ငွေကြေးလိမ်လည်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား ၆၉ ဦးကို ယူနန် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်


2019.08.24
panghsang-622.jpg "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့ကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ဩဂုတ်လ ၂၂ ရက်နေ့က "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လူမှုကွန်ရက် ဆက်သွယ်ရေး ငွေကြေးလိမ်လည်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား ၆၉ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း UWSA ရဲ့လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ငွေကြေးလိမ်လည်မှုမျိုးစုံ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံသား ၆၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာ ငါးရက် လောက်ရှိနေပြီး ၂၂ ရက်နေ့မှသာ ပြန်လည် လွှဲပြောင်းပေးခဲ့တာ ဖြစ်ကြောင်း ဦးညီရမ်းက ပြောပါတယ်။

ရှမ်းပြည်နယ်"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ တရားဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ထောင်ဂဏန်းထိ ရှိနေပြီး စာရင်းအတိအကျကိုတော့ မသိကြောင်း ပြောပါတယ်။ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေထဲမှာ တရားဝင်နေထိုင်သူတွေ ရှိသလို တရားမဝင်နေထိုင်သူတွေလည်း ရှိနေကြောင်းပြောပါတယ်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ဖမ်းဆီးရမိမှုတွေဟာ ပထမဆုံးအကြိမ် မဟုတ်တော့ဘဲ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံသား ၂၀၀ ကျော်လောက်ကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ရကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံသား နေထိုင်မှုနဲ့ ပတ်သက်ပြီး "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့က ထိန်းချုပ်ထားကြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရတို့ နားလည်မှုစာချွန်လွှာ စည်းကမ်းချက်အရ ငွေကြေးလိမ်လည်မှု ကျူး လွန်သူ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ထံ တရားဝင် လွှဲပြောင်းပေးအပ်တာ ဖြစ် ကြောင်း ပြောပါတယ်။

တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို အထူးဒေသတွေမှာပဲ ဖမ်းဆီးရမိတာမဟုတ်ဘဲ ပြည်မထဲမှာလည်း ဖမ်းဆီးရမိတာတွေရှိကြောင်း နှစ်နိုင်ငံ သဘောတူညီမှုနဲ့ လွှဲပြောင်းပေးလိုက်ရတာတွေရှိတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က တာချီလိတ်မှာ အွန်လိုင်း လောင်းကစားလုပ်နေတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂၀၀ လောက်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပေမယ့် လဝက ဥပဒေနဲ့ အရေးယူလိုက်တာဟာ ၆၀ ကျော်သာရှိတယ်လို့ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာနဲ့အညီ စီးပွားရေးအရ ဆက်ဆံမှုတွေ တစ်နေ့တစ်ခြား ပိုမိုလုပ်ဆောင်လာတဲ့အတွက် တရုတ်နိုင်ငံသား တရားဝင်နေထိုင်မှုတွေ ရှိသလို တရားမဝင်လာရောက်နေတဲ့ တရုတ်နိုင်ငံသား စာရင်းအတိအကျ မရှိသေးပါဘူး ခင်ဗျာ။

(RFA သတင်းထောက် ကိုအောင်သိင်္ခ တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။