ဦးကျော်မိုးထွန်းကို ကုလကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး ထောက်ခံဆန္ဒပြပွဲများ စတင်

ကုလသမဂ္ဂရဲ့ (၇၇)ကြိမ်မြောက် အထွေထွေညီလာခံမှာ သံအမတ် ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ နယူးယောက်မြို့နဲ့ လန်ဒန်စတဲ့ မြို့ကြီးတွေမှာ ကျင်းပဖို့ရှိပါတယ်လို့ ပြည်ပရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပမယ့် အမေရိကန်နိုင်ငံနယူးယောက်မြို့ကို အမေရိကန်တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာတိုင်းရင်းသား ပြည်သူအားလုံး စက်တင်ဘာ ၁၇ ရက်နေ့မှာ လာရောက်ဆန္ဒထုတ်ဖော်ကြမယ်ဖြစ်တယ်လို့ နယူးယောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနေလင်းထွန်း ပြောပါတယ်။
အလားတူ အဲ့ဒီစက်တင်ဘာ ၁၇ ရက်နေ့မှာပဲ ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ရဲ့ လွှတ်တော်ရှေ့မှာလည်း ပြည်ပရောက်တိုင်းရင်းသားတွေ စုပေါင်းပြီး သံအမတ် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ အမြဲတမ်းကိုယ်စားလှယ်ဖြစ်ထားရှိဖို့ ဆန္ဒထုတ်ဖော်ကြမှာဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ ဦးကျော်မိုးထွန်းသာ ပြည်သူ့ထောက်ခံတဲ့ ကိုယ်စားလှယ်ဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ UK ဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာသက်ကိုကို က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပေးဖို့ The Action Network အဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကိုချိုးဖောက်ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ကိုယ်စားလှယ်ကို ကုလက လက်မခံသင့်ဘူးလို့ အဲဒီအဖွဲ့က ပြောပါတယ်။
လာမယ့် စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်အကြီးအကဲတွေ တက်ရောက်မယ့် ညီလာခံကြီး ကျင်းပဖို့ရှိပါတယ်။ အဲဒီမတိုင်ခင် ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီက မြန်မာနိုင်ငံအတွက် ဘယ်သူ့ကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာကို ဆုံးဖြတ်ပေးရပါမယ်။ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာတော့ အဲဒီကော်မတီဟာ မြန်မာကိုယ်စားလှယ်စိစစ်ရေးကို ဆိုင်းငံ့ခဲ့တာကြောင့် ဦးကျော်မိုးထွန်းပဲ ကိုယ်စားပြုခွင့် ဆက်ရနေတာဖြစ်ပါတယ်။ ဒီနှစ် ဘယ်လိုဆုံးဖြတ်ချက်ထွက်လာမလဲဆိုတာ မသိသေးပါဘူး။

မနေ့က စက်တင်ဘာ ၄ ရက်နေ့မှာလည်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ဦးကျော်မိုးထွန်း ကို မြန်မာကိုယ်စားလှယ်အဖြစ်ထားရှိရေးဆန္ဒပြ တောင်းဆိုခဲ့ကြပြီး၊ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ စက်တင်ဘာ ၄ ရက်နေ့ မနက်က စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအတွင်း လက်ပံတောင်းတောင်မှာလည်း ထောက်ခံဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။