တနင်္သာရီတိုင်းက စစ်ဘေးဒုက္ခသည်တွေ အကူအညီတွေ လိုအပ်နေ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.05.26
တနင်္သာရီတိုင်းက စစ်ဘေးဒုက္ခသည်တွေ အကူအညီတွေ လိုအပ်နေ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသည့် ဒေသခံများကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးကော်မတီ

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တာ၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် လေးသောင်းကျော်ရှိတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

တနင်္သာရီတိုင်းမှာ မိုးရာသီရောက်ပြီဆိုရင် လမ်းတွေဟာ မိုးများတာကြောင့် သွားလာရခက်ခဲပြီး တစ်နေရာနဲ့တစ်နေရာ သွားလာဖို့ မလွယ်ကူပါဘူး။

မိုးရာသီရောက်ရင် စစ်ဘေးဒုက္ခသည်တွေဆီကို သွားရောက်ကူညီပေးဖို့ မလွယ်ဘူးလို့ ထားဝယ်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေအပါအဝင် ကျန်းမာရေးကိစ္စတွေပါ ကူညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မိုးရာသီဆိုရင် ပိုပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ မိုးများတဲ့ဒေသဖြစ်တယ်၊ တောတောင်တွေထဲမှာ ရှောင်နေရတဲ့သူတွေရှိတယ်။ အဲလိုမျိုးနေရာတွေမှာ ရှောင်နေရတဲ့သူတွေကို ထောက်ပံ့ပေးချင်ရင်တောင်မှ ထောက်ပံ့ပေးဖို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ရေကြီးရေလျှံတဲ့ အခက်အခဲတွေကြောင့် ကျွန်တော်တို့ အလွယ်တကူ သွားရောက်ကူညီပေးဖို့ဆိုတဲ့ဟာက ပိုပြီးတော့ အခက်အခဲဖြစ်တဲ့အနေအထားတွေ ရှိလာတာပေါ့”

မိုးရာသီမှာ ရာသီပေါ် ရောဂါတွေဖြစ်တဲ့ ငှက်ဖျား၊ တုပ်ကွေးနဲ့ ဝမ်းရောဂါတွေ ဒုက္ခသည်တွေမှာ အဖြစ်များတာကြောင့် ဆေးဝါးလိုအပ်ချက်တွေရှိတယ်လို့လည်း ကူညီပေးသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းတွေထိုးရင် ရုတ်တရက် ထွက်ပြေးရတဲ့ ဒေသခံတွေအတွက် အမိုးအကာတွေလည်း လိုအပ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီသူတွေကပြောပါတယ်။

“မိုးရာသီရောက်တဲ့အခါကျတော့ အမိုးအကာတွေ၊ ခြင်ထောင်တွေ၊ စောင်တွေ အဲတာတွေလည်းပဲ လိုအပ်တယ်၊ ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်မှုတချို့လုပ်ထားတယ်၊ မိုးရာသီမှာအဖြစ်များတဲ့ ငှက်ဖျားလိုမျိုး၊ ဖျားနာတာတွေအတွက် ဆေးဝါးလိုအပ်တယ်၊ ကျွန်တော်တို့လည်း ပြင်ဆင်ထားတယ်၊ ဒါပေမဲ့ လုံလောက်မှုတော့မရှိဘူးပေါ့၊ ဒါတွေအတွက်လည်း ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေပါတယ်”

တနင်္သာရီမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ နွေဦးမေတ္တာ စစ်ဘေးဒုက္ခသည် ကူညီပေးရေးအဖွဲ့က ကိုချာလီ ပြောသွားတာပါ။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ထဲမှာ ပုလောမြို့နယ်နဲ့ တနင်္သာရီ မြို့နယ်နှစ်ခုရှိပြီး အဲဒီအထဲက ပုလောမြို့နယ်မှာဆိုရင် ကျေးရွာတွေထဲ ပြန်နေမရတော့ဘဲ ဒုက္ခသည်စခန်းတွေမှာ နေရတာ၊ နီးစပ်ရာမှာ တဲထိုးနေရတာမျိုးတွေလည်း ရှိနေပါတယ်။

ပုလောမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လူ ၂၄၀၀ ကျော်ရှိပြီး သူတို့ဟာ နှစ်နဲ့ချီနေကြတဲ့သူတွေဖြစ်တာကြောင့် စားဝတ်နေရေးလိုအပ်ချက်တွေရှိတယ်လို့ ကူညီသူတွေက ပြောပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေက ဒေသခံနေအိမ်တွေကို မီးရှို့တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလောမြို့နယ် သင်္ကန်းတောရွာသူ ဒေါ်သန်းတင်ဟာ သူ့နေအိမ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလက မီးရှို့ခဲ့တာကြောင့် လယ်ကွင်းထဲမှာ တဲထိုးနေရပါတယ်။
မိုးရာသီရောက်ရင် ရေကအစ အခက်အခဲရှိတယ်လို့ ဒေါ်သန်းတင်က ပြောပါတယ်။

“တဲမှာသုံးစွဲတဲ့ရေတွေကို တောင်ခြေမှာရှိတဲ့ရေတွင်းမှာ သွားခပ်ရတယ်၊ ရေက မော်တော်ဆိုင်ကယ်နဲ့ သွားသယ်မှရတယ်၊ အဲနေရာက မိုးတွင်းကျသွားဖို့မလွယ်ဘူး၊ ဆိုင်ကယ်သွားလို့မရဘူးဆိုရင် ဒီမှာ တအားခက်ခဲတာပေါ့၊ အစားအသောက်လည်း အဲလိုပဲ တအားခက်ခဲတယ်”

သင်္ကန်းတောရွာမှာ အိမ်ခြေ ၁၇၀ ကျော်ရှိပြီး စစ်တပ်က ထိုးစစ်ဆင်တာ၊ မီးရှို့တာကြောင့် တစ်ရွာလုံးထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အိမ်ခြေတစ်ရာနီးပါးက နီးစပ်ရာ လယ်ကွင်းထဲမှာ တဲထိုးနေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့တာ မလုပ်ဘူးလို့ သတင်းမီဒီယာတွေကို ငြင်းဆိုလေ့ရှိပါတယ်။

347243050_1288065831917405_439535697356650049_n.jpg
တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က စားနပ်ရိက္ခာမျှဝေနေစဉ်။ (ဓာတ်ပုံ - နွေဦးမေတ္တာ)

တနင်္သာရီတိုင်းထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ပုလောမြို့နယ်က ဒုက္ခသည် အများဆုံးဖြစ်ပြီး ဒုက္ခသည်စခန်းတွေမှာနေထိုင်သူ ၂၆၀၀ ကျော်နဲ့ အရေးပေါ်ထွက်ပြေးနေရသူ တစ်သောင်းကျော်ရှိတယ်လို့ ဒေါနတနင်္သာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္သာရီ-ဘုတ်ပြင်းမြို့နယ်အစပ်က စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးကလည်း စစ်တပ်က ဆန်နဲ့ ရိက္ခာတွေ သယ်ခွင့်မပေးလို့ ခက်ခဲနေတဲ့အကြောင်း အခုလို ပြောပါတယ်။

“ခရီးသည်တင်ကားတွေမှာဆိုရင် သူတို့က ဆန်အတင်မခိုင်းဘူး၊ ဆန်ဖြတ်တာပေါ့၊ အစားအသောက် ဖြတ်တဲ့သဘောပေါ၊ ကျွန်တော်တို့ဆို ဆန်တင်ခိုင်းတယ်၊ သူတို့က မတင်ရဲဘူး၊ တအားစစ်ဆေးတယ် ဘာဖြစ်တယ် ညာဖြစ်တယ် တအားစစ်ဆေးတာတွေရှိတယ်လို့ ပြောတယ်”

ဒုတိယ စစ်ဘေးဒုက္ခသည်အများဆုံးမြို့နယ်ကတော့ လောင်းလုံးမြို့နယ်ဖြစ်ပြီး ဒုက္ခသည် တစ်သောင်းခန့်ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်နဲ့ ညောပြင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က နေအိမ် ၁၅၀ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းမှာရှိတဲ့ ဒုက္ခသည်တွေဟာ ကူညီကယ်ဆယ်ရေးသမားတွေက ထောက်ပံ့တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက အကူအညီပေးတာတွေ တစ်ချို့ရရှိပေမယ့် အခက်အခဲတွေ များစွာရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။