အစိုးရနဲ့ တပ်မတော် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမလား

ခင်မောင်စိုး
2021.01.28

ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တပ်မတော်စွပ်စွဲသလို မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ဇန်နဝါရီလ ၂၈ ရက် မနေ့ကကြေညာခဲ့ပါတယ်။ တရက်တည်းမှာပဲ တပ်မတော်က မြန်မာနိုင်ငံ တဝန်းလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စတွေက လွဲပြီး စစ်ရေးလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလကုန်အထိ ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းတွေကို စနစ်တကျပြုစုပြီး ပြည်သူတွေ စစ်ဆေးနိုင်ရန် ထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော်က ပေးတဲ့မဲစာရင်းဆိုရင် စစ်ဆေးခြင်းမရှိဘဲ အတည်ပြုခဲ့ကြောင်း၊ မသမာမှု ရှိခဲ့တယ်ဆိုရင် ကန့်ကွက်လွှာတင်ခွင့်ရှိကြောင်း၊ ရရှိကန့်ကွက်လွှာတွေကို စစ်ဆေးနေကြောင်း၊ မဲစာရင်း မှားယွင်းမှု ရှိနိုင်ပေမယ့် လူတဦးတည်းက တကြိမ်ထက် ပိုပြီး မဲပေးရန် မဖြစ်နိုင်ကြောင်း စသဖြင့် ဇန်နဝါရီလ ၂၈ ရက် မနေ့က ကြေညာခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဒါဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ တာဝန်ကျေပွန်ခဲ့ကြောင်း ပြည်သူကို တိုင်တည်အသိပေးလိုက်တာပဲလို့ ဝေဖန်ပါတယ်။

ဒီကြေညာချက်ကို ကြိုဆိုသူတွေထဲမှာ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်လည်း ပါဝင်ပါတယ်။

“သူ့ရဲ့ရှင်းလင်းချက်က ဥပဒေအရ မှန်ကန်တယ်။ ဒါကြောင့်မို့ ပြည်သူလူထုကလည်း အဲဒီရှင်းလင်းချက်ကို လက်ခံမှာပါ။ အဲဒါမဟုတ်ဘဲနဲ့ မိမိတို့ဘာသာ မိမိတို့ စစ်တဲ့ စာရင်းပေါ် မူတည်ပြီးတော့ မှန်၏ မမှန်၏ လုပ်နေမယ်ဆိုရင် တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ထိခိုက်လာမယ် ဆုံးရှုံးလာနိုင်တယ်။ ဒါကြောင့် အဲဒီအခြေအနေ မရောက်အောင် အဖက်ဖက်က စဉ်းစားကြပါ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် တပ်မတော်ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်တယ်”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်ကတော့ UEC ရဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူတွေနဲ့ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းကို ထုတ်ပြန်ပေးဖို့ တောင်းဆိုနေတဲ့ တပ်မတော်နဲ့ သူတို့ပါတီ အပါအဝင် အင်အားစုတွေနဲ့ ပြည်သူတွေအကြား ရန်တိုက်ပေးသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပါတီအနေနဲ့ ပြောနေတာရော၊ တခြားနိုင်ငံရေးပါတီတွေ နဲ့ တပ်မတော်ကပါ ပြောနေတာက မဲစာရင်း ရလဒ်ပေါ်မှာ အငြင်းပွားနေတာမဟုတ်ဘူး။ အဓိက ပြောနေတာက မဲစာရင်းဖောင်းပွနေတယ်။ မဲစာရင်းမသမာမှု ရှိတယ်လို့ စိစစ်တွေ့ရှိနေတယ်။ ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ သံသယဖြစ်ဖွယ် အများကြီးတွေ့တယ်။ အဲဒီတွေ့တဲ့ နောက်ဆက်တွဲမှာ ရွေးကောက်ပွဲရလဒ်က ပုံပျက်ပန်းပျက်တွေ ဖြစ်နေတာပေါ့။ အခု ကျနော်တို့ ပြောနေတာက အစိုးရမဖွဲ့ပါနဲ့ လွှတ်တော် မခေါ်ပါနဲ့။ အသိအမှတ်မပြုပါဘူးလို့ ပြောနေတာမဟုတ်ဘူး။ သံသယဖြစ်ဖွယ်ရှိတဲ့ မဲစာရင်းကို စစ်ဆေးတွေ့ရှိတဲ့ အပေါ်မှာ UEC က ဖြေရှင်းပေးပါလို့ပဲ ပြောတာ။ ဒါလေးကို တတိယအကြိမ်မဲစာရင်းထုတ်ပေးလိုက်ပြီး စိစစ်ခွင့်ပေးလိုက်ရင် ဒီကိစ္စ ပြီးသွားပြီ။”

မနေ့က တနေ့တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ ကိုဗစ် ၁၉ ကာကွယ်ကုသရေးအတွက် မြန်မာနိုင်ငံတဝန်းလုံးမှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကလွဲပြီး စစ်ရေးလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၈ ရက်အထိ ရပ်ဆိုင်းထားမယ်လို့ မြန်မာတပ်မတော်က ကြေညာခဲ့ပါတယ်။

ရှေ့နေကြီး ဦးကြီးမြင့်က ဒီကြေညာချက်ဟာ အန္တရာယ်ရှိတယ်လို့ ဝေဖန်ပါတယ်။

“၈၈ အရေးတော်ပုံကြီး ပြီးတဲ့နောက် NLD ပါတီကို ချေမှုန်းတော့မယ်ဆိုတော့ အဲလိုလုပ်ခဲ့တာပဲ။ ဝ တို့ ၊ ကိုးကန့် တို့ ၊ ရှမ်းတို့၊ KIA တို့ ပေ့ါ။ KNU ကတော့ လက်မခံခဲ့ဘူး။ အဲဒီအဖွဲ့အကုန်လုံးကို သူက ငြိမ်းချမ်းရေးကမ်းလှမ်းပြီးတော့ ကိုယ့်သေနတ်ကိုယ်ကိုင် ကိုယ့်နယ်မြေမှာကိုယ်နေ ကိုယ့်စီးပွားရေးကိုယ်လုပ်ကြဆိုပြီး အဲဒါတွေ ပေးချလိုက်ပြီးတော့ NLD ကို ချေမှုန်းတော့တာပဲ။ အဲဒါကြောင့် ဒီဟာက NLD ကို ဒုတိယအကြိမ် ချေမှုန်းဖို့ လုပ်တဲ့ ခြေလှမ်းမျိုး ဖြစ်နိုင်တယ်”

လက်ရှိအခြေအနေမှာ တပ်မတော်ဘက်က ကာလုံအစည်းအဝေးခေါ်ဖို့ တောင်းဆိုလာနိုင်တယ်လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။

“အခု သူတို့ သမ္မတကို တင်ပြပြီး ကာလုံခေါ်ပေးပါလို့ တင်ပြလို့ သမ္မတကြီးက ခွင့်ပြုလိုက်ရင် အဲဒီ ကာလုံမှာ ဆွေးနွေးပွဲ ဖြစ်သွားလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ သမ္မတတို့နဲ့ ဆွေးနွေးပွဲကြီး ဖြစ်သွားမယ်။ အဲဒီမှာ နှစ်ဖက်ပေါ့။ တပ်ဘက်က သူဖြစ်ချင်တာ ဒီဘက်က လိုက်လျော၊ ဒီဘက်က အစိုးရ လိုလားတာတွေကိုလဲ သူက လျှော့ပေးမယ် အခြေခံဥပဒေပြင်ပေးမယ်၊ ကျနော်တို့ တပ်မတော်က ဒါတွေလုပ်ပေးမယ် အဲဒါမျိုးတွေ ဆွေးနွေးဖို့ ပြေလည်သွားရင်တော့ အာဏာသိမ်းတယ်ဆိုတဲ့ ပြဿနာ မပေါ်တော့ဘဲနဲ့ တိုင်းပြည်လည်း ကောင်းသွားမယ်။ ဖက်ဒရယ်ပြည်ထောင်စုတွေ ဘာတွေလဲ အေးအေးချမ်းချမ်း ဖြစ်သွားမယ်။ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်တော့မှာကိုး။ ၂ဝဝ၈ ထဲမှာ ပိတ်ဆို့ထားတာတွေ အကုန်လိုက်လျောရတော့မှာကိုး။ အဲလို ညှိလို့ရသွားရင်တော့ ကျနော်တို့ သားရွှေအိုးထမ်းတဲ့ ကိန်းပဲ”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးရင် ပြဿနာအားလုံး ပြေလည်သွားနိုင်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်နဲ့ ဦးရောဘတ်စန်းအောင် တို့ကလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။