စစ်ကောင်စီ အဏုမြူလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းမှု သိသာထင်ရှားလာ

2022.09.09
စစ်ကောင်စီ အဏုမြူလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းမှု သိသာထင်ရှားလာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံ အဏုမြူကော်ပိုရေးရှင်း တာဝန်ရှိသူတွေ စက်တင်ဘာ ၆ ရက်နေ့က တွေ့ဆုံပြီး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြစဉ်
Photo: Myanmar Military

ရုရှားနိုင်ငံက ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့တဲ့ မြန်မာစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အဖွဲ့ဟာ စက်တင်ဘာ ၆ ရက်နေ့က ရုရှားနိုင်ငံ အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက် ရေးနဲ့ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် ရေးဆွဲရေး ကိစ္စတွေကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရုရှားဘက်က အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations) ရဲ့ အမှုဆောင် အရာရှိချုပ် Mr- Alexey Likhachev နဲ့ စစ်ကောင်စီဘက်က သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်တို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

စစ်ကောင်စီကတော့ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါး ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် အကျိုးရှိစွာ အသုံးချမယ်လို့ ရုရှားမှာ သဘောတူလက်မှတ်ထိုးတဲ့ စက်တင်ဘာ ၆ ရက် ညမှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“အနောက်နိုင်ငံတွေနဲ့ သိပ်ပြီးအဆင်မပြေတဲ့ နိုင်ငံတွေဟာ ကိုယ်ကိုယ်တိုင်က အဏုမြူ ရှိမှ သူများက လေးစားမယ် ခန့်ညားမယ်လို့ တွက်ပုံရတယ်"

အခုလို အချိန်မျိုးမှာ အဏုမြူစက်ရုံတည်ဆောက်မယ့် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်နိုင်ဖို့အတွက် အဏုမြူလက်နက် ပိုင်ဆိုင်ရေးကို တဖြည်း ဖြည်းချင်း ကြိုးစားလာတာ ထင်ရှားတယ်လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်း က RFA ကို ပြောပါတယ်။

“သူတို့ နျူကလီးယားလက်နက်ထုတ်ရင် ထုတ်မယ့် အနေအထားကို ရည်ရွယ်ပြီး လမ်းကြောင်းသွားတာတော့ နည်းနည်းချင်းစီတော့ ပေါ်လာတာပေါ့၊ နောက်ပြီးတော့ ဒီလက်နက်ကို လျှပ်စစ်ထုတ်ရင်းနဲ့ လိုအပ်ရင် လိုအပ်သလို နိုင်ငံခြားက ပညာရှင်တွေ နဲ့ပေါ့။ နောက်ပြီးတော့ ပြည်တွင်းမှာ ပညာသင်ပေးထားတဲ့ နျူကလီးယားနဲ့ သက်ဆိုင် တဲ့ ရုရှားမှာ ပညာသင်တဲ့အဖွဲ့တွေလည်း ရှိတယ်။ ပြည်တွင်းမှာဆိုရင်လည်း ကျောင်း ပြီးထားတာတွေ ဘာတွေရှိတာပေါ့ စစ်တပ်ထဲမှာ။ အဲဒီလိုမျိုးအဖွဲ့တွေနဲ့တော့ ဆောင်ရွက်သွားဖို့ လမ်းကြောင်းတော့ နည်းနည်းချင်းစီတော့ ပေါ်လာတာပေါ့။ သူ့ အနေနဲ့ အာဏာကို ပိုပြီးတော့ ဆုပ်ကိုင်ထားပြီးတော့ အကြောက်တရားနဲ့ပေါ့၊ သူ့မှာ ဘာရှိတယ် ညာရှိတယ်ဆိုပြီးတော့ အဲဒီလိုမျိုး ပိုပြီးတော့ လုပ်ချင်တဲ့ အနေအထားတော့ ရှိမယ်”

အရင်စစ်အစိုးရအဆက်ဆက် ကြိုးစားလာခဲ့တဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အိမ်မက်ကို လက်ရှိ စစ်ကောင်စီက ဆက်လက် အကောင်အထည်ဖော်နေတာလို့လည်း သူက ဆိုပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ထိန်းချုပ်မှု အောက်ကနေသာ သွားမယ်ဆိုရင် နျူကလီးယားလက်နက် အတွက် စိုးရိမ်နေစရာ မလိုဘူးလို့ ပြောပါတယ်။

“နျူကလီးယားလက်နက်ဆိုတော့ ကြောက်ကြလန့်ကြတာတော့ လူတွေက အများကြီး ပါပဲ။ ဒါပေမဲ့ ကြောက်လန့်နေတဲ့ နိုင်ငံကိုလည်း နျူကလီးယား မလုပ်အောင်ဆိုပြီး သူတို့ဝိုင်းကူညီပေးကြတာ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို အပြည့်အဝရမယ်ဆိုရင် နျူကလီးယား ဓာတ်ပေါင်းဖိုဆောက်တယ်ဆိုတာ ဘာမှခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး။ အများသူငှာ ကြောက်နေကြ တဲ့ နျူကလီးယားဖြစ်နိုင်မလားဆိုတဲ့ ကိစ္စရပ်ကလည်း နိုင်ငံတကာ အဏု မြူစွမ်းအင်အေဂျင်စီရဲ့ ထိန်းချုပ်မှုအောက်ကနေ သုံးစွဲပြီးသား လောင်စာတောင့် အကြွင်းအကျန်ကို ရုရှားကို ပြန်ပို့ပေးမယ်ဆိုရင် ဘာမှ ခက်အခဲမရှိဘူး။ ဖြေရှင်းစရာ အများကြီးရှိတဲ့အတွက် သူတို့စိုးရိမ်တဲ့ကိစ္စ ကျနော်တို့ ထည့်တွက်စရာ အကြောင်းတော့ မရှိဘူး”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းထားတဲ့ ၁၉ လအတွင်း ရုရှားနိုင်ငံကို သုံးကြိမ်သွားရောက်ခဲ့ပြီး ဇူလိုင်လအတွင်း သွားရောက်ခဲ့တဲ့ ဒုတိယအကြိမ်ခရီးစဉ် ကတည်းက ရုရှားနိုင်ငံ အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations) ကို သွားရောက်လည်ပတ်၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးခဲ့တာပါ။

အဲဒီဆွေးနွေးချက်တွေကို အခု စက်တင်ဘာလဆန်း တတိယအကြိမ် ခရီးစဉ်ကျမှ သဘောတူ လက်မှတ်ထိုးလိုက်တာပါ။ တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ကတော့ အခုလို တိုင်းပြည်စီးပွားရေး နိမ့်ကျယိုယွင်းနေချိန်မှာ ရိုးရိုးသားသား လျှပ်စစ်ဓာတ်အားထုတ်မယ်ဆိုရင် ပြည်တွင်းက ဈေးချိုချိုနဲ့ အလွယ်တကူ ရနိုင်တဲ့ သဘာဝရင်းမြစ်တွေကိုသာ သုံးစွဲသင့်တယ်လို့ ထောက်ပြပါတယ်။

ဒီလိုအချိန်မှာ ကုန်ကျစရိတ် အင်မတန်များပြီး အန္တရာယ်ကြီးတဲ့ နျူကလီးယားဓာတ် ပေါင်းဖို တည်ဆောက်ဖို့ ဆုံးဖြတ်တာဟာ ပြည်သူ့မျက်နှာကို မကြည့်ဘဲ စစ်ကောင်စီရဲ့ ကိုယ်ကျိုးကြည့်တဲ့လုပ်ရပ်လို့ ဒေါက်တာ လှကျော်ဇော က ဝေဖန်ပါတယ်။

“အနောက်နိုင်ငံတွေနဲ့ သိပ်ပြီးအဆင်မပြေတဲ့ နိုင်ငံတွေဟာ ကိုယ်ကိုယ်တိုင်က အဏုမြူ ရှိမှ သူများက လေးစားမယ် ခန့်ညားမယ်လို့ တွက်ပုံရတယ်။ ပြည်သူလူထုအပေါ်မှာ တကယ်စေတနာရှိရင် ပြန်ပြည့်မြဲစွမ်းအင်တွေဘက်ကပဲ ကောင်းကောင်းမွန်မွန် ဒီဟာတွေနဲ့ ပေးလို့ရတာပဲလေ။ အဲဒါကို မလုပ်ဘဲနဲ့ ဒီဥစ္စာကြီးက အကုန်အကျလည်း များတယ်။ ဘေးအန္တရာယ်လည်း ကြီးတယ်။ အခြေခံအဆောက်အဦလည်း တိုင်းပြည်မှာ ဘာမှလည်း ရှိတာမဟုတ်ဘဲနဲ့ ခြေလှမ်းကျဲ လုပ်တာကိုတော့ ကျမတို့ သိပ်နားမလည် ဘူး။ ဒီလူတွေ သူတို့ကိုယ်ကျိုးကလွဲလို့ တခြားဘာမှ စဉ်းစားပုံမရဘူးဆိုတာ ပိုရှင်းတာ ပေါ့ဗျာ။ ဒါပါပဲ”

ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations) ဘက်ကတော့ နျူကလီးယားစွမ်းအင်နယ်ပယ်မှာ ရုရှား - မြန်မာ ပူးပေါင်းဆောက်ရွက်မှုအတွက် အခု စာချုပ်က အထောက်အကူဖြစ်ပြီး အသေးစားနျူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ စက်တင်ဘာ ၆ ရက်နေ့က ရုရှား အခြေစိုက် သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖိုဆောက်ရင် ဒေသတွင်း အာဆီယံနိုင်ငံတွေ ကလည်း စိုးရိမ်စိတ်နဲ့ မျက်ခြေမပြတ် စောင့်ကြည့်လာလိမ့်မယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံ ရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

“အာဆီယံထဲမှာ ဒီလိုမျိုးလုပ်တယ်ဆို အာဆီယံနိုင်ငံတွေကတော့ ဒီပေါ်မှာ စိုးရိမ်မှုတွေ ရှိလာနိုင်တယ်။ စိုးရိမ်မှုက နျူကလီးယားလက်နက်တစ်ခုတည်းတင် မဟုတ်ဘူး။ သူ့ရဲ့ safeguarding ပေါ့ သူ့ရဲ့ လုံခြုံရေးက အရမ်းအရေးကြီးတယ်။ အဲဒီကနေ ဓာတ်ပေါင်းဖို တစ်ခုခုဖြစ်လို့၊ အဲဒီက ဓာတ်သတ္တုကြွတာတွေ ဘာတွေဖြစ်တယ် ဆိုလို့ရှိရင် ဒါက ဗမာ ပြည်တစ်ခုတည်းမဟုတ်ဘူးလေ၊ Regional တစ်ခုလုံးမှာ ထိခိုက်နိုင်တဲ့ဟာမျိုးဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကတော့ မျက်စိထောင့်ထောက်ကြည့်ပြီး ဝေဖန် တာတွေ၊ ဆွေးနွေးတာတွေလည်း ဖြစ်လာနိုင်ပါတယ်”

မြန်မာစစ်တပ်ဟာ အရင်စစ်အစိုးရအဆက်ဆက် လက်ထက်ကတည်းက နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးပမ်းလာတာ ဒီကနေ့အထိပဲလို့လည်း ပြည်တွင်းပြည်ပ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

၁၉၉၉ ခုနှစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းက အဏုမြူ ဓာတ်ပေါင်းဖို တည်ဆောက်ရေး အတွက် ရုရှားနိုင်ငံနဲ့ စတင်ညှိနှိုင်းခဲ့ပြီး ၂၀၀၂ မှာ ပျက်ပြယ်သွားတယ်၊ ၂၀၀၇ ခုနှစ်မှာတော့ နျူကလီးယား သုတေသနဌာနတစ်ခု မြန်မာ နိုင်ငံမှာ ဖွင့်လှစ်ဖို့ ရုရှားနဲ့ သဘောတူခဲ့တယ်လို့ စက်တင်ဘာ ၈ ရက်နေ့ Asia News သတင်းက ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာစစ်အစိုးရဟာ သူ့ရဲ့ နျူကလီးယားအစီအစဉ် တိုးတက်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံနဲ့ စတင်ဆက်ဆံခဲ့ပြီး၊ အဲဒီအချိန်က မြန်မာစစ်တပ်မှာ အာဏာအရှိ ဆုံး သူတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဟာ ၂၀၀၈ ခုနှစ်က ပြုံးယမ်းမြို့ကို သွား ရောက်ပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးပိုင်ဆိုင်မှုတွေနဲ့ ဒုံးလက်နက်စက်ရုံတွေကို လေ့လာ ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး ကြိုးစားခဲ့ဖူးကြောင်း အဲဒီကိစ္စတွေကို အသေးစိတ်သိရှိထားတဲ့ စစ်တပ်အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းက ၂၀၁၀ ပြည့်နှစ်မှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို လူသိရှင်ကြား ဖွင့်ချခဲ့ဖူးပါတယ်။

russia-minaunghlaing.jpeg
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတအကြံပေး၊ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူးတို့ စက်တင်ဘာလ ၇ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)

ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ ရုရှားနိုင်ငံမှာ အဏုမြူစွမ်းအင်ဘာသာရပ်ကို မဟာသိပ္ပံဘွဲ့ ရတဲ့ အထိ ဆည်းပူးခဲ့သူပါ။ အာဏာရှင်တိုင်းက နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ပြီး ရင် အဏုမြူလက်နက် ထုတ်လုပ်ရေးကို ဆက်လုပ်ကြတယ်၊ အခုလည်း စစ်ခေါင်းဆောင် က ရုရှားအကူအညီနဲ့ အဏုမြူလက်နက် ပိုင်ဆိုင်ဖို့ စတင်အကောင်အထည်ဖော်လာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။

“နျူကလီးယားဓာတ်ပေါင်းဖို ရပြီးလို့ရှိရင် အဏုမြူလက်နက် ထုတ်လုပ်ရေးဆီကို သွား ကြတာချည်းပါပဲ။ အဲဒါက ဗမာပြည်မှ မဟုတ်ပါဘူး။ မင်းအောင်လှိုင်ကလည်း သူရဲ့ စစ်အာဏာရှင်စနစ်ကို ရေရှည်မှာ အမေရိကန်နဲ့ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားဖို့အတွက် ရည်ရွယ်ချက်ထားပြီးတော့ အခု အဏုမြူ စီမံကိန်းဆိုတာကို အကောင်ထည်ဖော်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုရှားလို နိုင်ငံက ဗမာပြည်နဲ့ အဏုမြူလက်နက် တည်ဆောက်ဖို့အတွက် ကူညီပေးမယ် ဘာညာ ဆိုတဲ့ ကိစ္စတွေ ပြောဆိုကြ၊ စာချုပ်ချုပ်ကြတာ ဖြစ်ပါတယ်”

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်မှာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေးစာချုပ်နဲ့ ၂၀၁၈ ခုနှစ်မှာ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်တွေကို လက်မှတ်ရေးထိုးထားပါတယ်။

worldpopulationreview.com ဝက်ဆိုက်ရဲ့ ၂၀၂၂ ခုနှစ် စာရင်းအရ လက်ရှိ ကမ္ဘာကြီးမှာ အဏုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံပေါင်း ကိုးနိုင်ငံ ရှိပြီး အဲဒီထဲမှာ ရုရှား၊ အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အစ္စရေးနဲ့ မြောက်ကိုးရီးယားနိုင်ငံတို့ ပါဝင်ပါတယ်။ အဲဒီ ကိုးနိုင်ငံအနက် ရုရှားနိုင်ငံဟာ အဏုမြူလက်နက်မျိုးစုံ ခြောက်ထောင် ကျော် ပိုင်ဆိုင်ပြီး ထိပ်ဆုံး နံပါတ် (၁) နေရာ မှာ ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။