ကုလညီလာခံမှာ ဘယ်သူတွေ မြန်မာ့အရေးပြောဆိုခဲ့ကြသလဲ
2024.09.30

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတချို့က ဆွေးနွေးခဲ့ကြပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ သူတို့နိုင်ငံအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေတယ်လို့ ပြောဆိုသွားပါတယ်။
"ထိုင်းနဲ့ မြန်မာက နယ်နိမိတ်အများကြီးထိစပ် နေတဲ့အတွက် အဲဒီမှာဖြစ်သမျှ ကျွန်တော်တို့ဆီကို တော်တော်အကျိုးသက်ရောက်ပါတယ်။ မြန်မာနိုင်ငံကို ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြင်ချင်ပါတယ်။ ဒါမှလည်း ဒေသတွင်း အားလုံးအတွက် အကျိုးရှိမှာပါ။ ဒီလိုငြိမ်းငြိမ်းချမ်းချမ်းဖြစ်လာဖို့ ပြည်သူ့ဆန္ဒက အရေးအကြီးဆုံး ဖြစ်ရမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သက်ဆိုင်သူဘက်ပေါင်းစုံနဲ့ စကားပြောနေတာပါ။ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေအတိုင်း အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ လက်တွဲအလုပ်လုပ်သွားဖို့ရှိပါတယ်"
တစ်ချိန်တည်းမှာပဲ လူသားချင်းစာနာမှုအကူအညီတွေ မြန်မာနိုင်ငံထဲရောက်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး ပေးပို့နေတဲ့အကြောင်းနဲ့ အကူအညီတွေ အရင်ကထက် ပိုတိုးပြီး ပေးပို့နေတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဇင်ညန်ဖုန်းက ပြောဆိုသွားပါတယ်။
လတ်တလော အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံကတော့ မြန်မာ့အရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို ဆက်လက်ကိုင်စွဲသွားမယ်၊ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ဆွေးနွေးသွားမယ်၊ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ဖြစ်လာဖို့ ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။
အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံက ခေါင်းဆောင်တွေကလည်း အာဆီယံဘုံသဘောတူညီချက်ကို ကိုင်စွဲသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံတွေကတော့ မြန်မာ့အရေး ဘာမှပြောဆိုတာ မရှိခဲ့ပါဘူး။
လာမယ့် ၂ဝ၂၅ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် မလေးရှားနိုင်ငံကတော့ ... ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး မြန်မာ့အရေးအတူတကွ လက်တွဲဆောင်ရွက်သွားဖို့လိုပါတယ်။ မြန်မာ့အရေး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေအတိုင်း အကောင်အထည်ပေါ်လာအောင် ဆက်လက်လုပ်သွားမယ်။ လူသားချင်းစာနာမှု အကူအညီတွေ ပိုပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမတ် ဟာဆန်ဟာ မိန့်ခွန်းပြောပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေးနဲ့ ပါလက်စတိုင်းအရေးတွေမှာ ကုလသမဂ္ဂကနေ အရေးယူနိုင်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာကြောင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး/a>
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာကြောင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး
သီတင်းတစ်ပတ်ကြာကျင်းပခဲ့တဲ့ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံ General Debate ဆွေးနွေးပွဲ မှာ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တွေ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ကြပါတယ်။
စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာ ဒီညီလာခံမှာ မြန်မာနိုင်ငံရဲ့ အစိုးရအကြီးအကဲအဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခွင့်ရခဲ့ပေမဲ့ အခုစစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကို မိန့်ခွန်းပြောခွင့် မပေးတော့ပါဘူး။
လက်ရှိကုလသမဂ္ဂကိုယ်စားပြုနေရာယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားပြု သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလကိုယ်စားပြုခွင့်ရထားပေမဲ့ ဒီလိုအရေးကြီးတဲ့ နိုင်ငံတကာခေါင်းဆောင်တွေတက်တဲ့ အထွေထွေညီလာခံမှာတော့ မိန့်ခွန်းပြောခွင့်ပိတ်ပင်ခံထားရပါတယ်။