မြန်မာ့ငြိမ်းချမ်းရေး တရုတ်ကြိုးပမ်းမှု အောင်မြင်နိုင်မလား

RFA Burmese
2024.08.13
မြန်မာ့ငြိမ်းချမ်းရေး တရုတ်ကြိုးပမ်းမှု အောင်မြင်နိုင်မလား စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H.E. Mr. Chen Hai တို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Myanmar Military

တရုတ်-မြန်မာ နယ်စပ်ဒေသအပါအဝင် နိုင်ငံအနှံ့ တိုက်ပွဲတွေကို တရုတ်အစိုးရက မလိုလားဘဲ စေ့စပ်ဆွေးနွေးဖို့ကိုသာ တိုက်တွန်းနေပေမဲ့ တရုတ်နိုင်ငံရဲ့ တွေ့ဆုံဆွေးနွေးရေးကြိုးပမ်းမှု မအောင်မြင်နိုင်သေးဘူးလို့ မြန်မာ့အရေးနဲ့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မစ္စ မော်နင် (Ms. Mao Ning) က မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်နေတာကို တရုတ်အစိုးရက မလိုလားဘဲ ဆွေးနွေးဖြေရှင်းဖို့ကိုသာ တိုက်တွန်းနေပြီး ဒါကိုလည်း တက်တက်ကြွကြွ ဆက်လုပ်သွားမယ်လို့ ဩဂုတ်လ ၉ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးကို အပစ်အခတ်ရပ်စဲဖို့ တရုတ်အစိုးရက ဖျောင်းဖျနေပြီး မြန်မာတစ်နိုင်ငံလုံးနဲ့ မြောက်ပိုင်းဒေသ ပြန်လည်တည်ငြိမ်လာဖို့ မျှော်လင့်နေတယ်လို့လည်း မစ္စမော်နင်ကပြောပါတယ်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုဟာ လတ်တလောမှာ ဖြစ်မလာနိုင်သေးဘူးလို့ သုံးသပ်ပါတယ်။

“ဟို အခုလောလောဆယ်တော့ မလုပ်နိုင်ဘူးဗျ။ စစ်ကောင်စီက အခုချိန်ထိ ခေါင်းမာနေတုန်းပဲ။ သူတို့ထင်တာ သူတို့ဆက်ပြီးတော့ ခိုင်နိုင် အထူးသဖြင့် မင်းအောင်လှိုင်ပေါ့နော် ဆက်ပြီး ကိုင်နိုင်နေဦးမယ်လို့ထင်တယ်။ ဒါကြောင့်မို့လို့ ဒီစေ့စပ်ဆွေးနွေးပွဲက တော်တော်နဲ့ဖြစ်မှာမဟုတ်ပါဘူး။ အခုလောလောဆယ် အခြေအနေပေါ့။ အယ် စစ်ပွဲအတွင်းမှာ အခြေအနေပြောင်းလဲရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မှာပေါ့။ အခုအခြေအနေမှာတော့ သူ့ရဲ့ စေ့စပ်ဆွေးနွေးရေး အဖြေရှာရေးဆိုတာ မဖြစ်နိုင်သေးပါဘူး။ အခုလောလောဆယ်တော့”

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်ကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာ ဟိုင်ဂင် သဘောတူညီချက်နဲ့ တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို့ ဟိုင်ဂင် သဘောတူညီချက် ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တာပါ။

တိုက်ပွဲတွေအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို ကိုးကန့်တပ် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နယ်စပ်နဲ့ မိုင် ၁၂၀ ခန့်ဝေးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း MNDAA တပ်ဖွဲ့က သြဂုတ်လ ၃ ရက်နေ့မှာ သိမ်းပိုက်ထားနိုင်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှေ့တွင် တွေ့ရသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ဝင်များကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo : Kokang Info)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှေ့တွင် တွေ့ရသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ဝင်များကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo : Kokang Info)

ဒီအခြေအနေမှာ တရုတ်နိုင်ငံက တွေ့ဆုံဆွေးနွေးရေးဖြစ်လာအောင် လုပ်နိုင်မှာမဟုတ်ဘဲ တရုတ်ဩဇာခံ လက်နက်ကိုင်အဖွဲ့အစည်းတွေက မန္တလေးမြို့အထိ ရအောင်တိုက်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူ စစ်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

“မလုပ်နိုင်ဘူးဗျ။ မလုပ်နိုင်ဘူးဆိုတာက တစ်ချက်က ဒီဘက်မှာက အမျိုးသားရေးဆိုတဲ့ လူတွေရှိတယ်။ တရုတ်ကလာပြီးတော့ ကိုယ့်ကိုယ် ဗိုလ်ကျနေပြီ စော်ကားနေပြီလို့ ဗမာတွေအားလုံးနီးနီးပေါ့ ခံစားနေရတယ်။ အဲတော့ မြန်မာပြည်အေးချမ်းမှုကို မြင်ချင်တယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ဒီဘက်အစိုးရက စွမ်းဆောင်မှုကို လုပ်မပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ သူဟာ သူ့အကျိုးစီးပွားမထိခိုက်အောင် သူကာကွယ်တဲ့အနေနဲ့ သူဒါကို ကန့်သတ်ပေါ့နော် ကန့်သတ်ရည်မှန်းချက်ပေါ့ ကျွန်တော်ကတော့ အဲလိုမြင်တယ်။ မန္တလေးအထိကတော့ သူ့ဩဇာခံတွေရအောင် သူလုပ်သွားမှာပဲပေ့ါနော်”

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးလိုလားတဲ့ ပြည်ပနိုင်ငံတချို့ဟာ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့နေတယ်လို့ ဩဂုတ်လ ၅ ရက်နေ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အဲဒီလိုပြောပြီး ၃ ရက်အကြာ ဩဂုတ်လ ၈ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း နေပြည်တော်ကိုရောက်လာပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းတို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံစဥ်။ (Photo : Myanmar Military)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းတို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံစဥ်။ (Photo : Myanmar Military)

အဲဒီတွေ့ဆုံပွဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အွန်လိုင်းလောင်းကစား ပပျောက်ရေးနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အဖြေတစ်ခုရအောင် ကူညီဆောင်ရွက်ပေးခြင်းသည်သာ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်မှာဖြစ်တယ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အဖြေတစ်ခုရအောင် ကူညီနိုင်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အဖြေတစ်ခုရအောင် ကူညီဆောင်ရွက်ပေးခြင်းသည်သာ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်မှာဖြစ်တယ်။ မဟုတ်ရင် ဘယ်လိုပဲလုပ်လုပ် ဟိုဂင်သဘောတူညီချက်ပျက်သွားသလိုမျိုး ဒီအပစ်အခတ်ခဏ ရပ်ဆိုင်းရင် ရပ်ဆိုင်းမယ်။ ဒီအကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်နေပြီးတော့ အကြမ်းဖက်မှုတွေကျူးလွန်နေသမျှ မြန်မာနိုင်ငံက ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူးဆိုတာ နားလည်အောင်ကြည့်ဖို့လိုအပ်တယ်လို့ ပြောကြားချင်ပါတယ်”

အယ်လ်ဖာ ဘိလပ်မြေ အဆောက်အအုံများအား ၂၀၂၀ ခုနှစ် မေလအတွင်းက တွေ့ရစဥ်။ (Photo : Facebook/Alpha Cement)
အယ်လ်ဖာ ဘိလပ်မြေ အဆောက်အအုံများအား ၂၀၂၀ ခုနှစ် မေလအတွင်းက တွေ့ရစဥ်။ (Photo : Facebook/Alpha Cement)

ဒုတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတင်မကဘဲ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ မြေပြန့်တိုက်ပွဲတွေမှာတော့ တရုတ်နိုင်ငံရဲ့ စီမံကိန်းနှစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်း နီကယ်စက်ရုံနဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့အရှေ့ဘက်က အယ်လ်ဖာ ဘိလပ်မြေ (Alpha Cement) စက်ရုံတို့ကို NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင်လထဲမှာ သိမ်းယူနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စမော်နင်ကတော့ မြန်မာပြည်တွင်းက တရုတ်စီမံချက်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိပါးအောင်မလုပ်ဖို့ ဇူလိုင် ၂၅ ရက်နေ့မှာ တောင်းဆိုထားပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီတိုက်ခိုက်မှု တားဆီးပေးဖို့ မြောက်ပိုင်းမဟာမိတ်တွေ တရုတ်ကို တောင်းဆို

တရုတ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှု တိုက်ပွဲတွေအပေါ် သက်ရောက်နိုင်မလား

တရုတ်စီမံကိန်းနှစ်ခုကို ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထား


မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) က ဦးအောင်သူငြိမ်းကတော့ မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ဖြန်ဖြေမှုဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအပေါ်မူတည်နေတယ်လို့ သုံးသပ် ပါတယ်။

“အရင်ကာလတွေတုန်းက ကြည့်လိုက်ရင် ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ နောက်တစ်ခါ မြန်မာအစိုးရဘက်ကရောပေါ့နော်။ ဒါက ဒီတရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေမထိခိုက်အောင်၊ နောက်တစ်ခါ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားမထိခိုက်အောင် ကာကွယ်ပါမယ်ဆိုတာ ဒါနှစ်ဖက်လုံးက ကတိပြုထားတာ များတယ်လေနော်။ ဆိုတော့ အခုချိန်မှာ ဒါတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ဒီဆွေးနွေး၊ ဘာခေါ်မလဲ ကြားဝင်ဖြန်ဖြေမှုက ဘယ်အတိုင်းအတာအထိ ဆက်ဖြစ်မယ်ဆိုတာကတော့ ပြောရခက်တာပေါ့။ ဆက်တော့ လုပ်မယ် ယူဆပါတယ်”

တရုတ်အစိုးရဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ပြင်းထန်နေချိန် ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ မြန်မာ့နိုင်ငံရေးပါတီလေးခုတို့ကို ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။ (Photo : Ministry of Foreign Affairs Myanmar)
သမ္မတဟောင်း ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။ (Photo : Ministry of Foreign Affairs Myanmar)

အခုလည်း မြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်ဖို့ တရုတ်သံအမတ်သစ် မစ္စ မာကျားနဲ့ ကောင်စစ်ဝန်ချုပ်သစ် မစ္စ ကောင်းဖျင်တို့ကို မြန်မာနိုင်ငံကို စေလွှတ်ထားပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးတွက် လတ်တလော တရုတ်နိုင်ငံရဲ့ တွေ့ဆုံဆွေးနွေးရေးကြိုးပမ်းမှုတွေဟာ မအောင်မြင်နိုင်သေးဘဲ အပစ်အခတ်ရပ်စဲရေးဟာ တိုက်ပွဲရလဒ်ပေါ်မှာသာ မူတည်လိမ့်မယ်လို့ မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။