သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.08.19
သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခလရ ၁၄၈ အား သိမ်းယူပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က မဟာမိတ်အဖွဲ့ဝင်များအား တွေ့ရစဉ်။
မိုးကုတ်ဗျူဟာ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းကနေလည်း နေ့စဥ် ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ခုနစ်မိုင်၊ ကိုးမိုင်၊ ဝါးဖြူတောင်၊ တွင်းငယ်၊ ချောင်းကြီးရွာအပြင် သပိတ်ကျင်းမြို့ပေါ်က နေအိမ်တွေနဲ့ အဆောက်အအုံတွေပါ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“သပိတ်ကျင်းမြို့ရဲ့ သုံးပုံတစ်ပုံခန့် ပျက်နေသလို မြို့ခံအချို့လည်း ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပိတ်ကျင်း ဒေသခံတစ်ဦးက သြဂုတ် ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ Y-12 ထောက်ပို့လေယာဥ်နဲ့ ဗုံးအလုံးရေ ခြောက်ဆယ်ကျော် လာရောက်ပစ်ခတ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“နေ့တိုင်း နှစ်ခေါက် သုံးခေါက်ထက်တော့ မနည်းဘူး။ Y-12 နဲ့ဆို မနေ့က အလုံး ခြောက်ဆယ်ကျော်ချတာ။ ကျန်နေတဲ့ အထိုင်တပ်စခန်းတွေ ရဖို့အတွက် တိုက်နေကြတာလည်း ရှိတယ်။ လက်ရှိအခြေအနေအထိ တိုက်ပွဲကတော့ တော်တော် ပြင်းထန်နေတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးတဲ့ နေအိမ်တွေလည်း အများကြီးရှိတယ်”

သြဂုတ် ၁ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်တစ်ရာနီးပါး လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သာသနိကအဆောက်အအုံနဲ့ နေအိမ်တချို့ မီးလောင်ခဲ့ပြီး သပိတ်ကျင်းမြို့ရဲ့ သုံးပုံတစ်ပုံခန့် ပျက်နေသလို မြို့ခံအချို့လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Min Khant Kyaw)
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Min Khant Kyaw)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် သပိတ်ကျင်းဒေသခံတစ်ဦးကလည်း ဒီနေ့မနက်ပိုင်း ကျောက်ကြီး နည်းပညာတပ်အနားမှာ တိုက်ပွဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ဒီမနက်က အိမ်နဲ့ဆက်သွယ်ရတာတော့ လေယာဥ်သံ ကြားတာနဲ့ ပြေးပုန်းတော့တာပဲတဲ့။ မိုးလင်းမိုးချုပ် တိုက်ပွဲသံပဲ ကြားနေရတယ်လို့ ပြောတယ်။ ဒီမနက်တော့ ကျောက်ကြီး နည်းပညာတပ်နားမှာ ဖြစ်နေကြတယ်လို့ ပြောတယ်။ ဖုန်းလိုင်းတွေက ဆက်သွယ်ရတာ ခက်နေတော့ ဒုက္ခရောက်နေတာ”

လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးမှုရှိပေမဲ့ ဆက်သွယ်ရေး အခက်အခဲကြောင့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ကတော့ သပိတ်ကျင်းမြို့နယ်က ခလရ (၁၄၈) အပါအဝင် ကျောက်ဖြူ၊ လိပ်ကျ၊ ကွင်းသုံးဆယ်၊ လက်ပံပြန့်၊ ဖိုကုန်း၊ ဝက်သေနဲ့ ဖက်ရှည်ရွာက တပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ သြဂုတ်လ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


ဆက်နွှယ်သောသတင်းများ

မန္တလေးကို ဦးတည်လာတဲ့ မဟာဗျူဟာထိုးစစ်

မန္တလေးတိုင်းက မြို့သုံးမြို့မှာ စစ်ကောင်စီယန္တရား ရပ်ဆိုင်း

မြန်မာ့ငြိမ်းချမ်းရေး တရုတ်ကြိုးပမ်းမှု အောင်မြင်နိုင်မလား


သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးကလည်း မြို့ရဲ့နေရာတော်တော်များများကို ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ RFA ကို ပြောပါတယ်။

“သပိတ်ကျင်းထဲမှာ ကျွန်တော်တို့အဖွဲ့တွေ ရှင်းလင်းရေး ဝင်နေပြီ။ တချို့နေရာတွေတော့ နေရာမနှံ့သေးဘူးပေါ့။ ကျွန်တော်တို့ နယ်မြေစိုးမိုးနေပြီ။ ရာနှုန်းပြည့်လို့တော့ ဆိုလိုလို့ မရသေးဘူးပေါ့။ ရဲစခန်းနဲ့ သူတို့ဘန်ကာ နေရာတွေမှာ ရှင်းလင်းရေး လုပ်ပြီးပြီး။ လောလောဆယ်တော့ အတည်ပြုပြီးတော့ မပြောနိုင်သေးဘူးဗျ”

ကျန်နေတဲ့ မြို့ဦးတောင် တပ်စခန်း၊ ခုနစ်မိုင်အခြေစိုက် အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ- ၂)၊ တွင်းငယ်အခြေစိုက် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) နဲ့ ကျောက်ကြီး နည်းပညာတပ်နားမှာ ဒီနေ့အထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် သပိတ်ကျင်းဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အခြေအနေအသေးစိတ်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သပိတ်ကျင်းခရိုင်ထဲက သပိတ်ကျင်းမြို့ကလွဲပြီး တကောင်း၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့တွေကို တအာင်းတပ် (TNLA) နဲ့ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပါတယ်။

တိုက်ပွဲအခြေအနေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က တာဝန်ရှိသူ ကိုအော်စမွန်ကိုလည်း တိုက်ပွဲအခြေအနေ အသေးစိတ်သိရဖို့ RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

(မှတ်ချက်။ ။ နောက်ထပ် ဒေသခံတစ်ဦးနှင့် ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။