ရုရှား-ယူကရိန်းစစ်ပွဲအပေါ် မြန်မာနဲ့ကမ္ဘာ့မီဒီယာတွေရဲ့ ရပ်တည်ချက်
2022.03.03

ရုရှားနိုင်ငံက ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ယူကရိန်းနိုင်ငံတွင်းကို တပ်တွေစေလွှတ်တိုက်ခိုက်တဲ့သတင်းဟာ ကမ္ဘာ့သတင်းမီဒီယာအားလုံးမှာ မျက်နှာဖုံးသတင်းဖြစ်ခဲ့ပါတယ်။
ဒီသတင်းကို အများစုဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုအဖြစ် ဖော်ပြပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရနဲ့ ပတ်သက်တဲ့ သတင်းဌာနတွေကတော့ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက်၊ ငြိမ်းချမ်းရေးဖြစ်တဲ့ စစ်ဆိုတဲ့ အသုံးအနှုန်းတွေ သုံးကြပါတယ်။ ဒီအနေအထားတွေဟာ ရုရှားနဲ့ပတ်သက်တဲ့အုပ်စုနဲ့ အနောက် နိုင်ငံတွေ၊ အထူးသဖြင့် ဥရောပကမီဒီယာတွေကြားမှာ ပဋိပက္ခတစ်ခုအဖြစ် မြင်တွေ့လာရပါတယ်။
ရုရှားတပ်တွေ ယူကရိန်းနယ်မြေထဲ ဝင်ရောက်တာ အခုဆိုရင် တစ်ပတ်ကျော်ကြာလာပြီဖြစ်ပြီး အဲ့ဒီဒေသက အခြေအနေတွေဟာ ကမ္ဘာ့မီဒီယာတွေမှာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီသတင်းကို မြန်မာ့မီဒီယာတွေမှာ ဘယ်လိုဖော်ပြနေကြပါသလဲ။
စစ်ကောင်စီ သတင်းစာတွေဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ဖေဖော်ဝါရီလ ၂၇ရက်နေ့ထုတ် အယ်ဒီတာ အာဘော်တွေမှာ ယူကရိန်းစစ်ပွဲကနေ သင်ခန်းစာ ယူရမယ့်အကြောင်းတွေ၊ ပြည်ထောင်စု မပြိုကွဲရေး သင်ခန်းစာယူရမယ့်အကြောင်းတွေနဲ့ တပ်မတော်အင်အားကြီးအောင် ဖြည့်ဆည်းရမှာတွေကို ရေးထားပါတယ်။
သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ စစ်ကောင်စီဟာ ရုရှားနိုင်ငံ ရဲ့ထုတ်ပြန်ချက်ကို လိုက်ပါပြောဆိုနေပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ကြေးမုံ၊ မြန်မာ့ အလင်းတို့ကဖော်ပြပုံနဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေက ဖော်ပြပုံတွေသိသိသာသာ ခြားနားနေတယ်လို့ ပြောပါတယ်။
“ရုရှားက စစ်ကောင်စီရဲ့ မဟာဗျူဟာမြောက်နိုင်ငံဖြစ်နေတော့ ရုရှားဘက်ကလိုက်ပြီးပြောနေတဲ့ သဘောမျိုးပေါ့။ ပုဂ္ဂလိကမီဒီယာတွေမှာတော့ အနောက်တိုင်းမီဒီယာတွေကဖော်ပြတဲ့ အချက်အလက်တွေကို ဘာသာပြန်ရေးကြတာများတယ်။ စံတော်ချိန်မှာဆို မျက်နှာဖုံးသတင်းအဖြစ်တောင် ရေးတာတွေ့ရပါတယ်။”
စစ်ကောင်စီ သတင်းစာတွေဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ဖေဖော်ဝါရီလ ၂၇ရက်နေ့ထုတ် အယ်ဒီတာ အာဘော်တွေမှာ ယူကရိန်းစစ်ပွဲကနေ သင်ခန်းစာ ယူရမယ့်အကြောင်းတွေ၊ ပြည်ထောင်စု မပြိုကွဲရေး သင်ခန်းစာယူရမယ့်အကြောင်းတွေနဲ့ တပ်မတော်အင်အားကြီးအောင် ဖြည့်ဆည်းရမှာတွေကို ရေးထားပါတယ်။
ဒီရေးသားချက်တွေဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ သဘောထားကို ထင်ဟပ်စေပါတယ်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၂၄ရက်နေ့က ယူကရိန်းစစ်ပွဲအပေါ် စစ်ကောင်စီရဲ့သဘောထားကို အခုလိုပြောထားပါတယ်။
“နံပါတ် ၁ အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်သင့်တာကို လုပ်ဆောင်တာဖြစ်တယ်။ နံပါတ်၂ အနေနဲ့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့အင်အားညီမျှရေးမှာ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တည်ရှိကြောင်း ကမ္ဘာကို လက်တွေ့ပြသခဲ့ခြင်းဖြစ်ပါတယ်။”
ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ပြောဆိုချက်နဲ့ ကွဲလွဲနေတာတော့ အနောက်နိုင်ငံက သတင်းတွေပဲဖြစ်ပါတယ်။ ဥရောပစစ်ပွဲလို့တောင်ခေါ်ဆိုနိုင်တဲ့စစ်ပွဲဟာ ရုရှားက ကျူးကျော်တာကြောင့်ဖြစ်တယ်လို့ အနောက်နိုင်ငံ သတင်းတွေက ဆိုပါတယ်။
ဒီစစ်ပွဲမှာ အနောက်နိုင်ငံတွေပါဝင်တိုက်တာမျိုးမရှိသေးပေမယ့် ကျူးကျော်ခံရတဲ့ ယူကရိန်းအတွက် လက်နက်တွေ၊ ကျည်ဆံတွေ၊ ဒုံးကျည်တွေ၊ ကျည်ကာအကျီနဲ့ သံခမောက် ကအစ အနောက်ကနေ ထောက်ပံ့နေသလို၊ အလွန်အင်အားကြီးတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ စုပေါင်း လုပ်ကြတော့ ရုရှားနိုင်ငံရဲ့ငွေဈေးနှုန်းတွေ ကျဆင်းသလို စီးပွားရေးလည်း ကမောက်ကမ ဖြစ်ရပါတယ်။
ဒီအချိန်မှာ ရုရှားနိုင်ငံက ရုရှားပြည်သူတွေရဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရုရှားပြည်က မြို့တိုင်းလိုလိုမှာ ပေါ်လာပါတယ်။ ရုရှားအစိုးရက ဆန္ဒပြသူတွေ ထောင်နဲ့ချီပြီး ဖမ်းဆီးလိုက်ပါတယ်။
“ သေတဲ့သူတွေလည်း သေကုန်ပြီ။ ဒါမြန်မာပြည်ပေါ့လေ ရုရှားမှာလည်း ပူတင်က လူကြားကောင်းအောင်ပြောပြီး ယူကရိန်းကို ဝင်တိုက်တာပဲ။ လွတ်လပ်တဲ့မီဒီယာတွေကို သူနှိပ်ကွပ်နေတာပဲ”
ဒီလိုဆန္ဒပြမှုတွေဟာ ပြည်ပက သွေးထိုးလှုံ့ဆော်မှုတွေကြောင့်လို့ဆိုပြီး သတင်းမှားတွေ ထုတ်လွှင့်ရင် ထောင်ဒါဏ် ၁၅ နှစ်အထိ ချမယ်လို့ ကြေညာပြီး သတင်းဌာနတွေကို ပိတ်ပါတယ်။ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စာနယ်ဇင်းအယ်ဒီတာတစ်ဦးကတော့ အာဏာရှင်တွေရဲ့လုပ်ကိုင်ပုံတွေဟာ တစ်ပုံစံတည်း ဖြစ်နေတယ်လို့ ရုရှားနိုင်ငံက လုပ်ကိုင်ပုံနဲ့ စစ်ကောင်စီရဲ့လုပ်ကိုင်ပုံကို နှိုင်းယှဉ်ပြီး ပြောပါတယ်။
“ကျနော်တို့ဆီနဲ့ ယှဉ်ပြောမယ်ဆိုရင်တော့ အတူတူပါပဲ။ မင်းအောင်လှိုင်က သူပြောချင်တာနဲ့ ပြချင်တဲ့ဟာတွေကိုပဲပြပြီး သူမပြစေချင်တာတွေကိုပြတဲ့ မီဒီယာသမားတွေကို နှိပ်ကွပ် နေတာပါပဲ။ ထောင်ထဲမှာလည်းအများကြီးပဲ။ သေတဲ့သူတွေလည်း သေကုန်ပြီ။ ဒါမြန်မာပြည်ပေါ့လေ ရုရှားမှာလည်းပူတင်က လူကြားကောင်းအောင်ပြောပြီး ယူကရိန်းကို ဝင်တိုက်တာပဲ။ လွတ်လပ်တဲ့မီဒီယာတွေကို သူနှိပ်ကွပ်နေတာပဲ”
ရှရှားနိင်ငံက မီဒီယာကို အခုလိုနှိပ်ကွပ်နေသလို ရုရှားကို တန်ပြန်တာတွေလည်း ပေါ်လာပါတယ်။ Facebook ၊ Twitter တို့ကနေ ရုရှားအစိုးရပိုင် သတင်းဌာနတွေကို မတ်လ ၁ ရက်နေ့က ပိတ်လိုက်သလို Google ကလည်း ရုရှားအစိုးရပိုင် သတင်း RT နဲ့ Sputnik တို့ရဲ့ အက်ပ်တွေကိုပိတ်လိုက်ပါတယ် တဆက်တည်း Anonymous လို့လူသိများတဲ့ online တက်ကြွလှုပ်ရှားသူအုပ်စုကလည်း ရုရှားသတင်းစဉ်တွေ မီဒီယာအုပ်စုတွေကို တိုက်ခိုက်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။