မြန်မာကိုယ်စားလှယ်ကိစ္စ အမေရိကန်နဲ့တရုတ်တို့ အငြင်းအခုန် မဖြစ်အောင်ရှောင်

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2021.09.21
မြန်မာကိုယ်စားလှယ်ကိစ္စ အမေရိကန်နဲ့တရုတ်တို့ အငြင်းအခုန် မဖြစ်အောင်ရှောင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလက တွေ့ဆုံခဲ့ကြစဉ်။
Photo: Reuters

 မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာ၊ အရပ်ဘက်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြား ဖြစ်လာနိုင်ချေရှိတဲ့ ငြင်းခုန်မှုကို ရှောင်လွှဲကြတယ်လို့ Wall Street Journal ရဲ့ဆောင်းပါးမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခံခဲ့ရတဲ့ ရွေးကောက်ခံအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအနေနဲ့ နယူးယောက်မြို့၊ ကုလသမဂ္ဂ အဆင့်မြင့်ဆွေးနွေးပွဲတွေမှာ ပြင်ပကနေ တက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။

ကုလသမဂ္ဂမှာ မြန်မာရဲ့နေရာကို စစ်တပ်ကိုယ်စားလှယ်က မရယူနိုင်ကြောင်း၊ ရေရှည်မှာ မိမိအနေနဲ့ အရေးကြီးတဲ့ ကြေညာချက်တွေ အများအပြား ထုတ်ပြန်ရဖွယ်ရှိကြောင်းလည်း ဦးကျော်မိုးထွန်း က ပြောပါတယ်။ အခုအခါ မြန်မာနိုင်ငံပြဿနာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်းဆောင်ရွက်မယ်လို့ သိရကြောင်း၊ အမေရိကန်နဲ့ တရုတ်ပါဝင်တဲ့ အဖွဲ့ဝင်ကိုးဦးပါ ကော်မတီကလည်း နိုဝင်ဘာလအတွင်း စည်းဝေးပွဲခေါ်ယူ ကျင်းပပြီး၊ မြန်မာကိစ္စ ဆုံးဖြတ်ဖွယ်ရှိကြောင်း၊ ဦးကျော်မိုးထွန်းကို လက်ရှိနေရာပဲ ဆက်ထားဖွယ်ရှိကြောင်းလည်း သိရပါတယ်။

မြန်မာစစ်ကောင်စီကတော့ ဦးကျော်မိုးထွန်းရဲ့နေရာကို စစ်တပ်ကထောက်ခံတဲ့ ဦးအောင်သူရိန်နဲ့ အစားထိုးခန့်အပ်ဖို့ ကြိုးစားနေတာပါ။ လက်ရှိ အခြေအနေမှာတော့ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ခန့်အပ်ဖွယ်ရှိနေပါတယ်။ တရုတ်နဲ့ ရုရှားလို တချို့သံအမတ်‌တွေကလည်း မြန်မာနိုင်ငံမှာ စီးပွားရေးချွတ်ခြုံကျနေရစဉ်အတွင်း၊ လွှတ်တော်နေရာကိစ္စတွေ ဆိုင်းငံ့ထားဖို့ အခြေအနေပေါ် မူတည်ပြီး ဆက်လက်‌ တိုက်တွန်းကြတာလည်း ရှိပါတယ်။

မြန်မာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့တရုတ်ကြား အပြိုင်အဆိုင် မဖြစ်ရအောင် စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အတူ အမေရိကန်ဘက်က မြန်မာမှာ ဒီမိုကရေစီ တိုးတက်ထွန်းကားရေး ရေရှည်အားပေးသွားမှာ ဖြစ်သလို၊ တရုတ်ဘက်ကလည်း စီးပွားရေးနဲ့ မဟာဗျူဟာမြောက် အကျိုးအမြတ်ရရှိရေးတွေ ကူညီ ဆောင်ရွက်ကြဖွယ် ရှိကြောင်းလည်း သတင်းတွေမှာ ဖော်ပြပါတယ်။ တရုတ်နဲ့ရုရှားမှာ နက်ရှိုင်းတဲ့ စီးပွားရေးမဟာဗျူဟာ ရှိနေကြပြီး မြန်မာမှာ စစ်တပ် အာဏာသိမ်းချိန်ကစလို့ နိုင်ငံချင်းဆက်ဆံရေးမှာ အကန့်အသတ်နဲ့ ရှိနေတာပါ။

ဥပဒေပညာရှင်တချို့ကတော့ အခြေအနေကို ကြည့်ပြီး လွှတ်တော်ထိုင်ခုံတွေကို အလွတ်ထားဖို့ တိုက်တွန်းကြတာလည်းရှိပါတယ်။

ukyawmoetun.jpg
(၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပိတ်ပွဲနှင့် (၇၆) ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲအစည်းအဝေး တက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း။

အာဏာသိမ်းစစ်ကောင်စီ လက်မခံပေမယ့် ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို လက်ခံတာဟာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု လက်ခံရာရောက်ကြောင်းလည်း သုံးသပ်တာတွေ ရှိပါ တယ်။ စစ်တပ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလကုန်ပိုင်းက ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းက စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ နောက်တစ်နေ့မှာ စစ်အစိုးရက သူ့ကိုရာထူးက ထုတ်ပယ်ကြောင်း ကြေညာခဲ့ပေမယ့် ဦးကျော်မိုးထွန်းနဲ့ ကုလသမဂ္ဂက အရေးမစိုက်ခဲ့ပါဘူး။

ဩဂုတ်လအစောပိုင်းက နယူးယောက်မှာ မြန်မာနိုင်ငံသားနှစ်ဦး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြိုးစားမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ မြန်မာစစ်ကောင်စီ ကတော့ အဲဒီကိစ္စ သူတို့နဲ့ မပတ်သက်ကြောင်း ငြင်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။