ကုလညီလာခံတွေကနေ မြန်မာနိုင်ငံအတွက် အပြောင်းအလဲပေါ်လာနိုင်မလား

ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးတွေကို စက်တင်ဘာ ၁၃ ရက်ကနေ ၂၃ ရက်နေ့ အထိ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေပြီး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးတွေလည်း တစ်ပြိုင်တည်း ကျင်းပနေပါတယ်။
အလားတူပဲ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကလည်း ၅၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေကို စက်တင်ဘာလ ၁၂ ရက်ကနေ အောက်တိုဘာ ၇ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှုပိတ်ပင်ဖို့ အရေးတကြီးလိုနေပေမယ့် တရုတ်နဲ့ ရုရှားရဲ့ကန့်ကွက်မှုတွေကြောင့် အထမမြောက်နိုင်ပဲ ရှိနေပါတယ်”
စစ်တပ်က အာဏာသိမ်းထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒီကုလသမဂ္ဂအစည်းအဝေးတွေကနေ ထိရောက်တဲ့ အပြောင်းအလဲတွေ ဆောင်ကျဉ်းလာမယ့် ဆုံးဖြတ်ချက်တစ်ခုခု ပေါ်ထွက်လာဖို့ မျှော်လင့်မှုတွေ ရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အခုကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် အသစ်ချမှတ်မှာ မဟုတ်ဘဲ စစ်ကောင်စီရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်းကိုသာ ထပ်လောင်းတင်ပြကြမှာ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ ဒီလိုတင်ပြမှုတွေကြောင့် အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ သက်ရောက်မှု ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က အာရှရေးရာညွှန်ကြားရေးမှုး Phil Robertson ကတော့ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂညီလာခံတွေမှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်တာမျိုးအပြင် ပိုပြီး ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ပေါ်ထွက်လာဖို့ မမျှော်လင့်တဲ့အကြောင်း RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေဟာ ပိုဆိုးလာနေပါတယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်က အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တာ သေချာပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကုလသမဂ္ဂမှာ ဒီလိုရာဇဝတ်မှုတွေကို ရပ်တန့်သွားအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသလို၊ ဆောင်ရွက်လိုတဲ့ ဆန္ဒလည်း မရှိပါတာ တွေ့ရပါတယ်။ အခုဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှုပိတ်ပင်ဖို့ အရေးတကြီးလိုနေပေမယ့် တရုတ်နဲ့ ရုရှားရဲ့ကန့်ကွက်မှုတွေကြောင့် အထမမြောက်နိုင်ပဲ ရှိနေပါတယ်။ မြန်မာစစ်တပ်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ဒီထပ်မက ချမှတ်တာလည်း မြင်ချင်ပါတယ်။ အခု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်သွင်းသွားတဲ့ အစီရင်ခံစာမှာလည်း ဒီလို လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံအနေနဲ့တော့ ထိရောက်တဲ့ ဆုံးဖြတ်ချက်ထွက်လာဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။ ကုလလူ့အခွင့်အရေးကောင်စီက ပိုပြီးထိထိရောက်ရောက်လုပ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတွေက ထောက်ခံမှု မပါရင် လူ့အခွင့်အရေးကောင်စီက လုပ်နိုင်တာလည်း အကန့်အသတ်ရှိနေပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ဖြစ်ဖြစ်၊ resolution ဆုံးဖြတ်ချက် ဖြစ်ဖြစ် ပေါ်ထွက်လာတာမျိုး မျှော်လင့်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂကနေ မြန်မာပြည်သူတွေအတွက် ထိရောက်တဲ့ တကယ့်မြေပြင်က အပြောင်းအလဲတွေ၊ မဟာဗျူဟာကျကျ ဆောင်ရွက်မှုတွေ ဖြစ်လောစေမယ့် ဆုံးဖြတ်ချက်မျိုးကတော့ ဒီညီလာခံတွေကနေပေါ်ထွက်လာဖို့ မရှိပါဘူး။ ဒါကတော့ စိတ်မကောင်းစရာပါပဲ”
Fortify Rights လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူနဲ့ ညွှန်ကြားရေးမှူး Matthew Smith က ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ပေမယ့် အခုကျင်းပနေတဲ့ ကုလညီလာခံတွေကနေ အပြောင်းအလဲ အချို့ ဖြစ်လာဖို့ မျှော်လင့်နေတဲ့အကြောင်း အခုလို ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီညီလာခံတွေမှာ ကမ္ဘာအရပ်ရပ်က နိုင်ငံအစိုးရတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ပိုပြီး အလေးအနက်ထားလာကြဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဦးကျော်မိုးထွန်း ကို လက်ရှိနေရာမှာ ဆက်လက်ခန့်ထားဖို့လည်း မျှော်လင့်ပါတယ်။ စစ်ကောင်စီကို ဖိအားပေးဖို့ နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကုလ ညီလာခံ အားလုံးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ရဖို့အတွက် ကမ္ဘာ့နိုင်ငံအစိုးရတွေအနေနဲ့ ပိုပြီးစည်းစည်းလုံးလုံးနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်လာကြဖို့လည်း မျှော်လင့်ပါတယ်။ အခုအချိန်မှာတော့ ကုလလုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ရလဒ်တစ်ခုခု ထွက်လာသင့်ပြီလို့ ထင်ပါတယ်။ အနည်းဆုံးတော့ လုံခြုံရေး ကောင်စီကနေ Chapter 6 resolution ဆုံးဖြတ်ချက် ပေါ်ထွက်လာနိုင်တယ်လို့ ထင်ပါတယ်။ Chapter 6 resolution က ဥပဒေအရ မဖြစ်မနေ လိုက်နာဖို့ အခွင့်အာဏာမပါတဲ့ non-binding resolution ဖြစ်ပါတယ်။ ခြုံပြောရရင်တော့ ကုလလုံခြုံရေး ကောင်စီဟာ မြန်မာပြည်သူတွေအတွက် ပျက်ကွက်ခဲ့ပါတယ်။ ကုလသမဂ္ဂအဆင့်တိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပိုပြီးလေးနက်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်”

မြန်မာ့အရေး လှုပ်ရှားသူ အများစုက မျှော်လင့်နေကြတဲ့ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိရာထူးမှာ ဆက်လက်ထားရှိဖို့နဲ့ ကုလသမဂ္ဂညီလာခံတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံအတွက် ကိုယ်စားပြုနိုင်ဖို့ ကိစ္စတွေ အောင်မြင်ဖို့အတွက်ကတော့ တရုတ်နဲ့ရုရှားတို့ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂအစည်းအဝေးတွေကနေ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိရာထူးမှာ ဆက်လက် ထားရှိဖို့၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရဖို့နဲ့ မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ပေးဖို့ အပါအဝင် မြန်မာစစ်တပ်ရဲ့ဖိနှိပ်သတ်ဖြတ်မှုတွေကို တားဆီးပေးဖို့ ထိရောက်ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေအကြားမှာ မျှော်လင့်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။