ယူကရိန်းကိုပေးတဲ့အကူအညီရဲ့ တစ်ရာခိုင်နှုန်းသာ ကူညီဖို့ တောင်းဆို
2023.06.15

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကိုတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံကို နိုင်ငံတကာကပေးအပ်နေတဲ့ အကူအညီတွေရဲ့ အပုံတစ်ရာပုံ တစ်ပုံလောက် ရမယ်ဆိုရင်ပဲ အမြန်ဆုံးအောင်ပွဲခံနိုင်လိမ့်မယ်လို့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုကို ဦးဆောင်နေသူတွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးကတည်းက ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အစိုးရဝန်ထမ်းတွေ အားလုံးပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်မှုတွေ စတင်ခဲ့ပါတယ်။
အဲဒီနောက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ ရည်မှန်းချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ကို ဖွဲ့စည်းကြတယ်လို့ ဇွန်လ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံ ငြိမ်းချမ်းရေးအင်စတီကျူ USIP က ထုတ်ဝေတဲ့ဆောင်းပါးက ဆိုပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ရေးလှုပ်ရှားမှုတွေ စတင်ပြီး နှစ်နှစ်ကျော် ကြာလာတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ရဲ့ အစဉ်အလာ ထိန်းချုပ်နယ်မြေအပြင်ဘက်က ဒေသတွေအထိ နယ်မြေစိုးမိုးနိုင်လာပြီး ပိုထိရောက်တဲ့အုပ်ချုပ်မှုတွေ လုပ်လာနိုင်ကြတဲ့အကြောင်း၊ အခုဆိုရင် မြန်မာနိုင်ငံနယ်နိမိတ်ရဲ့ အနည်းဆုံး ထက်ဝက်လောက်ကို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတဲ့အကြောင်း ဆောင်းပါးက ဆိုပါတယ်။
ဒီအချက်ကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က ဝန်ခံထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ မြန်မာပြည်သူအားလုံးဟာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့နဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြစ်ပေါ်လာဖို့၊ ဘုံရည်မှန်းချက်အဖြစ်ထားပြီး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
ဒီလိုကြိုးစားနေတဲ့နေရာမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကလည်း တတ်အားသမျှ ပါဝင်လှူဒါန်းနေကြပါတယ်။ ပြည်ပမှာ အိမ်အကူအဖြစ် အလုပ်လုပ်နေတဲ့ မိန်းကလေးတွေက သူတို့ရဲ့လခတွေကို တော်လှန်ရေးအတွက် ပေးပို့လှူဒါန်းနေသလိုပဲ၊ အညာဒေသမှာ စစ်ကောင်စီတပ်တွေ မီးရှို့သွားလို့ နေအိမ်ဆုံးရှုံးသွားတဲ့ အမယ်အိုတွေကလည်း နောက်ဆုံးကျန်တဲ့ နားကပ်တစ်ရံကို တော်လှန်ရေးအတွက် လှူဒါန်းနေပါတယ်။
မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေမှာ အိမ်လုပ် တူမီးသေနတ်တွေ၊ ရနိုင်သမျှ သံတိုသံစတွေနဲ့ တည်ဆောက်ထားတဲ့ လက်နက်အချို့ကလွဲလို့ ဘာမှမရှိကြပါဘူး။
စစ်ကောင်စီဟာ ရုရှားနိုင်ငံကဝယ်ယူထားတဲ့ နောက်ဆုံးပေါ်ဂျက်တိုက်လေယာဉ်တွေနဲ့ လက်နက်တွေရှိနေပေမဲ့ တော်လှန်ရေး အင်အားစုတွေကို အနိုင်မတိုက်နိုင်ဘဲ ဖြစ်နေပါတယ်။
ယူကရိန်းနိုင်ငံသားတွေဟာ ရုရှားကတိုက်ခိုက်သိမ်းယူလို့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ရဖို့ တိုက်စစ်ဆင်နေသလိုပဲ မြန်မာပြည်သူတွေဟာလည်း စစ်ခေါင်းဆောင်တွေက ခိုးယူသွားတဲ့နယ်မြေတွေကို ပြန်ရဖို့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်လို့ ဆောင်းပါးက ဆိုပါတယ်။
ဒီလိုမမျှတတဲ့တိုက်ပွဲကို တိုက်နေရပေမယ့် တော်လှန်ရေးအင်အားစုတွေကို နိုင်ငံတကာက လက်နက်နဲ့နည်းပညာ ကူညီထောက်ပံ့မှုတွေ လုံးဝမရှိသေးတဲ့အကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။
မြန်မာပြည်သူတွေ အမြန်ဆုံးအောင်ပွဲခံနိုင်ဖို့ နိုင်ငံတကာရဲ့အကူအညီ အထောက်အပံ့တွေရမှ ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာက ယူကရိန်းနိုင်ငံကို ထောက်ပံ့နေတဲ့အကူအညီရဲ့ တစ်ရာခိုင်နှုန်းလောက်ရမယ်ဆိုရင်ပဲ အင်အားချင်း အပြတ်အသတ်ကွာနေတဲ့ စစ်ကောင်စီကို လပိုင်းလောက်အတွင်းမှာ အနိုင်ရဖို့ ဖြစ်နိုင်မယ်လို့ ဆောင်းပါးက ဆိုပါတယ်။
နိုင်ငံတကာဟာ မြန်မာနိုင်ငံအပေါ် တာဝန်မကျေဘဲဖြစ်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် က ပြောပါတယ်။
လက်ရှိ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ လူမျိုးစုပေါင်းစုံ ပါဝင်ပြီး၊ ဒီမိုကရေစီပြန်ရဖို့ မဆုတ်မနစ် တိုက်ပွဲဝင်နေကြတာဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ထောက်ပံ့ကူညီမှုကို ရဖို့ထိုက်တန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆယ်စုနှစ် ခုနစ်စုကြာ မရပ်တန့်နိုင်တဲ့ ပြည်တွင်းစစ်ကိုရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေရဖို့ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်နေပါတယ်။
မြန်မာပြည်သူတွေဟာ နိုင်ငံတကာအကူအညီ ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကို ဆက်လက်တိုက်သွားမှာ ဖြစ်ပေမယ့် နိုင်ငံတကာအကူအညီရမယ်ဆိုရင် ကာလတိုအတွင်းမှာ အောင်ပွဲခံပြီး၊ အားလုံးမျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်သလို ဒေသတွင်းကို ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ ဆောင်ကြဉ်းလာနိုင်မှာဖြစ်တယ်လို့ ဆောင်းပါးက ဆိုထားပါတယ်။