စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဘယ်အခြေအနေရောက်နေသလဲ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2024.01.19
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဘယ်အခြေအနေရောက်နေသလဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာ၌ တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တွေ့ရစဉ်။
Reuters

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ဒီမိုကရေစီပြန်လည်ရရှိရေး ငြိမ်းချမ်းစွာတောင်းဆိုတဲ့ ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက်မှာ မြန်မာစစ်တပ်ရဲ့ ခေတ်အဆက်ဆက် ဥပဒေမဲ့လုပ်ရပ်တွေကို လက်မခံနိုင်တော့တဲ့အတွက် မြန်မာပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲခဲ့ကြတဲ့ နွေဦးတော်လှန်ရေးဟာ အခု သုံးနှစ်ပြည့်ပါတော့မယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ ကျဆုံးမှုတွေကို ၂ဝ၂၃ ခုနှစ်နှောင်းပိုင်းကစပြီး တစ်နေ့တခြား ပိုမိုမြင်တွေ့လာနေရပါတယ်။ လက်ရှိနောက်ဆုံးအခြေအနေကို မြန်မာ့နိုင်ငံရေးနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ဖြတ်သန်းနေကြသူတွေက ဘယ်လိုသုံးသပ်ပါသလဲ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နွေဦးတော်လှန်ရေးအခြေအနေ ထူးခြားစွာ တိုးတက်နေပြီး တော်လှန်အင်အားစုတွေအကြား နားလည်မှုကလည်း ပိုမိုခိုင်မာလာနေပါတယ်၊ ညီနောင်သုံးဖွဲ့ဟာလည်း ပြည်သူတစ်ရပ်လုံးနဲ့အတူ ဆက်လက်တိုက်ပွဲဝင်နေတယ်၊ အခု ၂ဝ၂၄ ခုနှစ်ဟာ မြန်မာပြည်အတွက် သမိုင်းဝင်နှစ် တစ်နှစ်ဖြစ်လာပါလိမ့်မယ်လို့ ရှေ့တန်းတစ်နေရာကနေ RFA ကို ပြောပါတယ်။


အမေရိကန်တက္ကသိုလ်တစ်ခုမှာ နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာရေးရာပညာရပ်တွေ ပို့ချနေတဲ့ ပါမောက္ခ ဦးထွန်းမြင့်ကတော့ သုံးနှစ်အတွင်းဖြစ်ပေါ်တိုးတက်မှုတွေကို အသေအချာလေ့လာမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပါပြီ။ လက်ရှိအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရအနေ (NUG)နဲ့ မိမိရရ အသုံးချနိုင်ဖို့ပဲ လိုတော့တယ်လို့ သုံးသပ်ပါတယ်။

CDM အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်လာခဲ့တဲ့ တောင်ကြီးတက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခ ဒေါက်တာယုယုထွေးကတော့ အခက်အခဲတွေ အများကြီးရင်ဆိုင်နေရပေမယ့် အဲဒီအခက်အခဲတွေဟာ သူတို့ CDM တွေရဲ့ ယုံကြည်ချက်ကိုတော့ ထိပါးနိုင်ခြင်းမရှိပါဘူးလို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ လက်ရှိအခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။ ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင်က မြေပြင်မှာ တကယ်တိုက်နေကြရတဲ့ စစ်ကောင်စီလက်အောက်ခံ အရာရှိအကြပ် တပ်သားတွေအတွင်းမှာ အာဏာရှင်အခွင့်ထူးခံ လူတစ်စုအတွက် သူတို့အသက်တွေကို ပေးဆပ်စွန့်လွှတ်ဖို့မလိုဘူး ဆိုတဲ့အတွေးအခေါ်တွေ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေပြီဖြစ်တယ်လို့ ဝေဖန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အား ရှေ့တန်းတစ်နေရာတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Ministry of Defence - NUG)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အား ရှေ့တန်းတစ်နေရာတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Ministry of Defence - NUG)


ပြည်တွင်းပြည်ပ မြန်မာပြည်ဒီမိုကရေစီရရှိရေးလှုပ်ရှားသူ အတော်များများက အခု ၂ဝ၂၄ ခုနှစ်အတွင်း ထူးခြားတဲ့ တိုးတက်မှုတွေကို မုချကြုံတွေ့ရမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။ အခုအချိန်ထိ နိုင်ငံခြားတိုင်းပြည်တွေထံက အကူအညီတွေ ထိထိရောက်ရောက် မရရှိဘဲ နွေဦးတော်လှန်ရေး တမုဟုတ်ချင်း တိုးတက်လာတာဟာ ပြည်တွင်းပြည်ပမှာရှိတဲ့ မိမိတို့ ပြည်သူတွေရဲ့ ပါဝင်မှုအားနဲ့သာ ဖြစ်တယ်။ ဒီနှစ်အတွင်း ဖြစ်ပေါ်မယ့် တိုးတက်မှုတွေဟာလည်း မိမိတို့ပြည်သူတွေရဲ့ ပါဝင်အားစိုက်မှုအပေါ်မှာပဲ မူတည်မှာဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

တော်လှန်ရေးအသိုင်းအဝန်းမှာတော့ တစ်နေ့တခြား ပိုမိုကျယ်ပြန့်လာနေတဲ့ လက်ရှိတိုက်ပွဲတွေဟာ မကြာခင်လပိုင်းတွေအတွင်း ကျေးလက်ကနေ မြို့ကြီးပြကြီးတွေကို ရောက်ရှိလာတော့မယ်ဆိုတဲ့ တွက်ဆပြောဆိုမှုတွေ ပေါ်ထွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။