ဒီမိုကရေစီအရေး ကြိုးပမ်းကြသူအချင်းချင်း သွေးကွဲမှုတွေ ဘယ်လိုဖြေရှင်းမလဲ
2023.08.25

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မြို့ပြတချို့ကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စတင်မွေးဖွားခဲ့တဲ့ အာဏာရှင်စနစ်ဟာ နှစ်ပေါင်း ၆ဝ ကျော်အကြာမှာ ပထမဆုံးအကြိမ် ယိုင်နဲ့စပြုလာပြီလို့ ဝေဖန်သူတွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီစနစ်ဆိုးဟာ အပြီးအပိုင်ကွယ်ပျောက်သွားနိုင်သလို ပြန်လည်နာလန်ထူနိုင်တဲ့ အချက်တွေလည်း ရှိနေဆဲပဲလို့ နိုင်ငံရေးခေါင်းဆောင်တွေက ထပ်တလဲလဲ သတိပေးနေကြပါတယ်။
ဒီအတောအတွင်း နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူအချင်းချင်း ပြစ်တင်တိုက်ခိုက်မှုတချို့ကို ဒီရက်ပိုင်း ခပ်စိပ်စိပ်ကြားရပါတယ်။
စစ်ကိုင်းတိုင်းရှိ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက သူတို့ဒေသမှာ လတ်တလော ဖြစ်ပျက်နေတဲ့ကိစ္စတချို့ကို ရည်ညွန်းပြီး သူရဲကောင်းဝါဒဟာ ဒီနေ့ နွေဦးတော်လှန်ရေးရဲ့ အန္တရာယ်ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
“အစဉ်အလာလို့ ပြောမလား ယဉ်ကျေးမှုလို့ပြောမလား သီပေါမင်း ပါတော်မူပြီးကတည်းက မင်းလောင်းတွေပေါ်တာလေ အမြော်အမြင်ကြီးကြီးနဲ့ ငါတို့ စုစုစည်းစည်းနဲ့ ဘယ်လိုမဟာဗျူဟာနဲ့ တစ်ဆင့်ပြီးတဆင့်သွားမယ်ဆိုတာမျိုးထက် သူလည်း မင်းလောင်း ငါလည်းမင်းလောင်းဆိုပြီး ထလုပ်ကြတာပေါ့။ လောလောဆယ်ဆယ် တချို့အဖွဲ့လေးတွေ Chain of command တစ်ခုတည်းအောက်မှာ ခိုင်ခိုင်မာမာ မတည်ဆောက်ချင်ပဲနဲ့ ကိုယ့်အဖွဲ့လေးတွေနဲ့ကိုယ်ပဲ လုပ်ချင်တယ်ဆိုတာမျိုးကတော့ အမြော်အမြင်ရော ရင့်ကျက်မှုရော မရှိသေးတာလို့ပဲ ကျွန်တော်တော့ မြင်တယ်ဗျ။ စစ်ကိုင်းဖိုရမ်ကိုပါဖို့ ကျွန်တော်ကို ကမ်းလှမ်းတာရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် မပါဘူး၊ NUG ကို စဉ်ပြိုင်ဆိုတဲ့ပုံစံမျိုးလုပ်မှာဆိုရင် အင်အားစုကွဲမှာ ကျွန်တော်တို့ လက်မခံနိုင်ဘူး။”
ဝါရင့်တော်လှန်ရေးသမားတစ်ဦးဖြစ်ပြီး မြန်မာ့နိုင်ငံရေးကို စဉ်ဆက်မပြတ်လေ့လာနေတဲ့ ဒေါက်တာလှကျော်ဇော ကလည်း လက်ရှိတော်လှန်ရေးမှာ မဟာမိတ်များလေ ကောင်းလေဖြစ်တယ်၊ ပြည်သူလူထုကို ကောင်းစေချင်တဲ့ စေတနာတစ်ခုတည်းပေါ်မှာ ရပ်တည်ပြီး တတ်နိုင်သမျှ စည်းလုံးကြဖို့လိုတယ်လို့ ပြောပါတယ်။
“တော်လှန်ရေးတိုင်း အစပိုင်းမှာတော့ ဒီလိုမျိုးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီကနေ ကျွန်မတို့ သင်ခန်းစာယူပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါမှာ ဘုံသဘောထားတစ်ခုကို ခံယူဖို့လိုတယ်။ အမှားတွေကတော့ ရှိနိုင်ပါတယ်။ အခြေခံရိုးသားကြရင်တော့ ကိုယ့်အမှားတွေကို ပြုပြင်ပြောင်းလဲပြီးတော့ တော်လှန်ရေးတဖြည်းဖြည်းတက်ဖို့ လိုတယ်။ စစ်ကောင်စီရဲ့ ထောက်လှန်းရေးကိုလည်း လျှော့မတွက်ဖို့လိုတယ်။ သူတို့ထဲမှာလည်း ကိုယ့်လူရှိတယ်၊ ကိုယ့်ထဲမှာလည်း သူ့လူရှိနိုင်တယ်။ တချို့ပြောတာကြည့်ရင်သိနိုင်ပါတယ်ဗျာ၊ ဒီလူပြောတာ သွေးစည်းညီညွတ်ရေးအတွက်ပြောတာလား၊ ကွဲအောင်ပြဲအောင်ပြောနေတာလား၊ တော်လှန်ရေးအတွက် အကျိုးမရှိတာတွေပြောနေရင် သတိထားပေတော့၊ နောက်ပြီး အပြစ်ကို သိပ်မကြီးခင် စောစောစီးစီးဆွေးနွေးပြီး ဖြေရှင်းဖို့လိုတယ်။ ကျွန်မတို့တော်လှန်ရေးက သွားရဦးမှာ၊ တပ်ပေါင်းစုများများဖွဲ့နိုင်လေ၊ ကျွန်မတို့တော်လှန်ရေးက မြန်လေဖြစ်မှာ။ အခုလိုကွဲဟယ် ပြဲဟယ်ဖြစ်ရင် ပိုကြာပြီး ပြည်သူလူထုပဲ ပိုပြီးဒုက္ခရောက်လိမ့်မယ်။”
ဝါရင့်ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းကလည်း ပြည်သူတွေ ဒီကနေ့ ခံစားနေရတဲ့ ဆင်းရဲဒုက္ခမျိုးစုံရဲ့ အဓိကရန်သူဟာ အာဏာရှင်စစ်တပ်ဖြစ်တယ်ဆိုတာကို တော်လှန်ရေးသမားတွေ မမေ့ကြပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်။
“စစ်တပ်က နိုင်ငံရေးက အပြီးအပိုင်ထွက်သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်င်ငံက ကမ္ဘာ့အလယ်မှာ မကြာခင် ရင်ကော့ပြီးထွက်လာမယ့် နိုင်ငံဖြစ်တယ်။ ဒီအချိန်အခါဟာ ကျွန်တော်တို့အတွက် အထူးညီညွတ်ဖို့လိုတဲ့အချိန် ဖြစ်တယ်။ စစ်အာဏာရှင်တွေကို သတိထားဖို့လိုတယ်။ အချင်းချင်းသွေးခွဲ ရန်တိုက်မှုတွေကို သူတို့ဘက်က လုပ်နေကျဖြစ်တယ်။ ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်မယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာ သေချာပေါက် ကျဆုံးမှာဖြစ်ပါတယ်။ လွတ်မြောက်ရေးကိုသာ အဓိကဦးတည်ပြီး သွားကြဖို့လိုတယ်။ နောင်တစ်ချိန်မှာ အချင်းချင်း ဘယ်လိုအခက်အခဲမဆို ဝိုင်းဝန်းအဖြေရှာကြလို့ ရပါတယ်။ အခုအချိန်မှာ ညီညွတ်ကြဖို့ တိုက်တွန်းပါတယ်။”
အမေရိကန်ပြည်ထောင်စုမှာ လက်ရှိသီတင်းသုံးနေတဲ့ ဆရာတော် အရှင်ခေမိန္ဒကတော့ ဘုရားလောင်း ငုံးမင်းဇာတ်ကို ကိုးကားပြီး အခုလို ညီညွတ်ရေးတရား ချီးမြှင့်ခဲ့ပါတယ်။
“အခုဆိုရင် အခြေအနေက မြန်မာပြည်ဟာ စစ်မုဆိုးနဲ့ရင်ဆိုင်နေရတယ်။ ဗုဒ္ဓစာပေမှာ ငုံးမင်းဇာတ်ဆိုတာ ရှိတယ်။ မုဆိုးက ငှက်တွေကို ပိုက်ကွန်နဲ့ ပစ်ဖမ်းပါတယ်။ အစပိုင်းမှာ ငုံးတွေဟာ အချင်းချင်း ငြင်းခုန်တာတွေ၊ ဆင်ခြေပေးတာတွေနဲ့ပဲ အချိန်ကုန်နေကြတယ်။ အကျိုးဆက်အနေနဲ့ တကွဲတပြားဖြစ်ပြီး ငုံးများစွာ မုဆိုးလက်ကျရောက်ခဲ့ရတယ်၊ နောက်တော့ ညီလာခံလုပ်ပြီး ဆုံးဖြတ်ချက်တစ်ခုချတယ်။ အုပ်ဖမ်းလာတဲ့ပိုက်ကွန်ကြားမှာ အသီးသီးခေါင်းဝင်ပြီး ညီညီညွတ်ညွတ်နဲ့ ထပျံဖို့၊ ပျံပြီးရင် ချုံပုတ်တစ်ခုပေါ်မှာ အတူတကွဆင်းသက်ပြီး ပိုက်ကွန်ကနေ ရုန်းထွက်ဖို့ပေါ့။ ဒီနည်းဟာ တကယ်အလုပ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ငုံးအားလုံး လွတ်မြောက်သွားကြတယ်။ အခု မြန်မာပြည်မှာ စစ်မုဆိုးနဲ့ ရင်ဆိုင်နေရတယ်။ အတူပျံသန်းမယ်၊ အတူရုံးထွက်ကြမယ်။”
နွေဦးတော်လှန်ရေး အရှိန်မြင့်မားလာနေချိန်မှာ အာဏာရှင်တွေရဲ့သွေးခွဲမှုတွေနဲ့ အချင်းချင်းအာဏာလုမှုတွေကို ဒီမိုကရေစီလိုလားသူအားလုံး သတိထားကြဖို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖြတ်သန်းနေသူတွေက တိုက်တွန်းနေကြပါတယ်။