မုံရွာတောင်ပိုင်း ရွာတွေကို စစ်ကြောင်းဝင်နေလို့ ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာတွေကို နိုဝင်ဘာလ ၂ ရက်နေ့ ကပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။
မုံရွာတောင်ပိုင်းမှာရှိတဲ့ နဂါးတွင်း၊ နတ်စင်စု၊ ဂျိုးစု၊ သဲတိုက်၊ ချမ်းသာကျွန်း၊ ထိန်ပင်စု၊ နတ်ကြီးကျွန်း၊ ရန်နိုင်ကျွန်း၊ ဆူးလေကုန်း၊ ထန်းလေးပင် အပါအဝင် ရွာကိုးရွာလောက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေတာလို့ ဆိုပါတယ်။
"ပြည်သူတွေကတော့ စစ်ဘေးရှောင်ဦးရေ ခန့်မှန်းဝန်းကျင် သုံးထောင်လောက် ရှောင်နေရတယ်"
ဒီလိုစစ်ကြောင်းထိုးနေတာ လေးရက်ရှိနေပြီး အဲဒီနေရာတစ်ဝိုက်က ရွာတွေလည်း မီးရှို့ခံနေရတယ်လို့ မုံရွာ ဒေသခံလည်းဖြစ်၊ မုံရွာ - အမြင့်လမ်း သတင်းပြန်ကြားရေး တာဝန်ခံလည်းဖြစ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့နဲ့ဆိုရင် စစ်ကြောင်းထိုးတာက လေးရက်ရှိပြီဗျ။ မုံရွာမြို့နယ် တောပုမြောက်ပိုင်း မှာ ပျူရွာရှိတယ်ဗျာ။ ပျူရွာကနေ စစ်ကားနှစ်စီးနဲ့ အင်အား ၅၀ လောက်ကို လာချ သွားတယ်ဗျ။ တောပုရဲ့ အနောက်ဘက်က နဂါးတွင်းရွာကို စပြီးတော့ မီးရှို့တယ်။ ပါတာက အိမ်ခြေ ၁၅ အိမ်လောက် ပါသွားတယ်။ နဂါးတွင်းရွာမှာ တစ်ညအိပ်ပြီး နောက်ရက်ကျတော့ နဂါးတွင်းရွာရဲ့ အနောက်ဘက်က ရွာလေးတွေပေါ့ဗျာ။ ဂျိုးစု၊ သဲတိုက်၊ ချမ်းသာကျွန်း အဲဒီရွာလေးတွေကို ပတ်မွှေသွားပြီး မီးတွေလည်း ရှို့သွားသေးတယ်ဗျ”
နိုဝင်ဘာလ ၆ ရက် ဒီနေ့မှာလည်း ဆူးလေကုန်းနဲ့ ထန်းလေးပင်ရွာတွေ မီးဆက်ရှို့ခံနေရပြီး အဝေးကနေ မီးခိုးလုံးတွေ မြင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
နဂါးတွင်းရွာက နေအိမ် ၁၅ လုံးနဲ့ သဲတိုက်ရွာကငါးလုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဆူးလေကုန်း နဲ့ ထန်းလေးပင် ရွာတွေကတော့ လက်ရှိမီးရှို့ခံနေရဆဲဖြစ်လို့ အရေအတွက်အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာ လူထုသပိတ်ကော်မတီအဖွဲ့ဝင် ကိုကာကတော့ နိုဝင်ဘာလ ၄ ရက်နေ့မှာ နဂါးတွင်းရွာကိုဝင်တဲ့ စစ်ကောင်စီတပ်ဟာ ရွာကိုမီးရှို့တဲ့အပြင် ရွာထဲကပစ္စည်းတွေကိုပါ ဖျက်ဆီးယူဆောင်သွားတယ်လို့ RFA ကို ပြောပါတယ်။
“၄ရက်နေ့က နဂါးတွင်းရွာကို ဝင်တယ်။ အိမ်ခြေ ငါးလုံးထက်မနည်း မီးရှို့ဖျက်ဆီး သွားတယ်။ ရွာထဲမှာရှိတဲ့ ဆန်အိတ်တွေကိုလည်း ပျူရွာကကောင်တွေက ဝင်ပြီးတော့ ယူသွားတယ်။ ညနေပိုင်းမှာ Local အဖွဲ့တွေက ထိတွေ့မှုလေး နည်းနည်းဖြစ်လိုက် သေးတယ်။ ထိတွေ့မှုဖြစ်တဲ့အတွက် သူတို့က မထွက်ဘဲနဲ့ နောက်ရက်မှာ ဂျိုးစုဘက်ကို စစ်ကြောင်းထပ်ပြီးတော့ ထိုးခဲ့တယ်။ ဂျိုးစုဘက်မှာ အိမ်နှစ်လုံးနဲ့ တဲတိုင်လေးတွေကို မီးရှို့ဖျက်ဆီးသွားတယ်။ စတိုးဆိုင်တစ်ခုက ပစ္စည်းတွေကိုလည်း အကုန်ယူသွားတယ်၊ ဖျက်ဆီးသွားတယ်လို့ ကျနော်တို့ သတင်းရထားတယ်”
အဲဒီစစ်ကြောင်းဟာ မုံရွာအခြေစိုက်တပ်ရင်းတွေထဲက ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး တောပုရွာက ပျူစောထီးတွေနဲ့ပေါင်းရင် အင်အား ၁၅၀ လောက်အထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၆ ရက် ဒီနေ့မနက်အစောပိုင်းမှာလည်း မုံရွာ-အမြင့် ကားလမ်းနားက ရန်နိုင်ကျွန်းနဲ့ ထန်းလေးပင်ရွာအကြား ကိုင်းတောထဲမှာ အသက် ၂၅ နှစ်ခန့်ရှိကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရုပ်အလောင်းနှစ်ခု တွေ့ခဲ့တယ်လို့ မုံရွာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မုံရွာခရိုင်တပ်ရင်းရဲ့ သတင်းတာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အထိခိုက်ကတော့ ဒေသခံ ကာကွယ်ရေးတပ်သားတွေ နှစ်ယောက်ရဲ့ ရုပ်အလောင်း (Dead Body) တော့ တွေ့ထားပြီ။ အဲဒီ ရန်နိုင်ကျွန်းနဲ့ ထန်းလေးပင် ကြားထဲပေါ့။ အဲဒီမှာ ကိုင်းတောတွေရှိတယ်။ ကမ်းနားလမ်းဘေး တစ်လျှောက်၊ ကမ်းနားကိုင်း ခြုံလေးထဲမှာတွေ့တာ။ ပြည်သူတွေကတော့ စစ်ဘေးရှောင်ဦးရေ ခန့်မှန်းဝန်းကျင် သုံးထောင်လောက် ရှောင်နေရတယ်။ အနီးနား ပတ်ချာလည်ရွာတွေပေါ့နော်။ အကုန်လုံး ရှောင်နေရတယ်”
စစ်ကောင်စီတပ်ဟာ မုံရွာခရိုင်ထဲမှာ စစ်ရေးစီမံချက်ကို ပြင်းပြင်းထန်ထန်လုပ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေချနိုင်မယ့်နေရာတွေနဲ့ တောတိုက်တွေကို စီးနင်းဝင်ရောက်မှု ပိုများလာတယ်လို့ ဆိုပါတယ်။
ဒေသခံတွေကတော့ စစ်ကြောင်းဝင်လာမယ် မထင်တာကြောင့် ဘာပစ္စည်းမှမယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးခဲ့ရလို့ စားဝတ်နေရေးနဲ့ ကျန်းမာရေးပါ ခက်ခဲနေတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တချို့ဆို ညကြီးကျမှ ထွက်ပြေးကြရတာ။ ခါးအဝတ်အစားနဲ့ တချို့ဆို ဖိနပ်တောင် မပါဘူး။ လိုအပ်ချက်ကတော့ အများကြီးရှိပါတယ်။ နေတာကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေများတယ်။ တချို့ကတော့ နီးစပ်ရာ ကိုယ့်ဆွေမျိုး သားချင်း တွေဆီပေါ့လေ။ အခုချိန်ကတော့ ကျန်းမာရေး မကောင်းတဲ့သူ ခါတိုင်းထက်စာရင် ပိုတယ်လို့ပြောရမယ်။ ပြေးကြတာ ရာသီအကူးအပြောင်းဆိုတော့ အေးတဲ့အပိုင်းလည်း ပါမယ်။ ဖျားတာတွေတော့ တော်တော်လေးရှိတယ်”

လက်ရှိ စစ်ကြောင်းဟာ ရွာတွေထဲမှာပဲ ရှိနေသေးလို့ ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးတာကြောင့် အချိန်ကြာလာရင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ် တွေ နေထိုင်ရေးအခက်အခဲရှိလာနိုင်တယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ အရပ်သား တွေရဲ့ နေအိမ်တွေကို မီးရှို့တာမျိုး မလုပ်ဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး တာ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းနောက်ပိုင်းကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ပေါင်း ၂၀,၁၅၃ လုံးနဲ့ အများဆုံး ဆုံးရှုံးနေတာဖြစ်ပါတယ်။