စစ်ကောင်စီထုတ် မော်တာကျည်တွေ ရုရှားသုံးနေ
2023.08.06

စစ်ကောင်စီခေါင်းဆောင်ဟာ ဘုရားတည်၊ ဝါဆို သင်္ကန်းကပ်၊ ငွေစက္ကူသစ် နှစ်သောင်းတန်ထုတ်၊ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာမဟုတ်ဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးပေမဲ့ သူ့လက်အောက်က တပ်တွေက စစ်ကြောင်းတွေထိုးနေလို့ ဘာစစ်မှဝင်မတိုက်တဲ့ အပြစ်မဲ့အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေးရပါတယ်။
မြေပြင်ထိုးစစ်သက်သက်နဲ့ သူ့ကိုခုခံတော်လှန်သူတွေကို အပြတ်မရှင်းနိုင်တဲ့ စစ်ကောင်စီဟာ တိုက်လေယာဉ်တွေလည်း အားကိုး၊ ရေကြောင်းကနေလည်း စစ်သင်္ဘောတွေနဲ့ ပစ်ခတ်ပါတယ်။ ဒီလိုတိုင်းပြည်ကို သေနတ်ပြောင်းဝနဲ့တေ့ထားတဲ့ မြန်မာစစ်ကောင်စီအတွက် မရှိမဖြစ်တဲ့ ကျည်တောင့်တွေ၊ မော်တာကျည်တွေ ဖောဖောသီသီသုံးနိုင်ဖို့လည်း ကပစလို့ အတိုကောက်ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက အကြီးအကျယ်အားဖြည့်ပေးပါတယ်။
DDI ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံးလက်အောက်မှာ ကပစ ၂၅ ရုံ လည်ပတ်နေတယ်လို့လည်း ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ(SAC-M) က ဒီနှစ် ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရတက်တဲ့ ၁၉၅၈ ကတည်းက ကပစ အမှတ် ၁ နဲ့ ၂ ကို စစ်တပ်က ဆောက်လုပ်ခဲ့ပါတယ်။ ခုဆို ၂၅ ရုံရှိပြီး အားလုံးနီးပါး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဝေးတဲ့ နိုင်ငံအလယ်ပိုင်းမှာ တည်ဆောက်ထားပါတယ်။
၂၀၂၁ စစ်အာဏာမသိမ်းရင် ပေါ်ပေါက်လာစရာ အကြောင်းမရှိတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေအားကောင်းတဲ့ မကွေးတိုင်းတစ်တိုင်းတည်းမှာ ကပစ စက်ရုံ ၁၅ ရုံရှိပါတယ်။ မကွေးတိုင်း ဒေသခံတစ်ယောက်ကလည်း စက်ရုံတွေထဲ မရောက်ဖူးပေမဲ့ စက်ရုံတွေရှိနေတာကို သိနေတာပါ။
“မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဘက်ပေါ့လေ။ ဒီအထက်မင်းလှ၊ မလွန်အနောက်ဘက်တို့၊ ဆင်ပေါင်ဝဲ၊ စေတုတ္တရာရှိမယ်။ နောက်ပွင့်ဖြူ၊ ဆိပ်ဖြူမြို့နယ်။ ဂန့်ဂေါမြို့နယ်၊ ပေါက်မြို့နယ်၊ အောင်လံ၊ တောင်တွင်း၊ သရက်၊ အဲဒီ မကွေးတိုင်းမှာနော့်”
စစ်တပ်ပိုင် ဒီစက်ရုံတွေကနေ ကျည်ဆန်ကစလို့ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကြီးတွေထိ ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာ ဒီလိုလက်နက်တွေ ထုတ်ရုံမက ပြည်ပနိုင်ငံတွေကပါ ခေတ်မီစစ်လက်နက်ပစ္စည်းတွေ ဝယ်ယူအားဖြည့်နေပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ရုရှားနဲ့ စစ်ကောင်စီ စစ်ရေးဆက်ဆံတဲ့ အရှိန်က တဟုန်ထိုး တက်လာပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ ရက်မှာ စစ်အာဏာသိမ်းပြီး နောက်တနှစ်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကောင်စီမိတ်ဖက် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲပါတယ်။
ရှစ်လေးလုံးတုန်းကလို လူသတ်ခြိမ်းခြောက်ဖမ်းဆီးနှိပ်စက်ပြလိုက်ရင် လူထုက အားမတန်မာန်လျှော့ ကြောက်ရွံ့သွားပြီး ငြိမ်သွားမယ် တွက်ဆကောင်း တွက်ဆပေမဲ့ စစ်ဖိနပ်အောက် ထပ်မရောက်ချင်တဲ့အတွက် နဂိုကတည်းက ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအပြင် တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်ဖူးတဲ့ PDF တွေနဲ့ စစ်ကောင်စီ ရင်ဆိုင်ရပါတယ်။
နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်ကတော့ ကိုယ့်လူထုကိုယ်ပြန်သတ်တဲ့ ဆီးရီးယားနဲ့ ဆက်စပ်ပြီး ပြတာပါ။
“ဗမာပြည်မှာလိုပဲပေါ့ဗျာ။ လမ်းပေါ်မှာ ဆန္ဒပြတယ်။ ဆန္ဒပြတဲ့လူတွေကို ဖြိုခွင်းတယ်။ နောက်ဆုံး ပြည်တွင်းစစ်ကို သက်ဆင်းတယ်ပေါ့နော်။ ပထမတော့ အတိုက်အခံတွေက ဟိုသိမ်းဒီသိမ်း။ လူတွေ ထွက်ပြေးရတာ အဖတ်တင်ပြီး သူ့ဟာသူ တစ်မြို့ရရ။ နှစ်မြို့ရရ အာဏာရှင်တွေ လက်ထဲမှာရှိတယ်။ သူ့ဗျူဟာက အချိန်ဆွဲတာပေါ့။ အဲဒီမှာ ဘာထူးခြားချက်တွေ့ရလဲဆိုတော့ ရုရှားအခန်းကဏ္ဍကို ကွက်ကွက်ကွင်းကွင်းတွေ့ရတယ်။ အချင်းချင်းပေါင်းပြီး ဥပဒေမရှိ ဘာမရှိဘဲ တိုင်းသူပြည်သားတွေကို ပြန်ဒုက္ခပေးတဲ့စနစ်မျိုး”
မြန်မာနိုင်ငံမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေ ရှိမြဲရှိနေချိန်မှာ သူ့မဟာမိတ်ရုရှားကလည်း ယူကရိန်းကို အလွယ်တကူ သိမ်းပိုက်နိုင်မယ်လို့ ယူဆခဲ့ပေမဲ့ ယူကရိန်းက မောင်းသူမဲ့ လေယာဉ်ဒရုန်းတွေက ရုရှားမော်စကိုမြို့တော်ကို တိုက်ခိုက်တဲ့ အနေအထား ရောက်နေပါတယ်။

မြို့တော်မော်စကိုပါ ဒရုန်းဒဏ်သင့်တဲ့ ရုရှားဟာ မြန်မာစစ်တပ်က ထုတ်လုပ်တဲ့ ပေါက်ကွဲအားပြင်းတဲ့ မမ ၁၂၀ မော်တာကျည်တွေကို စတင်အသုံးပြုနေတယ်လို့ ဘယ်လ်ဂျီယံအခြေစိုက် Army Recognition နိုင်ငံတကာ စစ်ရေးလေ့လာရေးအဖွဲ့က ပြောပါတယ်။
ယူကရိန်းစစ်မြေပြင်ဆိုင်ရာ လက်နက်ပစ္စည်းလေ့လာစောင့်ကြည့်နေတဲ့ Ukraine Weapons Tracker ကို ကိုးကားဖော်ပြတာပါ။
ဒါနဲ့ ပတ်သက်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဂျီအောင်ခမ်း သုံးသပ်တာကတော့ ...
“အခုအခြေအနေမှာ ရုရှားက မြန်မြန်မထုတ်နိုင်ဘဲ သုံးလို့ကုန်သွားတဲ့ အပိုင်းလည်း ဖြစ်ပါလိမ့်မယ်။ ဗမာပြည်က ပိုထုတ်နိုင်လို့လား။ ဒါမှမဟုတ် တစ်ဖက်ကနေ အပြန်အလှန်ကူညီတာမျိုးလား"
ယူကရိန်းကို သိမ်းပိုက်နိုင်မယ့် စိတ်ကူးနဲ့ကျူးကျော်ဆင်နွှဲလို့ စစ်စရိတ်ထောင်းနေတဲ့ ရုရှားက သုံးနေတယ်ဆိုတဲ့ ၁၂၀ မမ မော်တာကျည်တွေကို မကွေးတိုင်း သရက်မြို့နယ် အမှတ် ၁၂- ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ အမှတ် ၁၂ က ထုတ်လုပ်ပါတယ်။
မမ ၁၂ဝ သာမက ၈၁ မမနဲ့ မမ ၆၀ လည်းထုတ်လုပ်ပါတယ်။ စစ်ကောင်စီဟာ သူ့မဟာမိတ်ရုရှားကို ထောက်ပံ့ တင်ပို့နိုင်တဲ့အထိ ကျည်တောင့်တွေ မော်တာကျည်တွေ ထုတ်လုပ်နေပြီး ပြည်တွင်းမှာလည်း ပေါပေါများများ သုံးနေပါတယ်။