့ အခု ကျွန်တော်တို့ စီစဉ်နေပါတယ်၊ အားလုံးက ဖွင့်နိုင်မှာပါ။ နဂိုက KIO ထိန်းချုပ်တဲ့ မြို့ရွာက ကျောင်းတွေက နှစ်ရာကျော်ရှိတယ်။ အခု ဒီနှစ်ပြန်သိမ်းထားတဲ့မြို့ရွာထဲက ကျောင်းတွေကလည်း နှစ်ရာကျော်ရှိတယ်။ အားလုံးကတော့ လေးရာကျော် ငါးရာနီးပါး ရှိမှာပါ။ အဲဒါကို ဖွင့်နိုင်ဖို့ ပညာရေးဌာနကနေ စီစဉ်ပြီးမှ အခုကျောင်းဆရာတွေကို သင်တန်းပေးတာတွေလုပ်တယ်။ နောက်ကျောင်းဆောင်တွေ လိုအပ်တာတွေကို ပြင်ဆင်နေတဲ့ အနေအထား ဖြစ်ပါတယ်"

ဒါပေမဲ့ မိုးမောက်၊ မံစီနဲ့ ၀ိုင်းမော်မြို့နယ်တွေက KIA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် စာသင်ကျောင်းတွေ မဖွင့်နိုင်သေးဘူးလို့ သူက ပြောပါတယ်။

"ဖွင့်နိုင်ဖို့ ပညာရေးဌာနကနေ စီစဉ်ပြီးမှ အခုကျောင်းဆရာတွေကို သင်တန်းပေးတာတွေလုပ်တယ်။ နောက်ကျောင်းဆောင်တွေ လိုအပ်တာတွေကို ပြင်ဆင်နေတဲ့ အနေအထား ဖြစ်ပါတယ်"

အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်က မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့ မြို့ရှစ်မြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ တပ်စခန်းငယ် စုစုပေါင်း တစ်ရာကျော်ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်အထိ ရှိလာတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာလိုပဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာလည်း တိုက်ပွဲတွေကြောင့် အခြေခံပညာစာသင်ကျောင်း ၁၅၀၀ ကျော် ပိတ်ထားရတယ်လို့ ပြည်နယ် ပညာရေးဌာန စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။