နွေဦးတော်လှန်ရေးရဲ့ ရန်ပုံငွေ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.08.03
နွေဦးတော်လှန်ရေးရဲ့ ရန်ပုံငွေ NUG အစိုးရအား လှူဒါန်းရန် နော်ဝေနိုင်ငံရောက် မြန်မာများ စုပေါင်းပြီး ၂ဝ၂၂ ခုနှစ် မေလ ၁၇ ရက်နေ့က ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပခဲ့စဉ်။
Photo: CRPH Support Group, Norway

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို စစ်တပ်က အာဏာသိမ်း ခဲ့ပြီးတဲ့နောက်၊ အဝေးရောက် လွှတ်တော် နဲ့ အစိုးရအဖွဲ့တို့ ကို ထူထောင်ခဲ့ပါတယ်။ အဲဒီနောက် ၈လအကြာ စက်တင်ဘာလမှာ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်ခုခံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာခဲ့ပါတယ်။

၂၀၂၂ခုနှစ် မေလမှာ နိုင်ငံရဲ့ ၁၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ မိတ်ဖက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကလည်း နိုင်ငံရဲ့ ၃၀ - ၃၅ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတာပါ။ သို့ပေမဲ့ စစ်ပွဲဆိုတာ ဈေးမပေါပါဘူး။ ကုန်ကျစရိတ်ကြီးမားလှပါတယ်လို့ အထူးသဖြင့် အစိုးရတွေက စစ်စရိတ်ကျခံရတာပါ။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA၊ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် အဓိက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပဏာမလေ့ကျင့်ရေး သင်တန်းတချို့၊ လက်နက်ခဲယမ်းတချို့ အကန့်အသတ်နဲ့ ထောက်ပံ့ပေးနေတာဖြစ်ပြီး NUG အနေနဲ့ စစ်ရေးစရိတ်ကိုတော့ ကိုယ့်ဘာသာကိုယ် ရှာဖွေနေရတာဖြစ်ပါတယ်။

Myanmar.jpg
NUG အစိုးရအား လှူဒါန်းရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရောက် မြန်မာများ စုပေါင်းပြီး ၂ဝ၂၁ ခုနှစ် သြဂုတ်လက ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပခဲ့စဉ်။ (Photo: Wyne Chit)

NUG နဲ့ ဆက်စပ်နေတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂၅ဝ ကလည်း လူသားချင်းစာနာကူညီရေးဆိုင်ရာလုပ်ငန်းတွေနဲ့လက်နက်ကိုင်ခုခံရေးတွေအတွက် ရန်ပုံငွေရှာဖွေနေကြတာပါ။ အဲဒီလိုရှာဖွေရာမှာ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ဟာ ပြည်သူ့ထောက်ခံမှု ရရှိထားပြီးဖြစ်တဲ့အပြင် ပြည်သူတွေကြား ကျွမ်းကျင်လိမ်မာတဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ခဲ့ကြတဲ့အတွက် အကျိုးရလဒ် ကြီးမားခဲ့ပါတယ်။

ဒါ့ပြင် ရန်ပုံငွေရှာဖွေရေးကို မျိုးချစ်စိတ်အရင်းခံဆောင်ရွက်မှုအဖြစ် ပုံဖော်နိုင်ခဲ့ပြီး အစဉ်အလာအရ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်မှုနဲ့ အဆက်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတွင်းမှာ မူးယစ်ဆေးတွေ ပြည်ပကို စံချိန်တင်လောက်အောင် ထွက်ရှိသွားနေချိန်မှာ မြင်တွေ့နေရတာပါ။ NUG အနေနဲ့ နည်းပညာသစ်တွေကို အသုံးချပြီး အရှေ့တောင် အာရှမှာ အတိုးတက်ဆုံးဘဏ္ဍာရေး စနစ်တွေထဲက တချို့ကို ဆွဲယူဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အရင်းခံပိုင်းမှာတော့ NUG ဟာ ပုံမှန် နိုင်ငံတစ်နိုင်ငံအဖြစ်နဲ့ ရန်ပုံငွေထူထောင်ရမှာဖြစ်ပါတယ်။ အဲဒီ ရန်ပုံငွေကို အသုံးပြုပြီး ပြည်သူနဲ့ NUG ကြား စာချုပ်တစ်ရပ် ချုပ်ဆိုရမှာဖြစ်ပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတာနဲ့ နိုင်ငံတစ်ဝန်း CDM ခေါ် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အကြမ်းမဖက်ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့အတူ ပြည်လုံးကျွတ်အထွေထွေသပိတ်အနေနဲ့ စစ်တပ်ကို အာဏာကနေ စွန့်လွှတ်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မြန်ဆန်ဆန် ထူထောင်နိုင်ခဲ့သလို တစ်ပြိုင်တည်းမှာ ၂၀၂၁ ခုနှစ် တစ်လျှောက်လုံး အဓိကဦးစားပေးက CDM ခေါ် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။ အဲဒီ လှုပ်ရှားမှုကို ပြည်တွင်းကရော၊ ပြည်ပကပါ ထောက်ခံအားပေးခဲ့ကြတာပါ။

လေ့လာချက်တစ်ရပ်အရ အနောက်နိုင်ငံတွေမှာ မြန်မာနှစ်သိန်းကျော်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှမှာ တစ်သန်းကျော်က ထောက်ခံ ခဲ့ကြတာပါ။ အားပေးမှု လိုအပ်ပေမယ့် မလုံလောက်ပါဘူး။ အထူးသဖြင့် ဖိနှိပ်မှုပြင်းထန်ပြီး အပြောင်းအလဲကို မလိုလားတဲ့ စစ်တပ်ဟာ အာဏာလက်ဆုပ်ကို ဖြေလျှော့ပေးမှာ မဟုတ်ပါဘူး။

ဒါ့ပြင် နောက်တစ်ကြောင်းကလည်း NUG အနေနဲ့ အတွင်းပြို ပြိုကျနေတဲ့ မြန်မာ့စီးပွားရေးနဲ့ ရင်ဆိုင်ခဲ့ရပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့ အခြေအနေ၊ COVID-19 ကပ်ဘေးအပေါ် စီမံခန့်ခွဲဆောင်ရွက်မှု လွဲချော်ခဲ့တာတွေ၊ အာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေးဆိုင်ရာ တလွဲစီမံမှုတွေ၊ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ့ဂျီဒီပီ ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်သွားတဲ့ အခြေအနေ၊ မြန်မာ့ကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာတွေနဲ့ ရင်ဆိုင်နေရတာပါ။

စာရင်းဇယားတွေအရ နိုင်ငံ့ လူဦးရေတစ်ဝက်ကျော်ဟာလည်း ဆင်းရဲမွဲတေမှုလိုင်းရဲ့အောက်မှာ ကျရောက်နေဆဲဖြစ်ပါတယ်။ ချုပ်ရရင် စစ်တပ်အာဏာသိမ်းမှုဟာ နိုင်ငံ့စီးပွားရေး ဆယ်နှစ်စာတိုးတက်မှုကို သုံးလေးလအတွင်း အောက်ကို ဆွဲချသွားခဲ့တာပဲဖြစ်ပါတယ်။ ပြည်တွင်း CDM ထောက်ခံသူတွေလည်း ကျဆင်းလာနေကြောင်း သတင်းက ဖော်ပြပါတယ်။

239328317_10161302522793128_2884766336278164873_n.jpg
NUG အစိုးရအား လှူဒါန်းရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရောက် မြန်မာများ စုပေါင်းပြီး ၂ဝ၂၁ ခုနှစ် သြဂုတ်လက ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပခဲ့စဉ်။ (Photo: Wyne Chit)

ဒီအတွင်း စစ်ကောင်စီက အွန်လိုင်းကတစ်ဆင့် ပြည်တွင်း ငွေကြေးလှူဒါန်းမှုတွေကို ပိတ်ဆို့နေပါတယ်။ အခုလတ်တလောမှာပဲ KBZPay နဲ့ Wave Money အမေရိကန် ဆယ်ဒေါ်လာအောက် လှူဒါန်းခဲ့ကြတဲ့ PDF ကျောင်းသားတွေကို ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

ဒီအတွင်း မြန်မာမှာ စစ်တပ်အာဏာသိမ်းအပြီး၊ အမေရိကန် ပြည်ထောင်စုက နယူးယောက်မှာ ရှိတဲ့ Federal Reserve Bank ကနေ၊ မြန်မာအစိုးရရဲ့အပ်နှံငွေ ဒေါ်လာ တစ်ဘီလီယံကို ထိန်းချုပ်လိုက်ပါတယ်။ မြန်မာအနေနဲ့ တိုကျိုနဲ့ စင်္ကာပူအပါအဝင် ပြည်ပအပ်နှံငွေ ဒေါ်လာ ၆ ဘီလီယံဝန်းကျင် ရှိမယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ NUG ကို တရားဝင်အစိုးရအဖြစ် ရှုမြင်ပေမယ့် NUG အနေနဲ့ အပ်နှံငွေထဲက တစ်ဘီလီယံကို မထုတ်ယူနိုင်သေးပါဘူး။ NUG ထိပ်ပိုင်းအနေနဲ့ အမေရိကန်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံတဲ့ အခါတိုင်း ဒီကိစ္စပြောဆိုခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။

NUG အနေနဲ့ အလှူငွေတစ်ခုတည်းအပေါ်မှာသာ အားပြုနေတာ မဟုတ်ကြောင်း၊ အာမခံဘွန်းစာချုပ်တွေ၊ ပုံမှန်အခွန်ကိစ္စတွေ၊ တင်ဒါရောင်းချမှု၊ ထီလုပ်ငန်းတွေ ရှိကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။