မန္တလေးကို ဦးတည်လာတဲ့ မဟာဗျူဟာထိုးစစ်

RFA Burmese
2024.07.11
မန္တလေးကို ဦးတည်လာတဲ့ မဟာဗျူဟာထိုးစစ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် တွေ့ရစဉ်။
PSLF/TNLA News

တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်ကျော်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုမြို့ကို ဇူလိုင်လ ၁၀ ရက် မနေ့က ပထမဆုံး သိမ်းပိုက်ခဲ့ပါတယ်။

နောင်ချိုမြို့ဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကားလမ်းမအတွက် အရေးပါတဲ့မြိုဖြစ်ပါတယ်။

တစ်ကျော့ပြန်စစ်ဆင်ရေးစတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ် စတဲ့မြို့တွေနဲ့ မန္တလေးတိုင်း မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာမြို့တွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲ ပြင်းထန်နေတာပါ။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းက အရေးပါတဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဇူလိုင်လ ၃ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မန္တလေးတိုင်းကို ထိုးဖောက်ဝင်ရောက်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို စတင်နေပြီလို့ ပြောလို့ရပါတယ်"

စစ်ဆင်ရေးဆောင်ရွက်နေတဲ့နေရာတွေဟာ မန္တလေးမြို့ရဲ့ အဓိက ဝင်ပေါက်ဖြစ်တဲ့ မိုးကုတ်-မန္တလေး နဲ့ လားရှိုး - မန္တလေး လမ်းမတစ်လျှောက်မှာ ရှိနေတာပါ။ လက်ရှိစစ်ဆင်ရေးတွေဟာ ဘယ်အတိုင်းအတာအထိ ကျယ်ပြန့်လာမလဲဆိုတာကတော့ ပူးပေါင်းနေတဲ့ မဟာမိတ်တွေအပေါ် မူတည်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့ ဒီအာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ဖျက်ဖို့ ဆိုရင် နွေဦးတော်လှန်ရေးနဲ့အတူ တခြားသော တော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းပြီးတော့မှ ဒီတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်တယ်။ အဓိက တိုက်ပွဲသည် ဘယ်အထိ သွားမှာလဲ။ ဘယ်လောက်အထိ ခရီးရောက်မလဲ ဆိုတာက ပူးပေါင်းတော်လှန်မဲ့ တော်လှန်ရေး တပ်ဖွဲ့တွေမှာ မူတည်ပါတယ်“

အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့နဲ့ ဒေသခံ လူထုတွေကို ကာကွယ်ဖို့အတွက်လည်း ၁၀၂၇ စစ်ဆင်ရေးကို ပြန်လည်စတင်လိုက်တာလို့ လွေးယေဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကပြုလုပ်ခဲ့တဲ့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲမှာ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ် မကြာခင် စတင်တော့မယ့်အကြောင်း သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အခုတော့ မြေပြန့်အညာဒေသရဲ့ ဝင်ပေါက်ဖြစ်တဲ့ မန္တလေးတိုင်းကို TNLA နဲ့ ပူးပေါင်းပြီး မဟာဗျူဟာ ထိုးစစ်ကို စတင်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မဟာဗျူဟာ ထိုးစစ်အစိတ်အပိုင်းတစ်ခုအနေနဲ့ မြေပြန့်ဒေသကို ထိုးဖောက်ဝင်ရောက်တဲ့ကိစ္စမှာ အဓိကဝင်ပေါက် တစ်ခုဖြစ်တဲ့ မန္တလေးတိုင်းကို ထိုးဖောက်ဝင်ရောက်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးကို စတင်နေပြီလို့ ပြောလို့ရပါတယ်"

စဉ့်ကူး၊ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းတွေကို ဆက်တိုက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူကလွဲပြီး မြေပြင်ထိုးစစ်ဆင်နိုင်တာ မရှိတော့ဘူးလို့လည်း သူက ပြောပါတယ်။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ကောင်စီ တပ်စခန်း ၁၁ ခုနဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၂၅ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆင်ရေးကို ခိုင်မာတဲ့ရည်မှန်းချက်တွေနဲ့ ဆောင်ရွက်နေတာလို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့နဲ့ ဒီမဟာမိတ် တိုင်းရင်းသားအဖွဲ့တွေကြားမှာ တိကျခိုင်မာတဲ့ စစ်ရေးပစ်မှတ်တွေ၊ စစ်ရေး ရည်မှန်းချက်တွေ ရှိပါတယ်။ ဒီရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်ဖို့ကိုလည်း တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေတာ ရှိပါတယ်“

လက်ရှိမှာ စစ်ကောင်စီအတွက် ဘဏ္ဍာတွေ ရရှိနေတဲ့ ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ အနောက်ခြမ်းကိုလည်း TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီး မြို့အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေပါတယ်။

လက်ရှိတိုက်ပွဲ အခြေနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNLA တို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သူတို့အနေနဲ့ မြို့ရွာတွေ၊ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံစေရေးအတွက် အထူးအလေးထားပြီး ဆောင်ရွက်သွားမယ်လို့ မနေ့က ထုတ်ဝေတဲ့ နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

မန္တလေးမြို့ဘက်ကို တဖြည်းဖြည်းတိုးဝင်လာတဲ့ ထိုးစစ်တွေကို မဟန့်တားနိုင်ရင် မြို့ပေါ်အထိ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းက သုံးသပ်ပါတယ်။

"တဖြည်းဖြည်း တိုးလာတာ။ တိုးလာတာက ကျွန်တော် ထင်တယ်လေ။ အနည်းဆုံးတော့ မန္တလေးလောက် အထိတော့ ကြိုးစားနိုင်တယ်။ ဒါတွေက တကယ့်တကယ် ဆိုရင်တော့ မထိန်းနိုင်ဘူး ဆိုရင်တော့ မန္တလေးလောက်အထိကို စစ်မီးလောင်လာနိုင်တဲ့ အနေအထား ရှိတယ်"

ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မန္တလေးမြို့အထိ စစ်ရေးဖော်ဆောင်လာနိုင်ပေမဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုတော့ သိမ်းနိုင်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က အမြောက်တပ် (၆၀၆) မှ သိမ်းဆည်းရမိခဲ့သည့် စစ်လက်နက်ပစ္စည်းများကို တွေ့ရစဉ်။ (Photo: Telegram/ Mandalay People’s Defence Force)
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က အမြောက်တပ် (၆၀၆) မှ သိမ်းဆည်းရမိခဲ့သည့် စစ်လက်နက်ပစ္စည်းများကို တွေ့ရစဉ်။ (Photo: Telegram/ Mandalay People’s Defence Force)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေဟာ တရုတ်ပိုးလမ်းမစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကူမင်း-မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်း အကောင်အထည်ဖော်မဲ့ ဒေသတွေထဲ ပါဝင် ပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတည်းက တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတာတွေ ရှိနေတယ်လို့ TNLA က RFA ကို ဇူလိုင်လ ၃ ရက်နေ့က ပြောဆိုထားပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရအနေနဲ့ အခုဖြစ်ပွားနေတဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်လို့ ကြားဝင်ဆောင်ရွက်ဖွယ်မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။

“တရုတ်အနေနဲ့က စစ်ကောင်စီကို အလိုမကျတာတွေ ရှိပါတယ်။ စစ်ကောင်စီခေါင်းဆောင်တွေကို ဒီနေ့အထိ အသိမှတ်ပြုတဲ့ သဘော တရုတ်ဖက်မှာ မရှိပါဘူး။ ဒါကြောင့် စစ်ကောင်စီ ပြုတ်ကျသွားလည်း တရုတ်က သူ့အကျိုးစီးပွား မထိခိုက်အောင် ကျန်တဲ့ အင်အားစုတွေကိုလည်း သူက ဘက်တစ်ဖက်ကနေ ပံ့ပိုးနေတာ ရှိပါတယ်။ ဒါကြောင့် စစ်ကောင်စီ ပြုတ်သွား မပြုတ်သွားဆိုတဲ့ကိစ္စ သူ့အကျိုးစီးပွားအတွက် မဆိုင်ဘူးလို့ ထင်ပါတယ်"

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြို့ ပေါင်း ၂၀ ခန့်နဲ့ နယ်စပ် ကုန်သွယ်ရေးဂိတ်နှစ်ခုကို ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်အစိုးရရဲ့ ကြားဝင် စေ့စပ်မှုကြောင့် ဟိုင်ဂင် အပစ်ရပ်စာချုပ်ချုပ်ဆိုပြီး တိုက်ပွဲရပ်တန့်ခဲ့ပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နဲ့ မန္တလေး တိုင်း မိုးကုတ်မြို့တွေမှာ ဒေသခံ ငါးသိန်းဝန်းကျင်ခန့် ဘေးလွတ်ရာကို နည်းလမ်းမျိုးစုံနဲ့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းလူမှုကူညီရေးအသင်းတွေက ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။