မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် အထွေထွေညီလာခံက တကယ်တမ်းလုပ်ဆောင်နိုင်မလား

တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2022.09.14
မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် အထွေထွေညီလာခံက တကယ်တမ်းလုပ်ဆောင်နိုင်မလား ၂ဝ၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂဆွေးနွေးပွဲတစ်ရပ် မြင်ကွင်း။
Photo: Permanent Mission of Myanmar to the United Nations

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာနဲ့ ပတ်သက်ပြီး ရှုပ်ရှုပ်ထွေးထွေးဖြစ်တဲ့ အခြေအနေကို ကုလသမဂ္ဂအထွေထွေညီလာခံကြီးကနေ ပြင်ဆင်နိုင်ပြီး စစ်ကောင်စီကို လေးနက်တဲ့သတင်းစကား ပါးနိုင်လိမ့်မယ်လို့ယူဆတယ်လို့ ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့သတင်းဆောင်းပါးတွေ ဖော်ပြလေ့ရှိတဲ့ Pass Blue က ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒီဆောင်းပါးကို မြန်မာနိုင်ငံအရေး ဆောင်ရွက်နေတဲ့ Myanmar accountability Project - မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံမှုစီမံချက်ကို ဆောင်ရွက်နေတဲ့ ခရစ် ဂါးနက်နဲ့ Damian Lilly တို့ အတူ ရေးသားတာဖြစ်ပါတယ်။

ခရစ်တိုဖာ ဂါးနက် လို့ လူသိများခဲ့သူဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံက အရေးအခင်းကာလက မြန်မာနိုင်ငံသတင်းတွေကို ထဲထဲဝင်ဝင် ရယူဆောင်ရွက်ခဲ့တဲ့ BBC သတင်းထောက်ဟောင်းတစ်ဦးဖြစ်လို့ မြန်မာနိုင်ငံက ဖြစ်စဉ်တွေ မြန်မာစစ်တပ်ရဲ့ ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လေးလေးနက်နက် သိရှိနားလည်သူပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကိုယ်စားပြုနေရာအတွက် မကြာခင် ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်လို့ ၅၅ သန်းသော မြန်မာပြည်သူတွေဟာ အတိမ်းအစောင်းမခံနိုင်တဲ့ လမ်းဆုံကနေ ရင်တမမ စောင့်မျှော်နေကြပါတယ်လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ ဒီအဆုံးအဖြတ်ကို ကုလသမဂ္ဂရဲ့ Credentials Committee (ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီ)က ဆုံးဖြတ်ချက်ချမှာ ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ လာမယ့်အပတ် စတင်ကျင်းပမယ့် အထွေထွေညီလာခံတစ်ခုတည်းအတွက် မဟုတ်ဘဲ ကုလသမဂ္ဂစနစ်ကြီးတစ်ခုလုံးအတွက်ပါ ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒီကော်မတီရဲ့ဆုံးဖြတ်ချက်ဟာ လူအခွင့်အရေးကောင်စီအပါအဝင် မြန်မာနိုင်ငံအတွက် နေရာကို ဆိုင်းငံ့ထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်၊ ယူနက်စကို ညီလာခံတွေအတွက်ပါ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်မှာပါ။

လွန်ခဲ့တဲ့နှစ်ကတော့ ကုလသမဂ္ဂရဲ့ Credentials Committee (ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီ)က ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ခဲ့တာကြောင့် မူလမြန်မာနိုင်ငံနေရာမှာ တာဝန်ယူနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်ပြီးရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG သံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံအတွက် လျာထားတဲ့နေရာမှာ ရှိနေပေမယ့် တကယ်တရားဝင်ဆုံးဖြတ်ချက်ကို မချမှတ်သေးပါဘူး။

အခုနှစ် အဆုံးအဖြတ်ပေးမယ့် ကော်မတီမှာ မြန်မာနိုင်ငံကို လက်နက်ပံ့ပိုးနေတဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ စစ်ကောင်စီဘက်က ရပ်တည်မှာ သေချာပေမယ့် ကော်မတီမှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် အမေရိကန်နိုင်ငံ ရှိပါတယ်။ အခုနှစ်မှာ ကော်မတီအဖွဲ့ဝင် ကိုးနိုင်ငံထဲမှာ အင်ဂိုလာ၊ ဂါယာနာ၊ မော်လဒိုက်၊ ဥရုဂွေး၊ ဇမ်ဘီယာတို့ဟာ ပါဝင်လာနိုင်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ အဲ့ဒီ ၆ နိုင်ငံအပါအဝင် အမြဲတမ်းအဖွဲ့ဝင် သုံးနိုင်ငံတို့က မြန်မာအတွက် အဆုံးအဖြတ်ကို ချမှတ်ကြမှာပါ။

မနှစ်က အခြေအနေအရ ကော်မတီက ဆုံးဖြတ်ချက်မချဘဲ ဆိုင်းငံ့တယ်ဆိုတာဟာ စစ်ကောင်စီကို ငြင်းပယ်လိုက်တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်ကို ဆက်လက်ထားရှိတဲ့ အနေအထားလို့ တွက်မယ်ဆိုရင်တွက်ဆနိုင်တယ်လို့ ဆောင်းပါးမှာ သုံးသပ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ကို လက်ခံတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတချို့လည်း ရှိနေသေးတယ်လို့ ဆောင်းပါးမှာထောက်ပြပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး UNOCHA နဲ့ UNICEF တို့ကတော့ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ ပုံစံမျိုး ပြနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကို အထွေထွေညီလာခံက ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါကတော့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှတ် ၃၉၆ V အရ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် အထွေထွေညီလာခံကြီးကနေ မြန်မာနိုင်ငံအတွက် ၂၀၂၁ ခုနှစ်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ဟာလည်း NUG ဘက်ကို အလေးသာတာ တွေ့နိုင်ပါတယ်။ အဲ့ဒီအထွေထွေညီလာခံကနေ ဆုံးဖြတ်ပြီး စစ်ကောင်စီကို တောင်းဆိုတာက လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ ပြည်သူတွေရဲ့ လိုလားချက်ကို လေးစားလိုက်နာဖို့ လိုတယ်လို့ ဆုံးဖြတ်ချက်မှာ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ Credentials Committee (ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီ)ရဲ့ ၁၉၉၀ ခုနှစ်များ အချိန်ကတည်းက ဆုံးဖြတ်ချက်တွေကို ကြည့်မယ်ဆိုရင် အထွေထွေညီလာခံက အသားပေးတာက ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများနဲ့ ဆောင်ရွက်တဲ့အဖွဲ့၊ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ လုပ်ကိုင်သူတွေကို အနိုင်ပေးလေ့ရှိတာကြောင့်NUG အနေနဲ့ စစ်ကောင်စီကို အသာစီးရမယ်ဆိုတာ မေးစရာမလိုတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

kyaw-moe-tun-unga.jpg
၂ဝ၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂဆွေးနွေးပွဲတစ်ရပ် မြင်ကွင်း။ (Photo: Permanent Mission of Myanmar to the United Nations)

ဒါပေမဲ့ တောင်းဆိုချင်တာက ကုလသမဂ္ဂရဲ့ Credentials Committee (ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီ)အနေနဲ့ NUG ကို လက်ခံကြောင်း ဆုံးဖြတ်ချက်တစ်ခုတည်းသာမက ကုလသမဂ္ဂစနစ်ကြီးတစ်ခုလုံးအနေနဲ့ပါ ကိုယ်စားပြုခွင့်ပေးဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

တစ်ဆက်တည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး သေဆုံးရသူ ၂၀၀၀ ကျော်၊ အဖမ်းခံရသူ တစ်သောင်းငါးထောင်ကျော်၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁.၂သန်းနဲ့ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီလိုအပ်သူ ၁၄ သန်း ရှိနေတာကို သတိပြုသင့်တယ်လို့ ဆိုပါတယ်။

အကယ်၍သာ အထွေထွေညီလာခံက အခုနှစ်မှာလည်း ဆုံးဖြတ်ချက်ချဖို့ ရွှေ့ဆိုင်းခဲ့ဦးမယ်ဆိုရင် နိုင်ငံတကာကို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မပြတ်သားတဲ့ သတင်းစကားပါးလိုက်သလို ဖြစ်နိုင်တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။