စစ်ကောင်စီအပေါ် ပြည်သူတွေလုံးဝမယုံကြည်ကြောင်း အထူးကိုယ်စားလှယ် ကုလသမဂ္ဂမှာတင်ပြ
2023.03.16

မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီအပေါ် လုံးဝအယုံအကြည်မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက မတ်လ ၁၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
မြန်မာ့အရေးလေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာသံအမတ်တွေကို မနေ့က တင်ပြခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ စစ်အစိုးရတစ်ရပ်အဖြစ် အာဏာရေရှည်တည်တံ့ခိုင်မြဲဖို့ ရွေးကောက်ပွဲတစ်ရပ်ကျင်းပဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
"အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ မရှိတဲ့၊ ပြည်သူတွေ နိုင်ငံရေးလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေမှာ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ ပိုဆိုးလာနိုင်ပါတယ်။ အာဏာသိမ်းစစ်တပ်အပေါ် မြန်မာလူထုက လုံးဝ အယုံအကြည် မရှိပါဘူး။ စစ်ကောင်စီဟာ အရေးပေါ်အာဏာထိန်းချုပ်ထားတဲ့ အခြေအနေကနေ ရေရှည်မှာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့သာ ရည်ရွယ်တာ ဖြစ်ပါတယ်"
အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကြေညာထားတဲ့ကာလကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထပ်ပြီးသက်တမ်းတိုးလိုက်ကြောင်း၊ အဲဒီနောက် တိုက်ပွဲတွေ အရှိန်မြှင့်လာပြီး၊ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို တိုးလုပ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
စစ်ကောင်စီဘက်က ဖိနှိပ်မှုတွေ လုပ်နေပေမယ့် မြန်မာပြည်သူတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ လူငယ်တွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေရလဲဆိုတာကိုလည်း သူကရှင်းပြခဲ့ပါတယ်။
"ဖိနှိပ်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံနေရာအတော်များများမှာ ပြည်သူတွေက စစ်ကောင်စီကို အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပွင့်လင်းစ ကာလတိုလေးတစ်ခုကို ဖြတ်သန်းခဲ့ရတဲ့ မျိုးဆက်တွေ၊ အထူးသဖြင့် လူငယ်တွေဟာ အခက်အခဲတွေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပြီး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ ရွေးချယ်စရာ ဘာမှမရှိတော့တဲ့အတွက် စစ်ကောင်စီကို ဆန့်ကျင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ယုံကြည်နေကြပါတယ်"
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပေမယ့် အဲဒီဆုံးဖြတ်ချက်ထဲမှာပါသလို အကြမ်းဖက်တာတွေ ရပ်မသွားတာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးခြင်းမရှိတာတွေကိုလည်း မစ္စနိုလင်းဟေဇာက ထောက်ပြပြောဆိုခဲ့ပါတယ်။
"ဖိနှိပ်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံနေရာအတော်များများမှာ ပြည်သူတွေက စစ်ကောင်စီကို အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်နေကြဆဲ ဖြစ်ပါတယ်။"
စစ်ကောင်စီဟာ သူ့အပေါ် သစ္စာခံတဲ့သူတွေလက်နက်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်ဥပဒေတွေကို ပြင်ဆင်ပေးခဲ့သလို လက်ရှိမြို့နယ် ၇၄ မြို့နယ်မှာ ၇၄ မြို့နယ်မှာ မာရှယ်လော အမိန့်တွေကို ထပ်ထုတ်ထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
နိုလင်းဟေဇာက သူ့ရဲ့ အစီရင်ခံစာထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထည့်ပြောခဲ့ပါတယ်။
"ပြန်လည်ခုခံနေတဲ့ တော်လှန်ရေးအဖွဲ့တွေကို စစ်ကောင်စီက အကြမ်းဖက်သမားတွေအဖြစ် စွပ်စွဲထားပေမယ့်၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထောက်ပြနေပါတယ်။ NUG ဟာ PDF တပ်ဖွဲ့တွေ ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကိုလည်း ရှုတ်ချပြီး၊ လူမဆန်တဲ့လုပ်ရပ်တွေ မလုပ်ကြဖို့ သတိပေးနေပါတယ်။ နှစ်ဖက်စလုံးက တိုက်ခိုက်ရေးအရှိန်မြှင့်နေတာကြောင့် နှစ်ဖက်ညှိနှိုင်းဖို့အလားအလာ ဘယ်လိုမှမဖြစ်နိုင်သေးဘူး"
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာထဲမှာ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့လည်း ထည့်ပြောခဲ့ပါတယ်။ သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့အချိန်မှာ ရိုဟင်ဂျာတွေက အိမ်ပြန်ချင်တယ်လို့ ပြောဆိုကြတဲ့အကြောင်း၊ အဲဒီလို အိမ်ပြန်တယ်ဆိုတာကလည်း လုံခြုံပြီး လွတ်လပ်မှုရှိတဲ့အခြေအနေဖြစ်မှ ပြန်သင့်ကြောင်း၊ လက်ရှိ စစ်ကောင်စီနဲ့ ရခိုင်တပ်တော် AA တို့ တိုက်ပွဲတွေ ရပ်ထားကြပြီး၊ စစ်ကောင်စီဘက်က ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စတွေက ပြင်ဆင်နေတာတွေ့ရကြောင်း။ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဖြစ်သင့်ပြီး၊ အောင်မြင်တဲ့လုပ်ငန်းစဉ်ဖြစ်ဖို့လိုကြောင်း သူက ပြောဆိုခဲ့ပါတယ်။

မနေ့က ကုလသမဂ္ဂမှာကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးရသူတွေရဲ့ ရုပ်အလောင်းပုံတွေကို ပြသခဲ့သလို၊ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
"လက်နက်တွေ၊ လေယာဉ်ဆီတွေ၊ ငွေကြေးတွေ စစ်ကောင်စီလက်ထဲရောက်နေတာကို ရပ်တန့်အောင် လုပ်ခြင်းအားဖြင့် အသက်တွေကို ကယ်တင်ကြပါလို့ တောင်းဆိုချင်တယ်။ လူသားချင်းစာနာမှု အကူအညီတွေကို တကယ်လိုအပ်နေတဲ့သူတွေဆီ တိုက်ရိုက်ရောက်အောင် နယ်စပ်ကနေတစ်ဆင့်ပို့ပေးဖို့၊သက်ဆိုင်ရာနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကာကွယ်ပေးဖို့၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သူတွေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသူတွေကို အရေးယူပေးဖို့၊ ICC ဒါမှမဟုတ် ICJ နိုင်ငံတကာ တရားရုံးတွေကို လွှဲပြောင်းပေးဖို့၊ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို လက်မခံဖို့၊ စစ်ကောင်စီကျင်းပမယ့် အရှက်မဲ့တဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်၊ NUCC ၊ တိုင်းရင်းသားအဖွဲ့တွေအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ကြဖို့ ကုလအဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာကို တောင်းဆိုချင်ပါတယ်"
မစ္စနိုလင်းဟေဇာဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာပြည်ရောက်လာပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ခေါင်းဆောင်က ခွင့်မပြုခဲ့ပါဘူး။

မနေ့က အစီရင်ခံစာတင်သွင်းပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်ထပ်သွားဖို့ ရှိသေးလားလို့ သတင်းထောက်တစ်ယောက်က မေးမြန်းတာကို သူကအခုလိုဖြေခဲ့ပါတယ်။
"ကျွန်မဘယ်တော့ပြန်သွားမလဲဆိုတော့ အဓိပ္ပါယ်မရှိဘဲနဲ့တော့ ပြန်မသွားပါဘူး။ ကျွန်မတကယ်လုပ်ခွင့်ရမယ်ဆိုရင် ကျွန်မတကယ်ကို အပြောင်းအလဲထဲမှာ ပါလို့ရမယ်။ အပြောင်းအလဲလုပ်လို့ရမယ်ဆိုရင် ကျွန်မသွားပါမယ်"
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိနေပြီး၊ အားလုံးနဲ့ တွေ့ဆုံနိုင်ရေးက သူ့အတွက် အရေးကြီးတယ်လို့လည်း ပြောသွားပါတယ်။